ကော်တင်ဟို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အက်စ်တွန် ဗီလာ

အက်စ်တွန် ဗီလာ နည်းပြ ဂျရတ် ဟာ လီဗာပူး မှာ သူနဲ့ အတူ တွဲဖက် ကစားခဲ့ဖူးတဲ့ ဘရာဇီး ကွင်းလယ် ကစားသမား ကော်တင်ဟို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဒီမနက် သတင်းတွေ အားလုံးမှာ တညီတညွတ်ထဲ ဖော်ပြနေကြပါတယ်။

Sky Sports ကတော့ ကော်တင်ဟို ကို ခေါ်ယူဖို့ ချဉ်းကပ်နေတဲ့ အသင်းတွေ ထဲမှာ ဗီလာ အပါအဝင် အခြား ပရီးမီးယားလိဂ် 5 သင်း အထိ ရှိနေတယ်လို့ ဆိုထားပြီး ၊ နာမည်ကြီး အေးဂျင့် ဖြစ်တဲ့ ဖာဘရီဇီယို က ဗီလာ နဲ့ အခြား ပရီးမီးယားလိဂ် 3 သင်း က ချိတ်ဆက်နေတယ်လို့ ပြောပြသွားပါတယ်။

ဘာစီလိုနာ ဟာ သူတို့ရဲ့ လစာ ပေးချေမှု နှုန်းထားကို လျှော့ချနိုင်ဖို့ အတွက် ကော်တင်ဟို ကို လမ်းခွဲနိုင်ဖို့ မျှော်လင့်နေတာပါ။ ဒါမှလဲ အသစ် ခေါ်ယူထားတဲ့ ဖာရန် တောရက် ကို မှတ်ပုံတင်နိုင်ဖို့ လမ်းကြောင်းပွင့်လာမှာ ဖြစ်ပါတယ်။

ကော်တင်ဟို နဲ့ ဘာစီလိုနာ တို့ အကြား ချုပ်ဆိုထားတဲ့ စာချုပ် က 2023 ခုနှစ် အထိ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီအနေအထားမှာ ဘာစီလိုနာ ဘက်က ဘယ်လို ပုံစံမျိုး နဲ့ ထွက်ခွာခွင့် ပေးမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ကလပ် အသင်း အများစုကတော့ ကစားသမား ရဲ့ ခြေစွမ်းကို စိတ်ဝင်စားနေသည့်တိုင်အောင် ပေးချေရမယ့် လစာပမာဏ က များလွန်းနေတဲ့ အတွက် စဉ်းစားချင့်ချိန်လျှက် ရှိနေပါတယ်။

ကော်တင်ဟို ဟာ 2018 ခုနှစ် က ပြောင်းရွှေ့ကြေး ပေါင် 146 သန်း နဲ့ ဘာစီလိုနာ ကို ရောက်ရှိလာခဲ့ပေမယ့် ၊ မျှော်လင့်ထားသလို ခြေစွမ်းပြနိုင်ခြင်း မရှိပဲ ၊ စုစုပေါင်း 105 ပွဲသာ ပါဝင် ကစားခွင့်ရခဲ့ပြီး 28 ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။

Sky Sports သတင်းထောက် Keveh Solhekol ကတော့ ကော်တင်ဟို ရဲ့ အပြောင်းအရွှေ့ သတင်းတွေ နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက် ပေးထားပါတယ်။

“ ကော်တင်ဟို ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် 6 သင်း အပြင် ၊ အခြား ဥရောပ ကလပ် တစ်ချို့ကလဲ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ အင်္ဂလန် ကိုပဲ ပြန်လာချင်နေတာပါ။

ကျနော် သိသလောက် ပြောရရင် လက်ရှိ အချိန်ထိ ဘယ်ကလပ်မှ နီးနီးစပ်စပ် မဟုတ်သေးပါဘူး။ အဲဒီတော့ သူကိုယ်တိုင်လဲ သူ့ရဲ့ အနာဂတ် ဟာ ဘယ်ဆီကို ဦးတည်နေတယ် ဆိုတာ မှန်းဆတတ်ဦးမှာ မဟုတ်ပါဘူး။ သေချာတာ က သူ့မှာ ရွေးချယ်စရာတွေ အများကြီး ရှိနေပါပြီ။ သူ့ရဲ့ အေးဂျင့် အဖွဲ့ကလဲ အသင်းတိုင်းနဲ့ လက်ခံ စကားပြောပေးလျှက် ရှိနေပါတယ်” လို့ ပြောပြသွားခဲ့ ပါတယ်။

ဘာစီလိုနာ ပရိသတ်တွေ ကတော့ အသင်းမှာ လစာ အများဆုံး ဖြစ်နေတဲ့ ကော်တင်ဟို ကို လမ်းခွဲဖို့ လမ်းကြောင်းတွေ ပွင့်လင်းလာတဲ့ အပေါ် များစွာ ကြိုဆိုလျှက် ရှိနေပါတယ်။

Goal ရဲ့ ဖော်ပြမှုမှာတော့ ဗီလာ ဟာ ကော်တင်ဟို ကို ရာသီအကုန်ထိ အငှားပုံစံမျိုး နဲ့သာ ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

အီတလီ သတင်းထောက်ကြီး ဖာဘရီဇီယို ရိုမာနို ကလဲ ဗီလာ ဟာ ကော်တင်ဟို ရဲ့ အေးဂျင့်တွေဆီ တိုက်ရိုတ် ဆက်သွယ်ထားပြီပြီလို့ အတည်ပြုလိုက်ပြီး ၊ မည်သည့် သဘောတူညီမှု တစ်စုံတစ်ရာမှတော့ ရယူနိုင်ခြင်း မရှိသေးဘူးလို့ ပြောပြသွားခဲ့ ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေထဲမှာတော့ အဲဗာတန် ၊ နယူးကာဆယ်တို့ ကလဲ ကော်တင်ဟို ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အရိပ်အယောင်တွေ ပြသထားကြပါတယ်။

SM