14 ယောက် ကစားပေးဖို့ အဆင်ပြေတာနဲ့ မဖြစ်မနေ ပွဲကစားရတော့မယ့် ပရီးမီးယားလိဂ် ကလပ်များ

ပရီးမီးယားလိဂ် အသင်းတွေ ရဲ့ မန်နေဂျာတွေ ၊ အသင်းခေါင်းဆောင်တွေ ဟာ မနေ့ကပဲ မျက်နှာချင်းဆိုင် အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပကာ လက်ရှိ ကိုဗစ် ပျံ့နှံ့မှု ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့ကြပါတယ်။

အာဆင်နယ် ၊ လီဗာပူး အသင်းတွေ က လက်ရှိ ပွဲစဉ်တွေ ကို တစ်ခဏတာ ရပ်နားဖို့ ဘက်ကနေ ဆွေးနွေးခဲ့ကြပေမယ့် ၊ အသင်း အများစု က ဆက်ကစားဖို့ ဆန္ဒရှိခဲ့တာကြောင့် ကိုဗစ် ကူးစက်နှုန်း မြန်ဆန်နေသည့်တိုင်အောင် ရပ်နားချင်း မရှိပဲ ဆက်လက် ကစားတော့မှာ ဖြစ်ပါတယ်။

အဲဒီလို ယှဉ်ပြိုင် ကစားရမှာ ဂိုးသမား 1 ယောက် + ကစားသမား 13 ယောက် အထိ ကြံ့ခိုင်မှု ပြည့်၀ နေလျှင် မဖြစ်မနေ ကစားရမှာ ဖြစ်ပြီး ၊ အဆိုပါ ကစားသမား 13 ယောက် စာရင်းမှာ ဒီရာသီ အသုံးပြုထားတဲ့ ယူ 21 အောက် ကစားသမားတွေထဲ ထည့်သွင်း တွက်ချက်ရမယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် လက်ရှိ ဘောလုံးရာသီမှာ စီနီယာ အသင်းကြီး အတွက် ပါဝင် ကစားပေးထားတဲ့ ယူ 21 အောက် က ချာတိတ်တွေ ကိုလဲ ပရီးမီးယားလိဂ် က ထည့်သွင်း တွက်ချက်တော့မှာ ဖြစ်ပါတယ်။

အဆိုပါ ကိန်းဂဏန်း အောက် ရောက်ရှိနေမှသာ ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခွင့်ရှိမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ကလဲ FA Cup တတိယ အဆင့်နဲ့ ၊ စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ်တွေကို ပယ်ဖျက်ပေးလိုက်ပါတယ်။ အဲဒီ အဓိပ္ပါယ် က လာမယ့် ဇန်နဝါရီ လ အတွင်းမှာ စတင် ကစားမယ့် အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲစဉ်တွေမှာ တစ်ကျော့ထဲနဲ့ အဖြေပေါ်အောင် ကစားရတော့မှာ ဖြစ်ကာ ၊ အရင်လို ပြန်ကန်တာမျိုးတွေ လုပ်ဆောင်တော့မှာ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ် ဟာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံခြင်း ကိစ္စတွေ နဲ့ ပတ်သက်လို့ အသေးစိတ် မဟုတ်သော်လဲ အကြမ်းဖျင်း သတင်း အချက်အလက်တွေကို ကြေငြာပေးမယ်လို့ ကတိပေးသွားပြီး ၊ ကူးစက်ခံရမှု အသေးစိတ် အချက်အလက်တွေကိုတော့ ချပြဦးမှာ မဟုတ်သေးပါဘူး။

အစည်းအဝေး မှာ ထုတ်ဖော် ပြောဆိုချက် အရ ပရီးမီးယားလိဂ် ကစားသမား စုစုပေါင်း 16% ဟာ အခုထိ ကာကွယ်ဆေး ထိုးနှံရခြင်း မရှိသေး လို့ သိရပါတယ်။ ဒါဟာ အခြား လိဂ်ပြိုင်ပွဲတွေ နဲ့ နှိုင်းယှဉ်ရင် တော်တော်ကို နည်းပါးလွန်းတဲ့ အချက် ဖြစ်ပြီး ကစားသမား + ဝန်ထမ်းတွေ စုစုပေါင်း နဲ့ ခြုံတွက်ကြည့်လိုက်မယ် ဆိုရင် 92% ဟာ အနည်းဆုံး တစ်ကြိမ်စီတော့ ထိုးပြီးပြီလို့ ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ ပြိုင်ပွဲ တာဝန်ရှိသူတွေဟာ ကာကွယ်ဆေး ထိုးနှံခြင်း မရှိသေးတဲ့ ဘောလုံး သမားတွေ ၊ ဝန်းထမ်းတွေကို ကာကွယ်ဆေး ထိုးဖြစ်အောင် တိုက်တွန်း သွားမယ်လို့ ကတိပေးသွားခဲ့ပါတယ်။

အစိုးရရဲ့ တာဝန်ရှိသူတွေ ကလဲ လက်ရှိ ကူးစက်မှုတွေ မြန်ဆန်နေသည့်တိုင်အောင် Lockdown ကာလ သတ်မှတ်ပြီး ထိန်းချုပ်တာမျိုးတွေ လုပ်ဆောင်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပရီးမီးယားလိဂ်ထံ အသိပေးခဲ့ပါတယ်။

သတင်း သမားတွေ ကတော့ ကလပ် အသင်း အများစုဟာ ပွဲစဉ်တွေကို ရပ်ဆိုင်းဖို့ ဆန္ဒရှိကြသော်လဲ ဒီကာလမှာ ကစားမယ့် ပွဲစဉ်တွေကို Amazon Prime ထံ ဈေးကြီးကြီး နဲ့ ရောင်းချထားတဲ့ အတွက် ၊ အဲဒီ ငွေကြေး ပမာဏတွေ နည်းပါးသွားမှာ စိုးရိမ်နေတဲ့ အတွက် ဆက်ကစားတာ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ ပရီးမီးယားလိဂ် အနေနဲ့လဲ အဲဒီ ကိစ္စအပေါ် မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ပေါ်ပေါက်လာစေချင်ဟန် မတူပါဘူး။

ဒါကြောင့် ပွဲစဉ်တွေကို ဆက်ကစားပေးဖို့ အမြဲတမ်း တိုက်တွန်းနေခဲ့တာ ဖြစ်ပါတယ်။

SM