၂၀၂၁ ကို သရေ နဲ့ နှုတ်ဆက်တဲ့ ဘာဆာ ၊ မီလန် ၂ သင်းရဲ့ ကွင်းသစ်အမည် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစား ခဲ့တဲ့ လိဂ် ဖလား ကွာတား ဖိုင်နယ် ပွဲစဉ် မှာတော့ အာဆင်နယ် ဟာ ဆန်းဒါးလန်း အသင်းကို ၅-၁ နဲ့ အနိုင် ကစားပြီး ဆီမီး ဖိုင်နယ် အဆင့်ကို တက်ရောက် သွားခဲ့ ပါတယ် ။

အာဆင်နယ် အတွက် လူငယ်လေး အန်ကိတီယာ က ဟက်ထရစ် သွင်းခဲ့ပြီး ဒါဟာ သူ့ဘဝမှာ ပထမဆုံး ဟက်ထရစ် ဖြစ်ခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ဘာစီလိုနာ ဟာ ဆီဗီးလား နဲ့ အဝေးကွင်းမှာ ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။ ဆီဗီးလား က ပွဲအစ ၃၂ မိနစ် မှာ အဖွင့်ဂိုး ရခဲ့ပြီး ဘာစီလိုနာ ဘက်က ၄၅ မိနစ်မှာ ပြန်လည် ချေပဂိုး သွင်းယူ ပေးခဲ့တာပါ ။

ဒီသရေ ရလဒ်ကြောင့် ဘာစီလိုနာ ဟာ ၂၀၂၁ ကို လာလီဂါ Top Four အပြင်ဘက် ကနေ ကုန်ဆုံး ရတော့မှာ ဖြစ်ပြီး ဆီဗီလား ကတော့ ရီးရဲ မက်ဒရစ် နဲ့ ၅ မှတ်အကွာ ၊ ဒုတိယ နေရာမှာ ရပ်တည် နေခဲ့ ပါတယ် ။

 

ဘာစီလိုနာ ဂိုးသမားကြီး တာ စတီဂျန် ကတော့ သူ့ရဲ့ ဘာဆာ ကစားသမား ဘ၀ ပွဲ ၃၀၀ ပြည့်မှာ ဂိုး ၃၀၀ မြောက် ဂိုးကို ခွင့်ပြု ခဲ့ရတာပဲ ဖြစ် ပါတယ် ။

စီးရီးအေ မှာတော့ ယူဗင်တပ် ဟာ အိမ်ကွင်းမှာ ကာဂလီယာလီ ကို ၂-၀ နဲ့ အနိုင် ရရှိ ခဲ့ပြီး အတ္တလန်တာ ရဲ့ သရေ ကျမှု ကို အခွင့်ကောင်းယူကာ အဆင့် ၄ နေရာကို တဖြည်းဖြည်း နီးကပ် လာနိုင်ခဲ့ ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ ဒီရာသီမှာ ဘိုဒို ဂလင့် နဲ့ အတူ ကွန်းဖရန့်လိဂ် မှာ တောက်ပ လာတဲ့ တိုက်စစ်မှူး ဘိုသိမ်း ကို ကရက်စနိုဒေါ အသင်းက ခေါ်ယူဖို့ ဆွေးနွေး နေပြီ ဖြစ်ကာ ပါစင်နယ်ပိုင်း အရ သဘောတူညီမှု ရရှိ ထားပြီလို့ သိရ ပါတယ် ။

 

ကာဂလီယာလီ မှာ ကစားနေတဲ့ ယူရဂွိုင်း ခံစစ်မှူးကြီး ဒီယေဂို ဂိုဒင် ကတော့ ဇန်နဝါရီ မှာ အသင်းကနေ ထွက်ခွာ မယ်လို့ အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

အင်တာမီလန် နဲ့ အေစီမီလန် တို့ဟာ သူတို့ရဲ့ ကွင်းသစ်ကြီး ကို “The Cathedral” လို့ အမည်ပေးလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန် အသိပေး သွားခဲ့ ပါတယ် ။

မီလန် ၂ သင်းဟာ လက်ရှိ အသုံးပြု နေတဲ့ သမိုင်းဝင် ကွင်းကြီး ဆန်စီရို ကို ဖြိုဖျက်ကာ ခေတ်မီ ကွင်းသစ်ကို တည်ဆောက် သွားမှာပဲ ဖြစ်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ အော်ဘားမီးယန်း နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ အပေါ် ပြောင်းလဲ သွားဖို့ အစီအစဉ် မရှိပါဘူးလို့ ပြောဆို ခဲ့ပြီး မနေ့ညက လိဂ် ဖလား ပွဲမှာလည်း ဆက်လက် ချန်လှပ် သွားခဲ့ ပါတယ် ။

နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟမ်း ကတော့ သူဟာ ပြန်ကစား နိုင်ပြီလို့ ထုတ်ဖော် ပြောဆို သွားခဲ့ပြီး နိုင်ဂျီးရီးယား အသင်းနဲ့ အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲ ကို ဝင်ရောက် ကစားပေးဖို့ ရှိနေပြီ ဖြစ်ကြောင်း အသိပေး သွားခဲ့ ပါတယ် ။

အဲဗာတန် အသင်း ဟာ ရိန်းဂျားစ် အသင်းရဲ့ ညာနောက်ခံလူ နေသန် ပတ်တာဆန် အတွက် တတိယ အကြိမ် ကမ်းလှမ်းမှု ပြုလုပ် ခဲ့တယ်လို့ သိရ ပါတယ် ။ အဲဗာတန် ဟာ ပတ်တာဆန် အတွက် ပေါင် ၅ သန်း နဲ့ ကမ်းလှမ်း ခဲ့ပေမယ့် ရိန်းဂျားစ် ဘက်က ပေါင် ၁၀ သန်း အနည်းဆုံး အလို ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်း ကတော့ ဘာစီလိုနာ ခံစစ်မှူး ကလီမန့် လန်းလတ် ကို ဇန်နဝါရီ မှာ ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

မန်စီးတီး နဲ့ ဝက်စ်ဟမ်း နည်းပြဟောင်း မန်နူရယ် ပယ်လီဂရီနီ ကတော့ လက်ရှိ နည်းပြ နေတဲ့ ရီးရဲ ဘက်တစ် အသင်းနဲ့ ၂၀၂၅ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို လိုက်ပြီလို့ သတင်း ကြားသိရ ပါတယ် ။

 

SPORTS MYANMAR