Messi, Mbappe, Haller တို့ရဲ့ စံချိန်များ ၊ အေတီကို စစ်ကြောင်းပြတဲ့ အေတီကို ၊ ပွဲရွှေ့ပေးစေလိုတဲ့ စပါး တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် ၊ အင်္ဂါနေ့ည မှာတော့ အက်သလက်တီကို မက်ဒရစ် ဟာ ရှုံးထွက် အဆင့် တက်ရောက်ခွင့်ကို ရယူ သွားနိုင်ခဲ့ ပါတယ် ။

ပွဲစဉ် ၅ အပြီးမှာ အုပ်စု အောက်ဆုံးမှာ ရှိနေတဲ့ အက်သလက်တီကို မက်ဒရစ် ဟာ မနေ့ညက ပေါ်တို ကို အဝေးကွင်းမှာ ၃-၁ နဲ့ အနိုင် ကစားပြီး အေစီမီလန် တို့ လီဗာပူး ကို ရှုံးနိမ့်မှု အပေါ် အခွင့်အရေး ရယူကာ ၁၆ သင်းဆင့် ကို တက်ရောက် နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲရဲ့ ဒုတိယပိုင်း ဟာ ရန်ပွဲတွေ ၊ အနီကတ် တွေ မြင်တွေ့ ခဲ့ရပြီး ပွဲကြမ်းတပွဲ ဖြစ်ခဲ့ ပါတယ် ။

အေစီမီလန် ကတော့ လီဗာပူး ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့မှုကြောင့် အုပ်စု အောက်ဆုံးနဲ့ အဆုံးသတ်ကာ ဥရောပ ပြိုင်ပွဲတွေကို နှုတ်ဆက် ခဲ့ရ ပါတယ် ။ ပေါ်တို ကတော့ ယူရိုပါလိဂ် ဝင်ခွင့် ရရှိ သွားခဲ့ ပါတယ် ။

အုပ်စု အေ မှာတော့ PSG ဟာ အိမ်ကွင်းမှာ ကလပ် ဘရုဂျ် ကို ၄-၁ နဲ့ အနိုင် ကစားခဲ့ပြီး မက်ဆီ နဲ့ ဘာပေ တို့ က ၂ ဂိုးစီ သွင်းယူ ပေးခဲ့ကြပါတယ် ။

မက်ဆီ ဟာ ဒီပွဲက သွင်းဂိုးတွေကြောင့် ဘရာဇီး ဘောလုံး ဂန္ထဝင်ကြီး ပီလီ ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ သွင်းဂိုး ၇၅၇ ဂိုး ကို ၇၅၈ ဂိုး နဲ့ ကျော်ဖြတ် လိုက်ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် မက်ဆီ ဟာ ချန်ပီယံလိဂ် မှာ မတူညီတဲ့ ကလပ် ၃၈ သင်းကို ဂိုးသွင်းယူ နိုင်ခဲ့သူ ဖြစ်လာခဲ့ပြီး ဒါဟာ ပြိုင်ပွဲရဲ့ မှတ်တမ်းသစ် ဖြစ်လာခဲ့ ပါတယ် ။

မက်ဆီ ဟာ ၁၉၉၄ တုန်းက ဂျော့ဝီယာ ၊ ၂၀၁၇ တုန်းက နေမာ တို့ အပြီးမှာ PSG အတွက် ချန်ပီယံလိဂ် ပထမဆုံး အိမ်ကွင်း ၃ ပွဲဆက်တိုက် ဂိုးသွင်း ယူနိုင်တဲ့ တတိယ မြောက် ကစားသမားလည်း ဖြစ်လာခဲ့ ပါတယ် ။

အမ်ဘာပေ ကလည်း ချန်ပီယံလိဂ် သွင်းဂိုး ၃၀ ကို အသက် အငယ်ဆုံး ပြည့်တဲ့ ကစားသမား အဖြစ် မှတ်တမ်းရေးထိုး နိုင်ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

လီဗာပူး နဲ့ အိုင်ယက်စ် တို့ ဟာ အုပ်စု ပွဲစဉ် ၆ ပွဲစလုံးကို အနိုင် ကစားနိုင်တဲ့ အသင်းတွေ အဖြစ် မှတ်တမ်း ရေးထိုး နိုင်ခဲ့ကြပါတယ် ။

အိုင်ယက်စ် တိုက်စစ်မှူး ဆီဘတ်စတီယန် ဟေလာ ကလည်း အုပ်စု ၆ ပွဲစလုံးမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမား အဖြစ် ရိုနယ်ဒို နဲ့ အတူ မှတ်တမ်း ရေးထိုး သွားနိုင်ခဲ့တယ်လို့ သိရ ပါတယ် ။

စပိန်မြေမှာ ကစားခဲ့တဲ့ ပွဲမှာတော့ ရီးရဲ မက်ဒရစ် က အင်တာမီလန် ကို ၂-၀ နဲ့ အနိုင် ကစားပြီး အုပ်စု ပထမ နေရာကို ရရှိ သွားခဲ့ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး အသင်းဟာ အသင်းတွင်း ကိုဗစ် ကူးစက်မှုတွေ များပြား နေတာကြောင့် လာမယ့် တနင်္ဂနွေမှာ ဘရိုက်တန် နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲကို ရွှေ့ဆိုင်း ပေးစေလိုတယ် လို့ တင်ပြ ထားကြောင်း သိရ ပါတယ် ။

မန်စီးတီး အသင်းဟာ မနေ့ညက ဂျာမန် ကလပ် လိုက်ပ်ဇစ် နဲ့ ရင်ဆိုင် ကစားခဲ့ပြီး အဝေးကွင်းမှာ အရေးနိမ့် ခဲ့ရုံသာ မက ဖီးလ်ဖိုဒန် ဒဏ်ရာ ရရှိခဲ့ သလို ကိုင်လ်ဝေါ်ကာ အနီကတ် ထိ ခဲ့တာကြောင့် များစွာ နစ်နာ ခဲ့ရ ပါတယ် ။

လီဗာပူး မှာကစားခဲ့ဖူးတဲ့ အာဂျင်တီးနား တောင်ပံ ကစားသမား မက်ဇီ ရိုဒရီဂွက် ဟာ မနေ့က သူ့ရဲ့ နောက်ဆုံး ပွဲကို ပါဝင် ကစားပြီး ဘောလုံး သမား အဖြစ်ကနေ အသက် ၄၀ အရွယ်မှာ အနားယူ သွားခဲ့ပြီ လို့ သိရ ပါတယ် ။

စပါး တောင်ပံ ကစားသမား စတီဗင် ဘာ့ဝိုင်း ဟာ လာမယ့် ဇန်နဝါရီ မှာ အငှား နဲ့ ဖြစ်စေ ထွက်ခွာဖို့ စိတ်ကူး နေတယ်လို့ သိရှိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် မှာ နေရာမရ ဖြစ်နေတဲ့ အင်္ဂလန် ဂိုးသမားလေး ဟန်ဒါဆင် ဟာ လက်ရွေးစင် အသင်း မှာ ပါဝင်ခွင့် ရရှိဖို့ အတွက် ပွဲ များများ ကစားနိုင်မယ့် ကလပ် တသင်းသင်းဆီကို ဇန်နဝါရီမှာ အငှား ထွက် ကစားဖို့ စိတ်ကူး နေတယ်လို့လည်း ကြားသိရ ပါတယ် ။

အေစီမီလန် ကတော့ ဒဏ်ရာကြောင့် ၆ လ ခန့် နားရမယ့် ဒိန်းမတ် နောက်ခံလူ ဆိုင်မွန် ခါဂျာ ရဲ့ နေရာ အတွက် ချဲလ်ဆီး ရဲ့ ဒိန်းမတ် နောက်ခံလူ ခရစ်ရှန်ဆန် ကို ခေါ်ယူ အားဖြည့် သွားလိုတယ်လို့လည်း သိရှိရ ပါတယ် ။

ချန်ပီယံလိဂ် ရှုံးထွက် အဆင့် အတွက် မဲခွဲပွဲ ကို လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့ မှာ ဆွစ်ဇာလန် နိုင်ငံ နိုင်ယွန် မြို့မှာ မဲခွဲ ပြုလုပ် သွားမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅-၁၆ နဲ့ ၂၂-၂၃ ရက်နေ့တွေ မှာ ပထမ အကျော့ အဖြစ် စတင် ယှဉ်ပြိုင် သွားကြမယ်လို့ သတင်း ရရှိ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR