ကွန်တီကို ခြင်္သေ့ပြာတို့ အိပ်မက်ဆိုးတွေ ပေးလိုက်တဲ့ ချဲလ်ဆီး ၂ – ၀ တော့တင်ဟမ် ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် အဆင့် ပထမ အကျော့ပွဲမှာ ချဲလ်ဆီး အသင်း ဟာ တော့တင်ဟမ် အသင်းကို ပထမပိုင်းက သွင်းဂိုးနဲ့ အတူ အနိုင်ရခဲ့ကာ ၊ ဗိုလ်လုပွဲသို့ ခြေတလှမ်း ကြိုလှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ အရီဇာဘာလာဂါ ( Rating – 7 )

ဒုတိယပိုင်း က ဟယ်ရီကိန်းရဲ့ တိုက်ရိုက် ဖရီးကစ် ကန်ချက်ကို ကာကွယ်ခဲ့ရတာကလွဲရင် ၊ မန်ဒီ နေရာ အစားဝင်ခဲ့တဲ့ ကီပါ အတွက် မနေ့ည က ပွဲဟာ အလုပ်မရှုပ်ခဲ့သလောက် ဖြစ်ပါတယ် ။

နောက်တန်း – ဆီဆာ အက်ဇ်ပီလီကွီတာ ၊ အန်တိုနီယို ရူဒီဂါ ၊ မာလန်းဆား ၊ မားကို့စ် အလွန်ဆို ( Rating – 7 )

သောမတ်စ် တူချယ် ဟာ မနေ့ညက ပွဲမှာ မလွှဲသာလို့သာ ၊ ၄ယောက်တန်း ခံစစ်ကို ဒီရာသီ ပထမဆုံး အကြိမ် အပြောင်းအလဲ လုပ်ခဲ့ရပေမယ့် ၊ ဘာမှ လောက်လောက်လားလား ဖိအား မပေးနိုင်ခဲ့တဲ့ တော့တင်ဟမ်ကြောင့် ချဲလ်ဆီး ဟာ ခံစစ်ပိုင်း သက်တောင့်သက်သာ ရှိခဲ့ပါတယ် ။

ပထမပိုင်းမှာ ဘယ်ခြမ်း ခံစစ်က ပိုကောင်းခဲ့ပြီး ၊ ဒုတိယပိုင်းမှာ ညာခြမ်း ခံစစ်က ပိုကောင်းခဲ့ပါတယ် ။ overlap အတက်အဆင်း ဆော့ရတဲ့ ၄ယောက်တန်း ခံစစ် ကစားကွက်နဲ့ မဆော့ရတာ ကြာပြီ ဖြစ်တဲ့ အက်ဇ်ပီလီကွီတာရော ၊ အလွန်ဆိုပါ အသင့်အတင့် ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။

အလွန်ဆို ကတော့ အသင်း အတွက် အရေးပါတဲ့ အဖွင့်ဂိုးကို မျှောပေး ဖန်တီးနိုင်ခဲ့ပါတယ် ။ ဗဟို ခံစစ် အတွဲဖြစ်တဲ့ ရူဒီဂါ – ဆား ဟာလည်း ဟယ်ရီကိန်းကို ပွဲချိန်ပြည့် ထိန်းချုပ်နိုင်ခဲ့ပြီး ၊ ဆွန်ဟောင်မင် ၊ လူးကပ်စ် မော်ရာတို့ကိုလည်း အပိုင် ကန်သွင်းခွင့် လုံးဝ ခွင့်ပြုခဲ့ရခြင်း မရှိပါဘူး ။

ဒီရာသီ ကာရာဘောင် ဖလားပွဲ အများစုကိုသာ ပါဝင် ဆင်နွှဲခွင့် ရထားတဲ့ မာလန်းဆား ဟာ မနေ့ညက ပွဲမှာ ကိန်းကို တံတောင်နဲ့ ရိုက်ခဲ့တဲ့ တကြိမ် ၊ အီမာဆင် ရွိုင်ရယ်ကို မလိုအပ်ပဲ လျှောထိုးဖြတ်ထုတ်ခဲ့တဲ့ တကြိမ်က လွဲရင် အမှားအယွင်း နည်းပါးခဲ့တာကို တွေ့ရပါတယ် ။

ကွင်းလယ် – ဆာအူးလ် နီဂွက်ဇ် ( Rating – 8 ) ၊ ဂျော်ဂျင်ဟို ၊ မေဆင်မောင့် ( Rating – 7 )

ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ လပိုင်းလောက် အချိန်ယူခဲ့ရတဲ့ ဆာအူးလ် ဟာ မနေ့ညက ပွဲမှာတော့ ချဲလ်ဆီး ကစားသမား ဘဝ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်လို့ ပြောရင် လွန်မယ် မထင်ပါဘူး ။ ပထမပိုင်း အတွင်း လှပ သေသပ်တဲ့ ဖြတ်ထုတ်မှု ၂ကြိမ်က ချီးမွမ်းစရာကောင်းခဲ့သလို ၊ passing တွေမှာ အမှားအယွင်း ကင်းခဲ့ပြီး ၊ မာမာထန်ထန် တုန့်ပြန် ကစားနိုင်ခဲ့ပါတယ် ။

အလားတူ ပွဲထိန်းတဲ့ နေရာမှာ ဆရာတဆူ ဖြစ်တဲ့ ဂျော်ဂျင်ဟို ဟာ ၀ – ၂ ဖြစ်သွားတဲ့ အချိန် ကွင်းလယ် တိုက်ပွဲမှာ သိသိသာသာ လွှမ်းမိုးမှု ပေးနိုင်ခဲ့ပြီး ၊ တော့တင်ဟမ် ကွင်းလယ်ကို တဦးတည်းနဲ့ အေးအေးဆေးဆေး ယှဉ်နိုင်ခဲ့ပါတယ် ။

မေဆင်မောင့် ကတော့ ထုံးစံအတိုင်း work rate ကောင်းကောင်းနဲ့ ကစားပြနိုင်ခဲ့ပြီး ၊ တော့တင်ဟမ် ကွင်းလယ် အတွဲ ဖြစ်တဲ့ စကစ် – ဟွိုင်းဘာ့ဂ် ကို အချိန်ပြည့် ဒုက္ခပေးနိုင်ခဲ့ကာ ၊ တိုက်စစ် က အသင်းဖော်တွေနဲ့လည်း အထူး အချိတ်အဆက် မိမိ ကစားနိုင်ခဲ့ပါတယ် ။

တိုက်စစ် – ဟာကင် ဇီယက်ခ်ျ ( Rating – 8 ) ၊ ရိုမီလူ လူကာကူ ၊ ကိုင်ဟာဗက်ဇ် ( Rating – 7 )

ဒုတိယ ဦးဆောင်ဂိုး ဟာ AFCON သွားခွင့် မရခဲ့တဲ့ ဇီယက်ခ်ျရဲ့ အလွတ် တည်ကန်ဘော ကနေ တဆင့် ရခဲ့တာ ဖြစ်သလို ၊ ပထမပိုင်း အတွင်း က ၄င်းရဲ့ ဖန်တီးမှု အချို့ကို လူကာကူ အဆုံးသတ်နိုင်ဖို့ ကောင်းခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ half chance ၂ကြိမ်လောက် ရခဲ့ပေမယ့် ဖြုန်းတီးပစ်ခဲ့ပါတယ် ။ ခံစစ်ပိုင်း အရတော့ အက်ဇ်ပီလီကွီတာကို အထူး ကူညီပေးနိုင်ခဲ့ပါတယ် ။

အင်တာဗျူးကြောင့် ဝေဖန်ခံခဲ့ရတဲ့ လူကာကူ အတွက် ဒီပွဲဟာ ဖိအား အချို့နဲ့ ကစားခဲ့ရတယ် ဆိုပေမယ့် ၊ တပွဲလုံး ပျမ်းမျှ ခြေစွမ်းကို ကြည့်ရင် တာဝန်ကျေသလောက် ဖြစ်ခဲ့ပါတယ် ။ ဇီယက်ခ်ျရဲ့ ဖြတ်တင်ဘောက တဆင့် ရခဲ့တဲ့ အလွတ် ခေါင်းတိုက်ခွင့်မှာ အဆုံးသတ်နိုင်ဖို့ ကောင်းခဲ့ပေမယ့် ၊ ပွဲချိန်ပြည့် မခိုမကပ် ကစားသွားခဲ့တာကို တွေ့ရပါတယ် ။

ဂိုးပေါက် ပျောက်နေတာ အတော်ကြာပြီ ဖြစ်တဲ့ ဟာဗက်ဇ် ကတော့ မနေ့ကပွဲရဲ့ အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ၊ တော့တင်ဟမ် ခံစစ် အမှားကနေ နောက်တဂိုး ရဖို့လည်း နီးစပ်ခဲ့ပါသေးတယ် ။ ကံဆိုးခဲ့တာက ဂိုးသွင်းပြီးပြီးချင်း အကျမတော်ပဲ လက်သန်း ကျိုးသွားခဲ့တာ က ဟာဗက်ဇ် အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – တီမို ဗာနာ ( Rating – 7 ) ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ မတ်တီယို ကိုဗာဆစ် ၊ ခရစ်တီယန် ပူလီဆစ် ( Rating – 6 ) ၊ ဟာဗီဗေးလ် ( N/A )

SPORTS MYANMAR