ကိုဗစ် ကူးစက်ခံရမှု ၊ ပွဲပယ် နဲ့ ဒဏ်ရာပြသနာတွေကြောင့် ချဲဆီး ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ ရင်ဆိုင် ကစားရဖွယ် ရှိနေတဲ့ လီဗာပူး

ချဲဆီး နဲ့ လီဗာပူး တို့ထိပ်တိုက်တွေ့နေတဲ့ ပွဲဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ တိုက်ပွဲလမ်းကြောင်းပေါ်မှာ ဘယ်သူက ဆက်ရှိနေမလဲ ဆိုတာ အဆုံးအဖြတ် ပေးမယ့်ပွဲစဉ်မျိုး ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ ချဲဆီး ကလဲ ဒဏ်ရာပြသနာတွေ နဲ့ ဆက်တိုက် ရင်ဆိုင်နေရသလို ၊ လီဗာပူး ကလဲ ချဲဆီး နဲ့ ထူးမခြားနားတဲ့ ပြသနာတွေ နဲ့ ရင်ဆိုင်နေရပြန်တာကြောင့် နှစ်သင်းစလုံး လူစုံ တက်စုံ နဲ့ ခွန်အားပြည့် ယှဉ်ပြိုင်ကစားပေးနိုင်ဖွယ် မရှိပါဘူး။

လီဗာပူး အသင်းမှာတော့ နောက်ထပ် ကစားသမား 3 ယောက် ကိုဗစ် ပိုး ကူးစက်ခံလိုက်ရကြောင်း နည်းပြ ကလော့ပ် က ဒီညနေမှာ အတည်ပြုသွားခဲ့ပါတယ်။

“ ကျနော့် တို့ အသင်းမှာ ကစားသမားတွေ ထဲက 3 ယောက် နဲ့ နည်းပြ အဖွဲ့ဝင်တွေထဲက တချို့ ကိုဗစ် ကူးစက်ခံထားရပါတယ်။ ဆိုတော့ သတင်းက သိပ်တော့ မကောင်းဘူးပေါ့ဗျာ။

လောလောဆယ် ဘယ်သူတွေ ကူးစက်ခံလိုက်ရတယ် ဆိုတာ ထုတ်ပြီး မပြောချင်သေးပါဘူး ဘာလို့လဲ ဆိုတော့ တခြား လုပ်ဆောင်စရာ ဆက်ပြီး လုပ်နေကြဆဲမို့လိုပါ။ ဒါပေမယ့် ချဲဆီး နဲ့ မကစားခင် ပွဲထွက် ကစားသမား စာရင်း ထုတ်ပြန် ကြေငြာလိုက်တဲ့ အချိန်မှာ ဘယ်သူတွေလဲ ဆိုတာ အားလုံး သိကြရမှာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

မနေ့က ပြုလုပ်သွားခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ ထဲမှာတော့ ဒဏ်ရာ ပြသနာ မရှိပဲ နဲ့ ပါဝင်လာနိုင်ခြင်း မရှိခဲ့တဲ့ ကစားမားတွေ ဟာ ဖာမီနို နဲ့ အလီဆွန် တို့ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ နှစ်ယောက်များ ကူးစက်ခံထားရတာလား ဆိုပြီး ခန့်မှန်းမှုတွေ ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ ကိုဗစ် ကူးစက်ခံရပြီးနောက် လေ့ကျင့်ခန်းတွေ ပြန်ဆင်းနိုင်ခဲ့တဲ့ တီယာဂို ဟာ ကြံကြံဖန်ဖန် ပေါင် ဒဏ်ရာ ရရှိနေတဲ့ အကြောင်းကို ကလေ့ာပ် က အသိပေးသွားတဲ့ အပြင် ၊ တိုက်စစ်မှုး မီနာမီနို ပါ ကစားပေးနိုင်ဦးမှာ မဟုတ်သေးကြောင်း အခုလို ပြောဆိုသွားခဲ့ ပါတယ်။

“ တာကီ ကတော့ တော်တော်လေးကို နီးစပ်နေပါပြီ။ ဒီနေ့ အပြေးလေ့ကျင့်ခန်းတွေ စလုပ်နေပါတယ်။ တီယာဂို က မလုပ်နိုင်သေးပါဘူး။ ဒီ အဓိပ္ပါယ် က သူဟာ နောက်ထပ် အချိန်အနည်းငယ် နားရဦးမှာပါ။ ဘယ်လိုလုပ်ပြီး သူဟာ ပေါင် ဒဏ်ရာရသွားမှန်း ကျနော်တို့လဲ မပြောတတ်ပါဘူူး။ စိတ်ရှည်ရှည်ထားပြီးတော့ စောင့်ကြည့်သွားရပါဦးမယ်” လို့ အသိပေးသွားခဲ့ ပါတယ်။

အိုရီဂီ ၊ ဟာဗေး အယ်လီယော့ နဲ့ ဖီးလစ် တို့ကလဲ အခုထိ အသင်းနဲ့ အတူ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိသေးပြန်ပါဘူး။

တစ်ချိန်တည်းမှာပဲ နောက်ခံလူ ရော်ဘတ်ဆန် ကလဲ ပွဲပယ် ပြစ်ဒဏ်ကြောင့် ချဲဆီး ပွဲကို လွဲချော်ဦးမှာ ဖြစ်လို့ လီဗာပူး ဟာ အဝေးကွင်းမှာ လူမစုံ ပဲ နဲ့ ရင်ဆိုင် ကစားရဖို့ ရာခိုင်နှုန်း များနေပါတယ်။

ကလော့ပ် ကတော့ လောလောဆယ် အထိ ပွဲကို ဖျက်သိမ်းရလောက်တဲ့ အခြေအနေမျိုး မရောက်သေးဘူးလု့ိ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM