UEFA ရဲ့ အစီအစဉ်ကို “တက်မလာနဲ့ တောက်ချပစ်လိုက်မယ်” ဆိုတဲ့ FIFA

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ ဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA နဲ့ တောင် အမေရိက ဘောလုံး အဖွဲ့ချုပ် CONMEBOL တို့ရဲ့ ပူးပေါင်း လုပ်ဆောင်မယ့် နေးရှင်းလိဂ် အဆို တင်သွင်းမှု ကို ပယ်ချဖို့ ပြင်ဆင် ထားပါပြီ ။

ဥရောပ ဘောလုံး အဖွဲ့ချုပ် က ကျင်းပနေတဲ့ နေးရှင်းလိဂ် ပြိုင်ပွဲ ကို ၂၀၂၄ ခုနှစ် က စတင်ပြီး တောင်အမေရိက ဘောလုံး အဖွဲ့ချုပ် အောက်က ၁၀ နိုင်ငံ ဟာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စတင် ဆွေးနွေး နေပြီဆိုတဲ့ သတင်း တခုဟာ ပြီးခဲ့တဲ့ သောကြာနေ့ လောက်က ထွက်ပေါ် လာခဲ့ ပါတယ် ။

ကမ္ဘာ့တိုက်ကြီးတွေ အထဲမှာ မြောက်အမေရိက နဲ့ ဥရောပ ဒေသတို့ဟာ ခြေစမ်းပွဲတွေ နေရာမှာ နေးရှင်းလိဂ် ကို အစားထိုး ကျင်းပ နေကြပြီး ဥရောပ ဆိုရင် ဒုတိယ အကြိမ် အထိ ပြီးစီး ထားခဲ့ပါပြီ ။

တကယ်လို့ ဒီအစီအစဉ်သာ အကောင်အထည် ပေါ်လာခဲ့မယ် ဆိုရင်တော့ တောင်အမေရိက ရဲ့ အင်အားကြီး ဘရာဇီး ၊ အာဂျင်တီးနား ၊ ယူရဂွိုင်း တို့ဟာ ဥရောပ က ထိပ်သီး အသင်းတွေနဲ့ နှစ်တိုင်းလိုလို ရင်ဆိုင် ကစားရတော့မှာပါ ။

ဒါပေမယ့် ဖီဖာ ကတော့ ဒီ အစီအစဉ် ကို လုံး၀ သဘောမတူဘဲ သူတို့ဆီ တင်ပြ လာပါက ကန့်ကွက်ဖို့ စိတ်ပိုင်း ဖြတ်ထားပြီး ဖြစ်တယ်လို့ မနေ့ညက သတင်း ထွက်လာခဲ့ ပါတယ် ။

ဖီဖာ ကတော့ ဒါဟာ လမ်းကြောင်းပေါ်ကနေ သွေဖယ် သွားစေနိုင်တဲ့ ကိစ္စ ဖြစ်ပြီး အကောင်အထည် ပေါ်သွားခဲ့ ပါက ဥရောပ-တောင်အမေရိက ဟာ အခြားတိုက်ကြီးတွေနဲ့ သီးခြား ဖြစ်သွား လိမ့်မယ်လို့ လက်ခံ ထားတယ်လို့ ကြားသိရ ပါတယ် ။

အခြား ဒေသကြီးတွေ ဖြစ်ကြတဲ့ အာရှ ၊ မြောက်အမေရိက ဘောလုံးအဖွဲ့ချုပ်တွေ ကလည်း ဒီအစီအစဉ် အပေါ် သဘောမကျ ဖြစ်နေကြတယ်လို့ ဖီဖာ က ထည့်သွင်း ဖော်ပြခဲ့ ပါတယ် ။

ဒီလိုမျိုး UEFA ရဲ့ အစီအစဉ်သစ် အပေါ် သဘောမတူနိုင်ပေမယ့် ဖီဖာ ဟာ ကန့်ကွက် ဝေဖန်မှုတွေ ရှိနေတဲ့ သူတို့ရဲ့ ကမ္ဘာ့ဖလား အစီအစဉ်သစ် ကိုတော့ ထောက်ခံသူ ၆၀% ကျော် ရှိကြောင်း ( မဲပေးသူ ၃ သောင်း အနက်က ၆၀% ကျော် ) ကိုတော့ အလေးပေး ဖော်ပြ နေခဲ့ ပါတယ် ။

တကယ်တော့ ဒါဟာ ဖီဖာ နဲ့ ယူအီးအက်ဖ်အေ တို့ ထိပ်တိုက် တွေ့ကြမယ့် နောက်ထပ် ပွဲတပွဲ ပါပဲ ။

တိုက်ကြီးအလိုက် ကိုယ်စားပြု ဘောလုံး အဖွဲ့ချုပ်တွေ ထဲမှာ ထိပ်သီးအသင်းအရေအတွက် အများဆုံး ရှိနေသလို ဓနအင်အားရော ၊ ပရိသတ် အင်အားပါ အခိုင် အမာ ရရှိ ထားတဲ့ UEFA ဟာ ဖီဖာ ကို ကန့်လန့် တိုက် နေခဲ့တာ အခုမှ မဟုတ်တော့ ပါဘူး ။

 

ဖီဖာ ရဲ့ ၂ နှစ် မှာ တခါ ကျင်းပမယ့် ကမ္ဘာ့ဖလား အစီအစဉ် ကို ပြင်းပြင်း ထန်ထန် ကန့်ကွက်တာ အပါအဝင် UEFA ဟာ သူတို့ အတွက် အကျိုး အမြတ် ရနိုင်ဖို့ အလားအလာ နည်းပါးတဲ့ အစီအစဉ်တွေ ကို ပေါ်ပေါ်ထင်ထင် ကန့်ကွက် လာခဲ့တာ ကို ဒီဘက်နှစ်တွေမှာ တွေ့လာခဲ့ရ ပါတယ် ။

တကယ်တော့ ဖီဖာ ရော ယူအီးအက်ဖ်အေ ပါ ဒီဘက်နှစ်တွေမှာ ဘောလုံး အားကစားကို စီးပွားရေး ဆန်စွာ ပြုလုပ် လာတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ နဲ့ မကြာခဏ ကြုံတွေ့ နေကြရ ပါတယ် ။

ဖီဖာ ဟာ ကမ္ဘာ့ဖလား ကို ၂၄ သင်း ကနေ ၄၈ သင်းအထိ တိုးချဲ့ဖို့ စီစဉ် နေသလို ၂ နှစ်မှာ ၁ ကြိမ် အထိ ချုံ့ကာ ကျင်းပဖို့ အထိပါ လုပ်ဆောင် နေပြီ ဖြစ်ပါတယ် ။

UEFA ကတော့ ဒေသတွင်း ထိပ်သီး ကလပ်တွေ စုပေါင်း ယှဉ်ပြိုင်မယ့် ဥရောပ စူပါလိဂ် ( European Super League ) အစီအစဉ် ကို ပြင်းပြင်းထန်ထန် ကန့်ကွက် ခဲ့ပေမယ့် သူကိုယ်တိုင် ကတော့ ကွန်းဖရန့်လိဂ် ကို ထပ်လောင်း ပေါင်းထည့်ကာ စည်းမျဉ်းတွေ ကိုလည်း ( ရသ ပိုင်းထက် စီးပွားရေးပိုင်း ပိုဆန်သည့် ) ပြောင်းလဲ ခဲ့ပါတယ် ။

အခု နောက်ဆုံး မှာတော့ UEFA ဟာ တောင်အမေရိက နဲ့ ပေါင်းပြီး ကမ္ဘာ့ဖလား အသေးစားပုံစံမျိုးကို ကျင်းပဖို့ စီစဉ် လာချိန်မှာတော့ ဖီဖာ နဲ့ နောက်တကြိမ် ထိပ်တိုက် တွေ့ခဲ့ကြပြန်ပါပြီ ။

ဖီဖာ ကို UEFA က ပုခုံးချင်းယှဉ် ၊ ခြေရာချင်း တိုင်းဖို့ ကြိုးစား လာတာလား ၊ ဒါမှ မဟုတ် ခွဲထွက်ဖို့ အထိ စိတ်ကူး ထားသလား ဆိုတာ ကတော့ အနာဂါတ် မှာ ဆက်ပြီး ကြည့်ရတော့မှာပါ ။

ဘာတွေ ဘယ်လို ဆက်ဖြစ်မယ် မသိရသေးပေမယ့် အဖွဲ့ချုပ်တွေဟာ ဘောလုံးသမားတွေ အပေါ် ငဲ့ညှာ စဉ်းစားပေးခြင်းတွေ တဖြည်းဖြည်း လျော့နည်းလာခဲ့တာ ကတော့ အသေအချာပါပဲ ။

ကျွန်တော်တို့ ချစ်တဲ့ ဘောလုံး အားကစားဟာလည်း တဖြည်းဖြည်း ရသ ကင်းမဲ့လာတော့မှာပါ . . .

 

SPORTS MYANMAR