၂၀၁၂ တုန်းကလို အနေအထားမျိုးအထိ တွေးဖို့ စောလွန်းပါသေးတယ်လို့ ဒီဘရိုင်းနား ထုတ်ဖော်ပြောဆို

မန်ချက်စတာ စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းနား က ဒီရာသီမှာ သူတို့ အနေနဲ့ သွင်းဂိုးတွေ များစွာ ရရှိ ထားပေမယ့် ၂၀၁၂ ရာသီ တုန်းကလိုမျိုး အခြေအနေထိ တွေးတော ထားဖို့ စောလွန်း နေသေးကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

မန်စီးတီး ဟာ ၂၀၁၁-၂၀၁၂ ဘောလုံး ရာသီ တုန်းက မန်ချက်စတာ ယူနိုက်တက် နဲ့ နောက်ဆုံး ပွဲစဉ် အထိ ရမှတ်တူညီ နေခဲ့ပြီး ဂိုးကွာခြားချက် အသာ ရရှိမှုကြောင့် အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့ ဖူးပါတယ် ။

မနေ့ ညက ပွဲမှာ မန်စီးတီး ဟာ လိဒ် ယူနိုက်တက် ကို ၇-၀ နဲ့ ဂိုးပြတ် အနိုင် ယူအပြီး မှာတော့ အဆင့် ၁ နေရာကို ဆက်လက် ထိန်းထား နိုင်ခဲ့သလို ဂိုးကွာခြားချက် ကလည်း +၃၁ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။

ဒီရာသီ မှာ မန်စီးတီး ၊ လီဗာပူး နဲ့ ချဲလ်ဆီး တို့ ဟာ အမှတ်ပေး ချန်ပီယံဆု အတွက် အကျိတ်အနယ် ယှဉ်ပြိုင် ရလိမ့်မယ်လို့ ခန့်မှန်း ထားကြပြီး ပွဲစဉ် ၁၆ ပြီးသည် အထိ သူတို့ ၃ သင်း အကြားမှာ ၂ မှတ်သာ ကွာဟလျက် ရှိပါတယ် ။

ဒါကြောင့် ရာသီကုန်အထိ အမှတ်တူ ၊ အမှတ်ကပ် နေပါက ဂိုးကွာခြားချက် ကြီးမားတဲ့ အသင်းဟာ ချန်ပီယံဆု အတွက် အားသာချက် ရှိလာ နိုင်မှာ ဖြစ်ပါတယ် ။

 

ဒါပေမယ့် ကယ်ဗင် ဒီဘရိုင်းနား ကတော့ လောလောဆယ်မှာ ကစားပွဲတွေ ကိုသာ အနိုင် ရဖို့ကို အာရုံစိုက် ထားပြီး ဂိုးကွာခြားချက် နဲ့ ဆုံးဖြတ်ရမယ့် ကိစ္စမျိုး အထိ တွေးတော မထားသေးကြောင်း မနေ့ ညက ပွဲ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

“ဂိုးကွာခြားချက် နဲ့ ဆုံးဖြတ်ရမယ့် အကြောင်းတွေ ဖြစ်ချင် ဖြစ်လာနိုင်ပါတယ် ။ ဒါပေမယ့် အခု လောလော ဆယ်မှာတော့ လက်ရှိ အဆင့် နဲ့ ခြေစွမ်းကို ဆက်ထိန်းထားပြီး တပွဲချင်းစီ အတွက် အကောင်းဆုံး ကစားသွား ဖို့ပဲ စိတ်ကူး ထားပါတယ် ။

ဂိုးတွေ အများကြီး သွင်းနိုင်တာက အထောက်အကူ ဖြစ်ပါတယ် ၊ ဒါပေမယ့် ဒါမျိုးက ရာသီအကုန် မှသာ သိရမှာပါ ။ လက်ရှိ မှာတော့ ဒီ အကြောင်းကို တွေးမထား သေးပါဘူး”

“ပရီးမီးယားလိဂ် က တကယ် ခက်ခဲပြီး အကြိတ်အနယ် ရှိတဲ့ နေရာ တခုပါ ၊ ထိပ်ဆုံး ၃ သင်း အကြိတ်အနယ် ရှိနေတယ် ဆိုပေမယ့် ထိပ်ဆုံး ၃ သင်း အပြင်က အသင်းတွေ ကလည်း အနိုင်ယူဖို့ တကယ် ခက်ခဲ ပါတယ် ။ ပွဲတိုင်း အနိုင် ကစားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ပါဘူး ။

၁ ဂိုးတည်းနဲ့ ကပ်ပြီး နိုင်တဲ့ ပွဲတွေလည်း ရှိခဲ့ပါတယ် ။

ရာသီကုန်ဖို့ကတော့ အဝေးကြီး ကျန်ပါသေးတယ် ၊ ရှေ့ဆက်ပြီး ခက်ခဲတဲ့ လမ်းတွေကို လျောက်ရဦးမှာပါ ။

ဒါကြောင့် အခု ကျွန်တော်တို့ လုပ်နိုင်တာက တပွဲချင်း အကောင်းဆုံး ဖြစ်အောင် ကစားသွားဖို့ပါပဲ” လို့ ဒီဘရိုင်းနား က ပြောဆို သွားခဲ့ ပါတယ် ။

မနေ့ ညက သွင်းဂိုးတွေကြောင့် မန်စီးတီး ဟာ ဂွာဒီယိုလာ လက်အောက်မှာ ပရီးမီးယားလိဂ် သွင်းဂိုး ၅၀၀ ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ပါတယ် ။

လာမယ့် ပိတ်ရက် မှာတော့ စီးတီး ဟာ နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ် ပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ မန်စီးတီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေ ကတော့ –

အီဒါဆင် ၆

ဒီယာ့စ် ၇ ၊ စတုန်း ၇ ၊ လာပေါ့တ် ၇

မာရက်ဇ် ၉ ၊ ရိုဒရီဂို ၈ ၊ ဒီဘရိုင်းနား ၉ ၊ ဇင်ချန်ကို ၈

ဘာနာဒို ၉ ၊ ဖိုဒန် ၉ ၊ ဂရီလစ်ရှ် ၉ တို့ပဲ ဖြစ်ကြပါတယ် ။

 

SPORTS MYANMAR