(6 ပွဲ ကစား ၊ 6 ပွဲ နိုင်) အင်္ဂလန် ဘောလုံးသမိုင်းကြောင်း တစ်လျှောက် ဘယ်အသင်းမှ ရယူနိုင်ခဲ့ဖူးခြင်း မရှိတဲ့ စံချိန်မျိုးမှ သိမ်းပိုက်သွားတဲ့ လီဗာပူး

ဒီနှစ် ဘောလုံးရာသီ မတိုင်ခင် အချိန်ထိ ချန်ပီယံလိဂ် ဘောလုံးသမိုင်းမှာ အုပ်စုတွင်း ပွဲစဉ် အားလုံးကို အနိုင် ကစားပြခဲ့တဲ့ အသင်းပေါင်း 7 သင်း အထိ ပေါ်ထွက်ခဲ့ဖူးပါတယ်။ အဲဒီ အသင်းတွေကတော့ –

အေစီ မီလန် (1992-1993)
ပီအက်စ်ဂျီ (1994-1995)
စပါးတပ် မော်စကို (1995-1996)
ဘာစီလိုနာ (2002-2003)
ရီးရဲ မက်ဒရစ် (2011-2012)
ရီးရဲ မက်ဒရစ် (2014-2015)
ဘိုင်ယန် မြူးနစ် (2019-2020)
အသင်းတွေ ဖြစ်ပါတယ်။

သို့သော်လဲ 2019-2020 ဘောလုံးရာသီ က ဘိုင်ယန် မြူးနစ် ကလွဲရင် ကျန် အသင်းတွေဟာ ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပြနိုင်ခြင်း မရှိခဲ့ပါဘူး။

မနေ့ည အုပ်စုနောက်ဆုံး ပွဲစဉ် တချို့ ကစားအပြီးမှာတော့ အဲဒီ စာရင်းမှာ ပါဝင်ဖို့ နောက်ထပ် 2 သင်း ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ အသင်းတွေ ကတော့ အကောင်းဆုံး တိုက်စစ်စွမ်းဆောင်ရည်တွေ ဆက်တိုက် ပြသနေတဲ့ အေဂျက် နဲ့ မရဏ အုပ်စုမှာ ကျရောက်ခဲ့တဲ့ လီဗာပူး အသင်းတွေ ဖြစ်ပါတယ်။

လီဗာပူး ဟာ အကျပ်ဆုံး အုပ်စုလို့ တင်စားခဲ့တဲ့ Group B မှာ ကျရောက်ရင်း အုပ်စုတွင်း ပွဲစဉ်တွေ အားလုံးကို အနိုင် ကစားပြသွားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် ဘောလုံး ကလပ်တွေထဲမှာ ဒီလိုမျိုး မှတ်တမ်းကောင်းရအောင် ဘယ်အသင်းကမှ စွမ်းဆောင်ပြထားခြင်း မရှိသေးပါဘူး။

ဒါကြောင့် ကလော့ပ် ရဲ့ လီဗာပူး ဟာ ချန်ပီယံလိဂ် သမိုင်းကြောင်း တစ်လျှောက် အုပ်စုပွဲစဉ် အားလုံးကို အနိုင်ကစားပြနိုင်တဲ့ ပထမဆုံး အင်္ဂလန် ဘောလုံး ကလပ်အဖြစ် ပြောင်မြောက်လွန်းတဲ့ မှတ်တမ်းမျိုးကို ရေးထိုးသွားခဲ့ ပါတယ်။

ဒါ့အပြင် လီဗာပူး ရဲ့ စုစုပေါင်း သွင်းဂိုး ပမာဏဟာ အေတီကို + ပေါ်တို + အေစီ မီလန် တို့ 3 သင်းပေါင်း သွင်းဂိုး နဲ့တောင် (17 ဂိုး) ညီမျှခဲ့ပါတယ်။

အသင်းအတွက် ချေပဂိုး ရယူပေးခဲ့တဲ့ မို ဆာလာ ကတော့ ဒီရာသီမှာ သူ့ရဲ့ ပြိုင်ပွဲပေါင်းစုံ စုစုပေါင်း သွင်းဂိုး က 20 အထိ ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့် ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး အီယန် ရှပ် ပြီးရင် 5 ရာသီ ဆက်တိုက် 20+ သွင်းဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး လီဗာပူး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒီပမာဏ ဟာ သူ စံချိန်တင် သွင်းဂိုး အရေအတွက် 44 ဂိုး အထိ သွင်းယူပြခဲ့တဲ့ ဘောလုံးရာသီ နဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ် ဆိုရင် ၊ လက်ရှိ အဆင့်မှာ 3 ဂိုးတောင် ပိုများပြားလျှက် ရှိနေပါတယ်။

ဒါ့အပြင် တစ်ရာသီ အတွင်း အုပ်စုပွဲ 5 ပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး လီဗာပူး ကစားသမား ဖြစ်လာခဲ့သလို ၊ အုပ်စု သွင်းဂိုး အများဆုံး သွင်းယူနိုင်တဲ့ ကစားသမား အဖြစ်လဲ 7 ဂိုး နဲ့ စံချိန် တင်သွားခဲ့ ပါတယ်။

 

အင်္ဂလန် ဘောလုံး အသင်းတစ်သင် အတွက် သူ သွင်းယူပေးခဲ့တဲ့ စုစုပေါင်း ချန်ပီယံလိဂ် သွင်းဂိုး က 33 ဂိုး အထိ ရှိလာနေပြီ ဖြစ်ပြီး ၊ ဒရော့ဘာ ရဲ့ 36 ဂိုး ၊ အဂွေးရိုး ရဲ့ 36 ဂိုး ၊ ဗန် နစ္စတဲလ်ရွိုင်း ရဲ့ 35 ဂိုး ၊ အွန်နရီ ရဲ့ 35 ဂိုး စံချိန်တွေ ကိုလဲ မကြာခင် ကျော်ဖြတ်သွားဖွယ် ရှိနေပါတယ်။

ဝုဖ် နဲ့ ပွဲစဉ်မှာ ဟီးရိုး ဖြစ်ခဲ့တဲ့ အိုရီဂီ ကတော့ ဒီပွဲမှာလဲ အသင်းအတွက် အနိုင်ဂိုး သွင်းယူရင်း ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ရတဲ့ အထိ ခြေစွမ်းပြသွားခဲ့ပါတယ်။ ဒီဂိုး ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ စပါး အသင်းဘက်ကို အနိုင်ဂိုး သွင်းယူပြီး နောက်ပိုင်း ၊ ဥရောပ ပြိုင်ပွဲမှာ သူ ပထမဆုံး ပြန်သွင်းတဲ့ ဂိုးလဲ ဖြစ်ပါတယ်။

SPORTS MYANMAR