၁၉၉၉ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဖလားနဲ့ ကိုင်မြှောက်အောင်ပွဲခံတာကို ရှက်မိခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ ပေါလ်စခိုးလ်

ပေါလ်စခိုးလ်က သူဟာ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဖိုင်နယ်မှာ မန်ယူနိုက်တက် အသင်းရဲ့ အစိတ်အပိုင်း တစ်ခု အနေနဲ့ ပါဝင်ခွင့် မရခဲ့တာကြောင့် ပွဲအပြီးမှာ အဆိုပါ ဖလားနဲ့ ကိုင်မြှောက်အောင်ပွဲခံခဲ့တာကို ရှက်မိခဲ့တယ်လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

စခိုးလ်ဟာ ဂျူဗင်တပ် နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ဒီဒီယာဒေးချမ့် အပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အဝါကတ် ထိခဲ့ကာ ဘိုင်ယန်မြူးနစ်နဲ့ ဖိုင်နယ် ပွဲစဉ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ကစားခွင့် မရခဲ့ပါဘူး။

အသင်းခေါင်းဆောင် ရွိုင်ကိန်းနဲ့ အတူ စခိုးလ်ဟာ နူးကမ့်ကွင်းရဲ့ ပွဲကြည့်စင်ကနေသာ အဆိုပါ ပွဲကို အားပေးခွင့် ရခဲ့ပြီး ယူနိုက်တက်တို့ ဘိုင်ယန်မြူးနစ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အပြီးမှာတော့ ကွင်းထဲဆင်းကာ အသင်းဖော်တွေနဲ့ အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက် အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

 

စခိုးလ်က “ကျွန်တော့် အနေနဲ့ ဒီအောင်မြင်မှုရဲ့ အစိတ်အပိုင်း တစ်ခု အနေနဲ့တောင် မခံစားမိပါဘူး။ တစ်ချို့ လူတွေ ကတော့ ဒါဟာ ထူးဆန်းတဲ့ စကားလို့ ထင်နေကြမှာပါ။ ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ် ဖိုင်နယ်ကို ရောက်ဖို့ အတွက် ကိုယ်ဟာ အသင်းရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ၁၂ ပွဲ ၁၃ ပွဲလောက် ကစားခဲ့ရတာ မို့လို့ပါ။

ဒါပေမယ့် ကျွန်တော်ဟာ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ပွဲကြည့်စင်ပေါ်မှာသာ ရှိနေခဲ့ပြီး ပွဲအပေါ် ဘာမှ ထိန်းချုပ်နိုင်မှု မရှိခဲ့ပါဘူး။ ဒီပွဲနဲ့ ပက်သက်ပြီး ကိုယ်လုပ်နိုင်ခဲ့တာ ဘာမှ မရှိလို့ပါ။

ပွဲအပြီး ဗိုလ်စွဲသွားချိန် မှာတော့ ကျွန်တော်တို့ ကွင်းထဲကို သွားရောက် အောင်ပွဲ ခံခဲ့ကြ ပါတယ်။ ဒါပေမယ့် ကျွန်တော် ရှက်ခဲ့ပါတယ်။ ရိုးရိုးသားသား ပြောရရင် ကိုယ်ဟာ ဒီအောင်ပွဲနဲ့ ပက်သက်ပြီး ဘာမှ မလုပ်ခဲ့ဘဲ သွားရောက် အောင်ပွဲခံခဲ့တဲ့ အတွက် ရှက်စရာပါ။” လို့ ဆိုခဲ့ပါတယ်။

အသက် ၄၇ နှစ် အရွယ် စခိုးလ်ဟာ ဂျူဗင်တပ် နဲ့ ပွဲစဉ်မှာ ဖိုင်နယ်ပွဲစဉ်ကို လွဲချော်စေခဲ့တဲ့ အဝါကတ် ရခဲ့တဲ့ သူ့ရဲ့ challenge ကို မှတ်မိနေဆဲ ဖြစ်ပါတယ်။ မန်ယူနိုက်တက် ကွင်းလယ်လူဟောင်းက အဝါကတ်ဟာ ဘယ်လို အဓိပ္ပာယ်လဲ ဆိုတာ ချက်ချင်း သိသွားခဲ့တဲ့ အတွက် အတော့်ကို စိတ်ပျက်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

စခိုးလ်က “ဒါဟာ ဘောလုံးရဲ့ သဘောသဘာ၀ ပါပဲ။ ရွိုင်းကိန်းဟာ အဆိုပါ ဖိုင်နယ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ဒါပေမယ့် ဒါဟာ ဘောလုံး ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဖျက်ထုတ်မှုက ဆိုးဆိုးရွားရွား မဟုတ်ခဲ့ပေမယ့် ကျွန်တော့်ကို အဝါကတ်ထိအောင် ကြိုးစားခဲ့တဲ့ ဒေးချမ့်ရဲ့ အော်သံကို အခုထိ ကြားယောင်နေဆဲ ဖြစ်ပါတယ်။ သူတို့ဟာ လိမ္မာပါးနပ် ခဲ့ပေမယ့် ဒါဟာ ကျွန်တော့်ရဲ့ အမှား ပါပဲ။

ဖိုင်နယ်မှာ ပွဲပယ်ခံရတော့မယ် ဆိုတာ ကျွန်တော် ချက်ချင်း သိသွားခဲ့ပါတယ်။ ဒီအတွက် ဝမ်းနည်းခဲ့ရပါတယ်။ စိတ်ပျက်ခဲ့ရပါတယ်။ အမှန်ပါပဲ။ ကိုယ်ဟာ ကစားသမား ဘဝရဲ့ အကြီးကြယ်ဆုံး ပွဲတွေထဲက တစ်ပွဲမှာ အစိတ်အပိုင်း တစ်ခု အနေနဲ့တောင် ပါဝင်ခွင့် မရခဲ့လို့ပါ။ ဒါပေမယ့် ဒါကို ကျော်ဖြတ်ရတာ ပါပဲ။”

ဒါပေမယ့်လည်း စခိုးလ်ဟာ လွန်ခဲ့တဲ့ ၂၀၀၇-၀၈ ရာသီတုန်းက ချဲလ်ဆီးကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ် အပြင် ၂၀၀၈-၀၉ ၊ ၂၀၁၀-၁၁ ရာသီတွေက ဘာစီလိုနာကို အရေးနိမ့်ခဲ့တဲ့ ဖိုင်နယ်တွေမှာ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။

SM