လီဗာပူး ကွင်းလယ်လူ နဲ့ နှိုင်းယှဉ် ချီးကျူးလိုက်ရတဲ့ အာဆင်နယ် လူငယ် ကြယ်ပွင့် ပါတီနို

ချာလီ ပါတီနို ရဲ့ နည်းပြဟောင်း က သူ့ရဲ့တပည့်ဟောင်းဟာ အာဆင်နယ် အသင်းကြီးနဲ့ စီနီယာ ပွဲဦးထွက်မှာတင် ဂိုးသွင်း နိုင်ခဲ့တဲ့ အပေါ် မအံ့ဩမိကြောင်း ဆိုလိုက်ပြီး သူ့ကို စတွေ့ကတည်းက အရည်အချင်းရှိတဲ့သူမှန်း သတိထားမိခဲ့တယ်လို့ ဆိုပါတယ် ။

အာဆင်နယ် လူငယ် အသင်းတွေမှာ နာမည်ကြီးနေပြီး ဂျက်ဝဲလ်ရှား ရဲ့ ချီးကျူးမှုကိုတောင် ရရှိခဲ့တဲ့ချာလီ ပါတီနို ဟာ ဆန်းဒါးလန်း နဲ့ ကစားခဲ့တဲ့ ခါရာဘောင်း ဖလား ကွာတားဖိုင်နယ်ပွဲ လူစာရင်းမှာ ပထမဆုံး အကြိမ် ပါဝင်ခွင့် ရခဲ့ပြီး ပွဲချိန် ၈၁ မိနစ်တွင် လူစားဝင် ကစားခွင့် ရရှိ ခဲ့ပါတယ် ။

ပါတီနို ဟာ လူစားဝင် ကစားပြီး ၁၀ မိနစ် အကျော်မှာတင် ပေပေ ရဲ့ ပေးပို့မှုကနေ အာဆင်နယ် အတွက် ပဉ္စမမြောက် ဂိုးကို သွင်းယူ ပေးနိုင် ခဲ့ပါတယ် ။ ပါတီနို ကတော့ အာဆင်နယ် အသင်းကြီးအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့နေ့ဟာ သူ့ဘဝအတွက် အကောင်းဆုံး နေ့တစ်နေ့ ဖြစ်ကြောင်း ဆိုရှယ်မီဒီယာထက်မှာ ရေးသား ခဲ့ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ ကလည်း လူငယ် ကြယ်ပွင့် ချာလီ ပါတီနို ကို ပရီးမီးယားလိဂ် ပွဲထွက် ကစားခွင့် ပေးဖို့ တွန့်ဆုတ် နေမှာ မဟုတ်ဘဲ သူသာ အဆင်သင့် ဖြစ်ပါက ပွဲထွက် ကစားခွင့် ပေးသွားမှာ ဖြစ်တယ်လို့ ပြောကြား ထားပါတယ် ။

ပါတီနို ရဲ့ နည်းပြဟောင်း ဖြစ်သူ George Dukes ကတော့ EPSN နဲ့ အင်တာဗျူးမှာ ပါတီနိုကို လီဗာပူး ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာ နဲ့ နှိုင်းယှဉ် ချီးကျူး သွားခဲ့ပါတယ် ။

” ချာလီကို ပထမဆုံး အကြိမ် တွေ့မြင်လိုက်တဲ့ အချိန်မှာပဲ သူဟာ အရည်အချင်း အချို့ ရှိတဲ့ သူမှန်း သိခဲ့ပါတယ် ။ ဒါပေမယ့် ချာလီ နဲ့ ပတ်သက်ပြီး စိတ်ထဲ ရောက်လာတဲ့ စကားလုံး တစ်ခုကို ပြောပါဆိုရင် အေးဆေး တည်ငြိမ်မှု ပါပဲ ။ ”

” သူက ဘောလုံးကို သက်သောင့်သက်သာပဲ ကိုင်ကစားပါတယ် ၊ သူ့ရဲ့ ဘောလုံးကန်ပုံ ထိပုံ ထိန်းသိမ်းပုံတွေ အားလုံးက လုံးဝ အေးဆေး တည်ငြိမ်ပြီး သက်သောင့်သက်သာ ရှိတယ်လို့ ပြောနိုင်ပါတယ် ။ ဒါကြောင့် ချာလီ နဲ့ ပတ်သက်ရင် အဲ့ဒီ စကားကိုပဲ ကျွန်တော် ရာနှုန်းပြည့် သုံးချင်ပါတယ်။ ”

” ပရိသတ်တွေ သူ ကစားတာကို များများတွေ့လာတဲ့ အချိန်ကျရင် သူ ကစားတာ ဘယ်လောက်အထိ တည်ငြိမ်မှု ရှိသလဲ ပိုသိလာပါလိမ့်မယ် ။ သူ ပျာယာခတ် နေတာမျိုး ခင်ဗျားတို့ မြင်ရမှာ မဟုတိပါဘူး ။ ”

” သူ့ကို ဘယ်သူ နဲ့ နှိုင်းယှဉ်ချင်သလဲ ဆိုရင် လီဗာပူး အသင်းက သီယာဂို နဲ့ပါ ၊ သူက ဘောလုံး လက်ခံ ရရှိတဲ့ အချိန်မှာ လုံးဝ ပြိုင်ဘက်ကင်းပါပဲ ။ ချာလီ ကလည်း ပွဲကစားချိန်မှာ တည်ငြိမ်မှု ရှိရှိ နဲ့ ကစား နိုင်သူပါ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

ပါတီနို ဟာ ဂျက်ဝီလ်ရှား လိုပဲ လူတန်တောင်း အကယ်ဒမီ ကနေ ထွက်ပေါ် လာခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အာဆင်နယ် အသင်းကို ရောက်ရှိ လာခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ချဲလ်ဆီး အသင်း နဲ့ အပြိုင် ပါတီနို ကို ခေါ်ယူ ခဲ့ရတာ ဖြစ်ပြီး လူတန်တောင်း အသင်းကို လျော်ကြေး ပေါင် ၁ သောင်း ပေးချေ ခဲ့ရတယ်လို့ သိရပါတယ် ။

SM