၁၆ သင်းဆင့် လက်မှတ် ၅ စောင် ၊ အုပ်စုဗိုလ်နေရာနဲ့ ယူရိုပါလိဂ် ရထားစီးခွင့်တို့အတွက် အကြိတ်အနယ် ရှိနေဦးမယ့် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်များ



၂၀၂၁ – ၂၀၂၂ ဘောလုံး ရာသီရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကြီး ကတော့ အုပ်စု နောက်ဆုံး ပွဲစဉ်တွေကို ရောက်ရှိလို့ လာခဲ့ ပါပြီ ။

ဒီပွဲစဉ် ပြီးသွားရင်တော့ လာမယ့်နှစ် ဖေဖော်ဝါရီမှ ရှုံးထွက် ပွဲတွေကို ပြန်လည် စတင် ကြမှာပါ ။

ပွဲစဉ် ၅ အပြီးမှာတော့ အသင်း ၁၁ သင်းဟာ ရှုံးထွက် အဆင့်အတွက် အရည်အသွေး ပြည့်မီ သွားခဲ့ကြ ပါပြီ ။ အချို့ ဆိုရင် အုပ်စု ပထမ နေရာပါ သေချာ နေခဲ့ပြီ ဖြစ်တာကြောင့် ဒီတပတ် ပွဲစဉ်ဟာ စိတ်ဝင်စားဖို့ ကောင်းမှာ မဟုတ်တော့ ပါဘူး ။

 

ဒါပေမယ့် လက်ကျန် ၅ နေရာ အတွက် အကျိတ်အနယ် ယှဉ်ပြိုင် ကြရဦးမှာ ဖြစ်သလို အချို့ အုပ်စုတွေ မှာလည်း အုပ်စု ဗိုလ် ဖြစ်ရေး အတွက် အမှားမခံ ကစားကြရဦးမှာပါ ။ အုပ်စု တတိယ အသင်းတွေ ကတော့ ယူရိုပါလိဂ် ကို သက်ဆင်း ကစားကြရပါမယ် ။

 

စုစုပေါင်း အုပ်စု ၈ ခု ရှိတဲ့ အထဲမှာ အုပ်စု C ကတော့ ပထမ ၊ ဒုတိယ နဲ့ တတိယ အသင်းတွေ အားလုံး ပွဲစဉ် ၅ မှာ ကတည်းက အဖြေပေါ်လို့ ပြီးခဲ့ပါပြီ ။ စပို့တင်း နဲ့ အိုင်ယက်စ် က ရှုံးထွက် အဆင့် ရောက်သွားခဲ့ပြီး နာမည်ကြီး ဒေါ့မွန် ကတော့ ယူရိုပါလိဂ် ကို ဆင်းခဲ့ရ ပါတယ် ။

 

ကျန်တဲ့ အုပ်စုတွေ ထဲမှာတော့ အုပ်စု A မှာ မန်စီးတီး က အဆင့် ၁ နေရာကို သေချာစွာ ဆုပ်ကိုင် နိုင်ခဲ့ပြီ ဖြစ်လို့ ဒီတပတ် ကစားမယ့် လိုက်ပ်ဇစ် နဲ့ အဝေးကွင်း ပွဲကို အားလျော့ မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ။

ကလပ် ဘရုဂျ် နဲ့ လိုက်ပ်ဇစ် တို့ဟာ ၄ မှတ်စီ နဲ့ ယူရိုပါလိဂ် ဝင်ခွင့်အတွက် အဆုံးအဖြတ် ခံယူရမှာ ဖြစ်ပြီး လိုက်ပ်ဇစ် နဲ့ အဝေးကွင်း ကစားမယ့် မန်စီးတီး ၊ ဘရုဂျ် ကို အိမ်ကွင်းမှာ ဧည့်ခံမယ့် PSG တို့ အပေါ်မှာ အများကြီး မူတည်နေမှာပါ ။

အုပ်စု B မှာတော့ လီဗာပူး ဟာ မရဏ အုပ်စု ဆိုတာ သူနဲ့ မသက်ဆိုင်သလိုပဲ ပြိုင်ဘက်တွေကို ပွဲတိုင်း အနိုင်ယူခဲ့ပြီး စောစော စီးစီး နောက်တဆင့်ကို အုပ်စုဗိုလ် အဖြစ်နဲ့ ထက်သွားခဲ့ ပါပြီ ။ ဒီတပတ် ကတော့ လီဗာပူး ရဲ့ စောင်မကြည့်ရှုမှု ရက်သတ္တတ်ပါပဲ ။ ဆန်စီရို မှာ လီဗာပူး ကို ဧည့်ခံရမယ့် အေစီမီလန် အတွက် လီဗာပူး က နတ်သားလား ငရဲသားလား ဆိုတာ စောင့်ကြည့် ရမှာပါ ။

ဒါပေမယ့် လီဗာပူး တို့ အေစီမီလန် ကို အနိုင်ယူခွင့် ပေးခဲ့မယ် ဆိုရင်တောင် ပေါ်တိုက အက်သလက်တီကို မက်ဒရစ် ကို ပေါ်တူဂီမြေပေါ်မှာ နိုင်သွားခဲ့မယ် ဆိုရင် အေစီမီလန် ရဲ့ မျှော်လင့်ချက် အားလုံး သဲထဲ ရေသွန် ဖြစ်သွားမှာပါ ။

ပေါ်တို က ကိုယ့်အလုပ် ကိုယ်လုပ်ပြီး အနိုင် ကစားဖို့ပဲ လိုပါတယ် ၊ သရေ ဆိုရင်တော့ အီတလီ မြေပေါ်မှာ လီဗာပူး နိုင်ဖို့ မျှော်လင့်ရမှာပါ ။ အက်သလက်တီကို မက်ဒရစ် ကတော့ ပေါ်တိုကို နိုင်ရင်တောင် အေစီမီလန် မနိုင်မှ ရှုံးထွက် အဆင့်ကို တက်ခွင့်ရမှာပါ ။


လီဗာပူး ၊ ပေါ်တို ၊ အေစီမီလန် ၊ အက်သလက်တီကို မက်ဒရစ် ဆိုတဲ့ အစဉ်လိုက်အတိုင်းပဲ ပြီးသွားဖို့ များပါတယ် ။

 

အုပ်စု D ကတော့ ရီးရဲ မက်ဒရစ် နဲ့ အင်တာမီလန် တို့ ထိပ်တိုက် ဆုံပြိး အုပ်စု ပထမ နေရာကို အဆုံးအဖြတ် ခံယူမှာက လွဲရင် အခြားရင်ခုန်စရာ မရှိပါဘူး ။ သရေကျရုံနဲ့ ရီးရဲ တို့ အုပ်စု ပထမ ရမှာပါ ၊ အင်တာကတော့ မဖြစ်မနေ နိုင်ဖို့လိုပါတယ် ။ ယူရိုပါလိဂ် ဝင်ခွင့်ကတော့ ရှရစ် တီယာစပေါ် က ရထားပြီးသားပါ ။

အုပ်စုနောက်ဆုံး ပွဲစဉ်မှာ ပရိသတ်တွေ စိတ်ဝင်စားမှု အမြင့်ဆုံး အုပ်စု ကတော့ အုပ်စု E ပဲ ဖြစ်မှာပါ ။

ဘာလို့လည်း ဆိုတော့ ဘာစီလိုနာ တို့ ယူရိုပါလိဂ် ကို ရောက်သွား နိုင်တာကြောင့် ပါပဲ ။

ဂိုးကွာဟချက် နဲ့ ထိပ်တိုက်တွေ့ဆုံမှု အရ အဆင့် ၃ နေရာက ဘင်ဖီကာ ကို ဘာစီလိုနာ တို့ အမှတ်တူခွင့် ပေးလို့ မရပါဘူး ။ ဒါကြောင့် နောက်တဆင့်ကို တက်ဖို့ အတွက် ၂ နည်းပဲ ရွေးစရာ ရှိပါတယ် ။

ဘိုင်ယန် ကို အနိုင်ကန်ရင်ကန် ၊ ဒါမှမဟုတ်ရင် ဘင်ဖီကာ တို့ ဒိုင်နမိုကိဗ်ဒ် ကို အနိုင်မရအောင် ဆုတောင်းဖို့ ပါပဲ ။

တကယ်လိ့ုသာ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် ၅ မှာ ဗီလာရီးရဲ ကို မနိုင်ခဲ့ဘူးဆိုရင် အုပ်စု F ဟာ နောက်ဆုံးပိတ် ပွဲစဉ်မှာ အကျိတ်အနယ် အရှိဆုံး အုပ်စု ဖြစ်လာမှာပါ ။ အခုတော့ ယူနိုက်တက် က နောက်တဆင့် တက်ပြီးသား အသင်း အဖြစ်နဲ့ ယန်းဘွိုင်းစ် ကို ဧည့်ခံ ကစားရတော့မှာပါ ။

ဆွစ်ဇာလန် ကလပ် ယန်းဘွိုင်းက ပထမအကျော့ တုန်းက ယူနိုက်တက် ကို နိုင်ထားတယ် ဆိုပေမယ့် အခု ယူနိုက်တက် က လုံး၀ ခြားနားနေပါပြီ ။ ယန်းဘွိုင်း နိုင်ဖို့ ဆိုတာ မဖြစ်နိုင်လောက်အောင် ပါပဲ ။

ယန်းဘွိုင်း တို့ အဝေးကွင်းမှာ ရှုံးမယ်လို့ တွက်ထားလိုက်မယ် ဆိုရင် အီတလီ မြေပေါ်က အတ္တလန်တာ – ဗီလာရီးရဲ ပွဲဟာ ၁၆ သင်းဆင့် နဲ့ ယူရိုပါလိဂ် ဝင်ခွင့်ကို ဆုံးဖြတ်ပေးမယ့် ဗိုလ်လုပွဲ အငယ်စားလေး ဖြစ်လာ တော့မှာပါ ။

ဗီလာရီးရဲ က သရေကျလို့ရပေမယ့် အိမ်ရှင် အတ္တလန်တာ ကတော့ နိုင်မှကို ဖြစ်မှာ ဖြစ်လို့ အစွမ်းကုန် အားထုတ် ကစားသွားမှာ အသေအချာပါပဲ ။

ပွဲစဉ် ၅ ပြီးတဲ့ အထိ တသင်းမှ မတက်သေးတဲ့ အုပ်စု တခု ရှိပါတယ် ။ အုပ်စု G ပါ ။ အဆင့် ၁ က လိုင်လီ နဲ့ အဆင့် ၄ က ဝုဖ်ဘတ် တို့ ၃ မှတ်သာ ကွာနေပြီး အခုရက်သတ္တပတ်မှာ သူတို့ ၂ သင်း ဂျာမန်မြေပေါ်မှာ ကစားကြမှာပါ ။

ဆဲလ်ဘတ် က ဆီဗီးလား ကို ဧည့်ခံရမှာ ဖြစ်ပြီး ဘယ်အသင်းမဆို နောက်တဆင့် တက်နိုင်ဖို့ အတွက် အနိုင် ရလဒ် တမျိုးတည်းကသာ ကျိန်းသေပေါက် အာမခံချက် ပေးနိုင်မှာ ဖြစ်လို့ တကယ် ရင်ခုန် စိတ်လှုပ်ရှား စရာ ကောင်းပြီး မိနစ်နဲ့ အမျှ အပြောင်းအလဲတွေ ဖြစ်နေတဲ့ ပွဲစဉ် ၂ ပွဲ ကို ကြည့်ရှု ခံစား ကြရမှာပါ ။

Tie break သတ်မှတ်ချက်တွေ သုံးရဖို့ သေချာသလောက်ပါပဲ ။ ဘယ်သူ ဘာဖြစ်မယ်ဆိုတာ ပြောဖို့ အရမ်းခက် ပါတယ် ။

 

အုပ်စု H ရဲ့ ဒီတပတ် မှာ ချဲလ်ဆီး က အရမ်းအေးတဲ့ ရုရှ ကို သွားပြီး ဇင်းနစ် နဲ့ ရင်ဆိုင် ရပါမယ် ။ ယူဗင်တပ် ကတော့ မယ်လ်မို ကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာပါ ။

လူတွေ နာနေပြီး ဒီဇင်ဘာ ပွဲကြပ်တွေ ရှိတဲ့ ချဲလ်ဆီး တို့ အဝေးကွင်းမှာ လူတွေ ထပ် အနာခံပြီး အနိုင်ရလဒ် ကို လဲယူဖို့ အလားအလာ သိပ်မရှိ ပါဘူး ။

လက်ရှိ ချန်ပီယံ ဆိုတဲ့ ဂုဏ် မပျက်အောင် သရေလောက် ထိန်းကစားသွားဖွယ် ရှိပါတယ် ။

ဒီအခွင့်အရေးကို ယူဗင်တပ် ယူနိုင်မလား စောင့်ကြည့် ရမှာပါ ။ ၁၂ မှတ်စီ တူနေကြတာကြောင့် ချဲလ်ဆီး ရုရှ မြေမှာ အနိုင်မရခဲ့ဘူး ဆိုရင် တူရင်မြေပေါ်က နိုင်ပွဲဟာ ယူဗင်တပ် ကို အုပ်စု ပထမနေရာကနေ နောက်တဆင့် တက်စေမှာပါ ။

မယ်လ်မို အတွက်ကတော့ နောက်နှစ်မှာ ပြန်လည် ဆုံတွေ့ ကြပါစို့လို့ ပြောရုံပါပဲ . . . . . ။

 

SPORTS MYANMAR