ကစားသမား ၃ ဦး တိုးတက်စေဖို့ အတွက် နွေရာသီမှာ ရော်နယ်ဒိုကို ရောင်းထုတ်သွားရန် တိုက်တွန်းလိုက်တဲ့ အဘွန်လာဟော

အက်စတွန်ဗီလာ တိုက်စစ်မှုးဟောင်း ဖြစ်သူ ဂါဘီအဘွန်လာဟောက မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ လာမည့် နွေရာသီမှာ ခရစ်စတီယာနိုရော်နယ်ဒိုကို ရောင်းထုတ်ကာ လူငယ်ကြယ်ပွင့်တွေကို အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခွင့် ပြုသင့်တယ်လို့ ဆိုလိုက် ပါတယ်။ ပေါ်တူဂီစတားဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၄ ဂိုးထိ သွင်းယူ ပေးထားခဲ့ပေမယ့်လည်း အသင်းရဲ့ ကစားပုံကတော့ ပြီးခဲ့တဲ့ ရာသီကနဲ့ နှိုင်းယှဉ်လိုက်မယ် ဆိုရင် ဟန်ချက်မညီ ဖြစ်နေတာကို မြင်နေရပါတယ်။

ရော်နယ်ဒိုဟာ အသက် ၃၆ နှစ် အရွယ် ရှိနေပြီ ဖြစ်တာကြောင့် နည်းပြ ရပ်ဖ်ရန်းနစ် လိုချင်တဲ့ high pressing ကစားပုံ နဲ့ ကိုက်ညီမှု မရှိတဲ့အပြင် သူ လိုချင်တဲ့ အတိုင်း ဖြစ်မလာတဲ့ အခါတွေမှာ ၎င်းရဲ့ attitude ဟာ လူတွေရဲ့ ဝေဖန်စရာ ဖြစ်နေခဲ့ပါတယ်။ ရော်နယ်ဒို နဲ့ ကာဗာနီ တို့ဟာ ယခုတစ်ပတ် အစောပိုင်းက ဝုဖ်ကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက် တိုက်စစ်ကို ဦးဆောင်ကစား ခဲ့ပေမယ့် ဂိုးသွင်းခွင့်တော့ မယ်မယ်ရရ မရခဲ့ကြပါဘူး။

အဘွန်လာဟောက လက်ရှိ ရန်းနစ် အသုံးပြုနေတဲ့ System ဟာ အလုပ် မဖြစ်တဲ့ အပြင် တိုက်စစ်ပိုင်းမှာ မေဆင်ဂရင်းဝုဒ် ၊ မားကပ်ရပ်ဖို့ဒ် နဲ့ ဂျေဒွန်ဆန်ချို တို့ကို ကစားစေတာကသာ ပိုမို အလုပ် ဖြစ်လိမ့်မယ်လို့ ဆိုလိုက် ပါတယ်။

အဘွန်လာဟောက “ရော်နယ်ဒိုဟာ ယူနိုက်တက် ရဲ့ တိုက်စစ်ပိုင်းမှာ သူ့ရဲ့ စွမ်းအင်တွေကို ခြွေကစားနေရတဲ့ ပုံစံမျိုး ပါပဲ။ ဒါကို သူ ကစားတဲ့ အခါတိုင်းမှာ တွေ့နေရပါတယ်။ ရော်နယ်ဒို နဲ့ ကာဗာနီ တို့ရဲ့ တိုက်စစ် အတွဲဟာ ပွဲတိုင်းမှာ အလုပ် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီကစားသမား ၂ ဦး ထဲက တစ်ဦးက ကွင်းလယ်ကို ဆင်းကာ ဘောလုံးကို ရယူ သွားရမှာ ဖြစ်လို့ပါ။ ဒီနေရာမှာ သူတို့ ဖာနန်ဒက်စ်ကို လိုအပ် ခဲ့ပါတယ်။

ရော်နယ်ဒို ရောက်လာခဲ့ပြီးနောက် ဖာနန်ဒက်စ် ဘယ်လို ဖြစ်သွားခဲ့သလဲ ဆိုတာကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ တကယ့်ကို ခြားနား သွားခဲ့ပါတယ်။ ရော်နယ်ဒို မရောက်လာခင်တုန်းက ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားပါ။ အခုချိန်မှာတော့ ရော်နယ်ဒိုက အဓိက ဖြစ်နေပါတယ်။ ရော်နယ်ဒိုဟာ ဝုဖ်နဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင် အဖြစ် တာ၀န်ယူခဲ့ပါတယ်။ ရော်နယ်ဒို မရောက်ခင်က မက်ဂွိုင်းယား မကစားနိုင်တဲ့ အချိန်မှာ ဖာနန်ဒက်စ်က အသင်းခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။

အ၀တ်လဲခန်းထဲမှာ တင်းမာမှုတော့ ရှိနေနိုင်ပါတယ်။ အကယ်၍ ခင်ဗျားတို့ အခြေအနေ တစ်ခုလုံးကို အကဲဖြတ်လိုက်မယ် ဆိုရင် အိုလီဂန်နာဆိုးရှား ကိုယ်တိုင်တောင် ရော်နယ်ဒိုကို ခေါ်ယူလိုက်ခြင်းဟာ အမှားတစ်ခု ပြုလုပ်ခဲ့တယ် ဆိုတာကို သိနေလောက်ပါတယ်။ ဒါဟာ ရိုးရှင်းပါတယ်။

အမှန်ပါပဲ။ ရော်နယ်ဒိုဟာ ဂိုးတွေ အများကြီး သွင်းပေးထားခဲ့ ပါတယ်။ ဒါပေမယ့် သူ မရှိလည်း မေဆင်ဂရင်းဝုဒ်က ဂိုးသွင်းယူနိုင်မှာ ဖြစ်သလို မားကပ်ရပ်ဖို့ဒ် ကလည်း ဒီနေရာကနေ ဂိုးသွင်းယူနိုင်မှာပါ။ ကျွန်တော်သာ ဆိုရင်တော့ လာမည့် နွေရာသီမှာ ရော်နယ်ဒိုကို ထွက်ခွာခွင့် ပြုသွားမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဂရင်းဝုဒ် ၊ ဆန်ချို နဲ့ ရပ်ဖို့ဒ် တို့ကို အတူ တွဲဖက် ကစားစေမှာပါ။” လို့ ပြောသွားပါတယ်။

SM