De Gea ကိုသာ ချီးကျုးနေရဆဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ နယူးကာဆယ်နဲ့ ပွဲမှာ ဘယ်လောက်ညံ့ခဲ့ကြလဲ ?

မန်ချက်စတာ ယူနိုက်တက် အသင်း အကျဘက်ရောက်ချိန်တိုင်းမှာ ဒါးဗစ် ဒဟဲယား ပိုပြီး လက်စွမ်း ပြတတ်တယ်ဆိုတဲ့ အာဘော်ဆောင်းပါး တခုကို ဖတ်လိုက်ရ ပါတယ် ။

တကယ်လည်း ဟုတ်နေတာ ပါပဲ ၊ စပိန်သား ဟာ ယူနိုက်တက် ခြေစွမ်း တည်ငြိမ်ပြီး ကစားပုံ မှန်နေတဲ့ ရှေ့ ၂ နှစ် တုန်းက အသင်းရဲ့ ပုံမမှန်ဆုံး ကစားသမား အထိ ဖြစ်ခဲ့သူပါ ။ ဒင်း ဟန်ဒါဆင် ကို ပြန်ခေါ်ပြီး နေရာပေးဖို့ ပရိသတ်တွေ ပြောလာရတဲ့ အထိပါပဲ ။

ဒါပေမယ့် ဒီရာသီ ယူနိုက်တက် အသင်း ပုံစံတွေပျက် ၊ ပရမ်းပတာတွေ ဖြစ်နေချိန် မှာတော့ ဒဟဲယား အရင်တုန်းက လက်စွမ်းမျိုးတွေကို ပြနေပြီး အသင်းကို မကြာခဏ ကယ်တင်ပေး နေခဲ့ပြန်ပါတယ် ။

 

မနေ့က ပွဲမှာလည်း ကာဗာနီ က ချေပဂိုးသွင်းသူ ဆိုပေမယ့် ဒဟဲယား ရဲ့ ကာကွယ်မှုတွေ မပါခဲ့ဘူး ဆိုရင် ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ အပတ်တုန်းက မန်စီးတီး ယူသွားတဲ့ ၃ မှတ်ကို စိန့်ဂျိမ်းပတ် ဆီ ပြန်လာ ပေးတဲ့ အသင်း ဖြစ်သွားခဲ့ မှာပါ ။

ကိုဗစ်ကြောင့် ပွဲတွေ ရွှေ့ပြီး ယူနိုက်တက် ပွဲတွေနဲ့ ဝေးနေရတာက ယူနိုက်တက် ပရိသတ်တွေ ကို ကံကောင်းနေစေခဲ့တယ် ဆိုတာကို ပရိသတ်တွေ ကိုယ်တိုင် သဘောမပေါက် ခဲ့ကြပါဘူး ။

မနေ့ညက ပွဲအပြီးမှာတော့ အတော်များများ သဘောပေါက် သွားလောက်ပါပြီ ။

 

တိကျတဲ့ ကစားပုံ မရှိ ၊ သာမာန်ပေးပို့မှုတွေတောင် မှန်အောင် မလုပ်နိုင်တဲ့ အဆင့်ထိ ယူနိုက်တက်တို့ ရောက်သွားခဲ့ ပါတယ် ။

နယူးကာဆယ် က ဒီပွဲ ကို သေချာပြင်ဆင် ထားခဲ့ပြီး သရေ ၁ မှတ်ထက် ပိုပြိးတောင် ထိုက်တန်ခဲ့တယ်လို့ ဆိုရမှာပါ ။

ယူနိုက်တက် ကတော့ နောဝှစ်ချ် နဲ့ ပွဲကတည်းက ပင်နယ်တီ ကြောင့် ၃ မှတ် ရခဲ့တာဖြစ်ပြီး ကစားပုံက အဲ့ဒိ ကတည်းက ဆိုးရွား နေခဲ့တာပါ ။ အခု ၁၅ ရက် ကြာအပြီး မှာလည်း ဒုံရင်းက ဒုံရင်းသာ ဖြစ်ပြီး တိုးတက်လာတာ မရှိခဲ့ ပါဘူး ။

ဒီပွဲမှာ ကစားသွားတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ အတွက် မန်ချက်စတာ ညနေခင်း သတင်းစာရဲ့ အမှတ်ပေးမှုတွေ ကတော့ –

 

ဒဟဲယား – ၈

ဒုတိယပိုင်း က ကာကွယ်မှုတွေသာ မရှိခဲ့ဘူး ဆိုရင် ယူနိုက်တက် တို့ အဆင့် ၂၀ က အသင်းကို ရှုံးပြီး အိမ်ပြန်ရမှာပါ ။ အထူးသဖြင့် ပွဲပြီးခါနီးက အယ်မီရွန် ရဲ့ ကန်ချက် ကို ပုတ်သွားတာ အရမ်း ကောင်းပါတယ် ။

ဒဟဲယား သာ ကိုဗစ် ဖြစ်လို့ကတော့ ယူနိုက်တက် အကြောင်းတွေးတောင် မတွေးရဲ လောက်အောင်ပါပဲ ။

ဒါးလော့ – ၆

စိန့် မက်ဆီမင် ဟာ ဒါးလော့ အတွက် ခက်ခဲတဲ့ စမ်းသပ်ချက် ဖြစ်စေခဲ့ ပါတယ် ။ ကာယရော မြန်နှုန်းပါ ကောင်းတဲ့ မက်ဆီမင် ကို ဒါးလော့ ပွဲချိန် တလျောက်လုံး အသည်းအသန် ထိန်းရင်း ကိုယ်တိုင် ပုံစံပျောက်တဲ့ အထိ ဖြစ်ခဲ့ရ ပါတယ် ။ ဒါပေမယ့် ချေပဂိုး အတွက် ဖြတ်တင်ဘောကို လုပ်ပေးခဲ့သလို ဒုတိယပိုင်းမှာ ဖြတ်တင်ဘောတွေ ပိုတိကျ လာခဲ့တာကြောင့် ဒါးလော့ အတွက် အဆိုး-အကောင်း ရောယှက် ခဲ့တဲ့ ညလို့ သတ်မှတ်ပေးရမှာပါ ။

ရာဖေး ဗာရန်း – ၅

မကစားရတာ ကြာသွားလို့လား ၊ အပြည့်အ၀ မကြံ့ခိုင်သေးလို့လားတော့ မသိပါဘူး ၊ ဗာရန်း ရဲ့ မနေ့ညပွဲက ခြေစွမ်းဟာ သူ ဒဏ်ရာ မရခင်တုန်းကနဲ့ တခြားစီ ဖြစ်ခဲ့ ပါတယ် ။ ဟယ်ရီ မက်ဂွဲယား ပြင်သစ် ဗားရှင်းလို့ ထင်ရလောက်အောင်ကို မက်ဂွဲယား နဲ့ အပြိုင် မှားပြ ခဲ့ပြီး သူ့ရဲ့ မလိုအပ်ဘဲ ဘောလုံးထိန်းယူမှု ဟာ နယူးကာဆယ် ရဲ့ အဖွင့်ဂိုးကို အစပြု ပေးလိုက်တာပါပဲ ။

 

ဟယ်ရီ မက်ဂွဲယား – ၅

ဗာရန်း တောင် ၅ မှတ်ပဲ ရတဲ့ အနေအထားမှာ မက်ဂွဲယား ဆီကနေ ဘာတွေ မျှော်လင့် ထားမှာလဲ ? အင်္ဂလန် နောက်ခံလူ ကတော့ ပွဲတွေ ဘယ်လောက်ပဲ နားနား ၊ ရာသီတွေ ဘယ်လောက်ပဲ ပြောင်းပြောင်း အရင် အတိုင်း ပျက်ဆဲ ပြာဆဲ နှေးဆဲ လေးဆဲ အားကိုးရခက်ဆဲ . . . . .

အဲလက်စ် တဲလက်စ် – ၅

နယူးကာဆယ် ရှေ့တန်းတွေရဲ့ ဖိအားပေး ကစားမှု နဲ့ လျှင်မြန်အားပါတဲ့ ကစားပုံဟာ ယူနိုက်တက် နောက်တန်း ၄ ယောက် ကို ပုံစံပျက်စေခဲ့ ပါတယ် ။ အဲ့ဒိအထဲမှာ အဲလက်စ် တဲလက်စ် လည်း အပါအဝင်ပါ ။

ဒီညမှာ သိပ်ပြီး ထူးခြားတာမျိုးကို ဘရာဇီးသား မလုပ်ပြ နိုင်ခဲ့ပါဘူး ။

 

တော်မီနေး – ၆

ဖရက် ခြေစွမ်းလုံး၀ ပျောက်တဲ့ ညမှာ တော်မီနေး တယောက် အတော်ကို ရုန်းခဲ့ရ ပါတယ် ။ နယူး ကွင်းလယ်က ရှယ်ဗေး နဲ့ လောင်းစတပ် တို့ကို ၁ ယောက်တည်း ထိန်းခဲ့ရပြီး အဆင်မပြေခဲ့ ပါဘူး ။ ဒုတိယပိုင်း မှာတော့ ကွင်းလယ်ကို တယောက်တည်း တာဝန်ယူခဲ့ရပြီး နည်းနည်း ပိုကောင်းလာခဲ့ပါတယ် ၊ ဒါပေမယ့် ပြောပ လောက်အောင်တော့ မဟုတ်ပါဘူး ။

ဖရက် – ၄

ရန်းနစ် လက်ထက် မှာ ပုံစံကောင်း ရနေတဲ့ ဖရက်ဒ် တယောက် ဒီညမှာတော့ တော်တော်လေးကို ဆိုးရွား ခဲ့ပါတယ် ။ ကိုဗစ် ကူးခံရတဲ့ အထဲမှာ ပါများပါ နေသလားတောင် မသိပါဘူး ။ ပထမပိုင်းအပြီးမှာ လူစားလဲ ခံခဲ့ရတာက ထူးဆန်းတဲ့ ကိစ္စပါပဲ ။

 

ဘရူနို ဖာနန်ဒက်စ် – ၆

ဒုတိယပိုင်းမှာ ပိုကောင်းလာပါတယ် ။ ဒါပေမယ့် ဘာမှ ကြီးကြီး မားမား စွမ်းဆောင် နိုင်တာမျိုး မရှိခဲ့ ပါဘူး ။

 

မေဆင် ဂရင်းဝုဒ် – ၆

ပထမပိုင်း အပြီးမှာ လူစားလဲ ခံခဲ့ရပါတယ် ။ တကိုယ်တော် အစွမ်းလည်း မပြ နိုင်ခဲ့သလို အသင်းလိုက် ကစားပုံ မှာလည်း ရက်ဖိုဒ့် ၊ ရိုနယ်ဒို တို့ နဲ့ အစေးမကပ် ဖြစ်နေခဲ့ ပါတယ် ။ ကြာရင် ဂရင်းဝုဒ် အတွက် အခြေအနေတွေ က ပိုဆိုးလာမယ့် သဘောရှိနေ ပါတယ် ။

 

ရက်ဖိုဒ့် – ၅

ဂရင်းဝုဒ် ထက် ပိုဆိုးတဲ့ သူက ရက်ဖိုဒ့် ပါ ။ မလိုအပ်ဘဲ လိမ်ခေါက်တာတွေ အလုပ် မဖြစ်သလို ဘောလုံး ပေးပို့မှုတွေ ၊ ဝမ်း-တူး ရိုက် ကစားတာတွေ မှာလည်း ထိချက်တွေက အစ တလွဲတွေ ချည်း ဖြစ်ခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာ ဘယ်တောင်ပံ ကို ပြန်ပို့လိုက်မှ နည်းနည်း ဟုတ်သွားခဲ့တာပါ ။ သေချာတာကတော့ ရက်ဖိုဒ့် ၊ ဂရင်းဝုဒ် တို့က အလယ်ကြောကနေ မဖောက်တတ်သေးဘူး ဆိုတာပါပဲ ။

ရိုနယ်ဒို – ၆

ကြိုးစားရှာ ပါတယ် ။ ဒါပေမယ့် ၃၆ နှစ်ဆိုတာကို မေ့နေပုံပါပဲ ။ သူက မေ့ထားပေမယ့် ၃၆ ဆိုတာက ပြန်ပြီး ငယ်သွားမှာ မဟုတ်ပါဘူး ၊ အရှိကို အရှိအတိုင်း လက်ခံရမှာပါ ။ မပိုင်ဘဲ လွှတ်ကန်တာတွေ က မလိုဘဲ အားဖြုန်းတီး တာပါပဲ ။

အခွင့်အရေး မရလိုက်တိုင်း စိတ်ပျက်သွားပြီး အာရုံလွှဲ သွားတာတွေကလည်း မကောင်းပါဘူး ။

ဘောလုံးကို ခြေထဲ မထားဘဲ ခပ်မြန်မြန် ပြန်ပေးတတ်တာ တွေကလည်း အသင်းဖော်တွေ နဲ့ တိုင်ပင် မကိုက် ဖြစ်နေတုန်း ပါပဲ ။

လူစားဝင် ကစားသမားများ –

ဆန်ချို – ၇

နယူးကာဆယ် နောက်တန်းကို အလုပ်များစေခဲ့ ပါတယ် ။ ကာယပိုင်းသာ ပိုတိုးတက်လာမယ် ဆိုရင် အများကြီး အားကိုးလို့ ရမှာပါ ။

 

ကာဗာနီ – ၈

ကာဗာနီ က ချေပဂိုးကို သွင်းပေးခဲ့သလို ယူနိုက်တက် တိုက်စစ် သမားတွေ လှုပ်ရှားရ လွယ်အောင်လည်း နေရာလွတ်တွေ ဖန်တီးပေးခဲ့ ပါတယ် ။ ဒဟဲယား ပြီးရင် အကောင်းဆုံးပါပဲ ။ ဒါပေမယ့် . . . . ၂-၁ ဖြစ်စေမယ့် အခွင့်အရေးကို အသုံးမချ နိုင်ခဲ့ပါဘူး ။

မာတစ် – ၆

ပွဲထိန်းဖို့ ၊ နောက်တန်း ၃ ယောက် ကစားဖို့ အတွက် ဝင်လာခဲ့ပြိး သူ့တာဝန်ကို သူ လုပ်သွားခဲ့ပါတယ် ။ ဘာမှ ပြောစရာ မရှိပါဘူး ။

 

SPORTS MYANMAR