ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူး ကစားသမား ၃ ဦးရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်သွားခဲ့တဲ့ ဂရေမီဆောင်းနက်

အန်ဖီး ဂန္တ၀င် တစ်ဦး ဖြစ်သူ ဂရေမီဆောင်းနက်က လီဗာပူး ကွင်းလယ်ပိုင်းဟာ မနေ့ညက ချဲလ်ဆီးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဖရိုဖရဲ ဖြစ်နေခဲ့ပြီး ပြိုင်ဘက်ရဲ့ အသာစီး ကစားခြင်းကို ခံခဲ့ရတယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆာဒီယိုမာနေး ၊ မိုဟာမက်ဆာလား တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပထမပိုင်းပြီးခါနီးမှာ ကိုဗာချစ် နဲ့ ပူလီဆစ် တို့က ချဲလ်ဆီး အတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ်။

ဒီပွဲဟာ နှစ်ဘက်စလုံး အပြန်အလှန် ဖွင့်ကစားခဲ့တဲ့ ပွဲစဉ် ဖြစ်ခဲ့ပြီး နှစ်သင်းစလုံး အခွင့်အရေးကောင်းတွေ ဖန်တီး နိုင်ခဲ့ကာ ဂိုးသမားတွေ ဖြစ်ကြတဲ့ အက်ဒူရာမန်ဒီ နဲ့ ကယ်လီဟာ တို့ကလည်း လက်စွမ်းကောင်းတွေ ပြသခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လီဗာပူး ဂန္တ၀င် ကစားသမား ဖြစ်သူ ဂရေမီဆောင်းနက် ကတော့ လီဗာပူး တို့ ဒီပွဲမှာ ပြိုင်ဘက်ကို အခွင့်အရေး များစွာ ပေးခဲ့ရပြီး အနိုင်ရလဒ်ကို မထိန်းသိမ်း နိုင်ခဲ့ခြင်းဟာ ကွင်းလယ် ကစားသမား ၃ ဦး ဖြစ်တဲ့ ဂျိမ်းမီနာ ၊ ဂျော်ဒန်ဟန်ဒါဆန် နဲ့ ဖာဘင်ညို တို့ ကွင်းလယ်ရဲ့ စွမ်းဆောင်ရည်ကြောင့် ဖြစ်တယ်လို့ သုံးသပ် သွားခဲ့ ပါတယ်။

ဆောင်းနက်က “ချဲလ်ဆီးဟာ ဒီနေ့မှာ ကွင်းလယ်ပိုင်းကို အသာစီး ကစားသွား ခဲ့ပါတယ်။ လီဗာပူးတို့ အတိတ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့တဲ့ အကြောင်းရင်းက သူတို့ဟာ ရှေ့တန်း အလယ်တန်း နောက်တန်း အချိတ်ဆက်မိမိ နဲ့ ပြိုင်ဘက်ကို ဖိအားပေး ကစားနိုင်လို့ ဖြစ်ပါတယ်။ လီဗာပူးရဲ့ ကွင်းလယ်ဟာ ပြိုင်ဘက်ကို ဖိအားတွေ ပေးနိုင်မှသာ ဒီစနစ်ဟာ အလုပ် ဖြစ်နိုင်ပါတယ်။

ချဲလ်ဆီး နဲ့ ပွဲစဉ်မှာတော့ လီဗာပူး ကွင်းလယ်ဟာ ပြိုင်ဘက် ကွင်းလယ်ကို အသာစီး မကစားနိုင်ခဲ့သလို ဘောလုံး ကိုင်ကစားမှုတွေလည်း မကောင်း ဖြစ်နေခဲ့ပြီး ဒီလို အချိန်မှာ သူတို့ အနေနဲ့ high line ကို မကစားသင့် ပါဘူး။ ကျွန်တော် ကစားခဲ့တဲ့ လီဗာပူး အသင်းတွေ မှာလည်း ဒီလို high line ကစားတဲ့ အတွက် ပြိုင်ဘက်ကို ဂိုးပေးရနိုင်တယ် ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ ဒါပေမယ့် ဒီနည်းနဲ့ ကစားတဲ့ အတွက် ရာသီတစ်ခုလုံး ကိုယ်ရနိုင်တဲ့ အားသာချက်က ရှုံးပွဲထက် နိုင်ပွဲများများ ရရှိတာပါပဲ။

ဒီနေ့ လီဗာပူး ကွင်းလယ်မှာ ၀င်ကစား သွားခဲ့တဲ့ ဖာဘင်ညို ဟန်ဒါဆန် နဲ့ မီနာ တို့ဟာ ဒီနေ့မှာ ပြိုင်ဘက် ကွင်းလယ်ကို ယှဉ်ကစား နိုင်ခဲ့ကြပါဘူး။ သူတို့ဟာ ချဲလ်ဆီး ကွင်းလယ်ရဲ့ အသာစီး ကစားကာ ဗိုလ်ကျမှုကို ခံခဲ့ရပါတယ်။ ဘောလုံး ပိုင်ဆိုင်မှု အချက်အလက်ကို ကြည့်ရင် ဒါကို သိနိုင်ပါတယ်။ ချဲလ်ဆီးဟာ လီဗာပူးထက် pass တွေ အများကြီး ပိုလုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၃ နှစ် ၄ နှစ်က ပြိုင်ဘက်တွေကို အသာစီး ချုပ်ကစားခဲ့တဲ့ ကျွန်တော်တို့ မြင်တွေ့ခဲ့ဖူးတဲ့ လီဗာပူး မဟုတ်ပါဘူး။

လီဗာပူးအနေနဲ့ ကွင်းလယ်ပိုင်းမှာ ဘောလုံးကို ကျွမ်းကျင်စွာ ကိုင်ကစားနိုင်တဲ့ ကွင်းလယ်ဗိုလ်ချုပ် တစ်ဦး လိုအပ်ပါတယ်။ တီယာဂိုဟာ ဒီနေ့ ၀င်ကစားခဲ့တဲ့ ကွင်းလယ်လူတွေထက် ဘောလုံးစွမ်းရည် ပိုကောင်းတဲ့ သူပါ။ ဒါပေမယ့်လည်း သူ့ကို ကစားခိုင်းခြင်း အားဖြင့် pressing တွေ ၊ ဘောလုံး လုယူမှုပိုင်းတွေ မှာတော့ ဆုံးရှုံးမှုတွေ ရှိမှာပါ။

လီဗာပူး ကွင်းလယ်ဟာ ဒီနေ့မှာတော့ တကယ့်ကို ဖရိုဖရဲ ဖြစ်နေ ခဲ့ပြီး ချဲလ်ဆီး အသင်းကို ကောင်းစွာ ထိန်းချုပ် မကစားနိုင် ခဲ့ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM