၁၆သင်း အဆင့်မှာ တွေ့နိုင်မယ့် ပြိုင်ဖက်တွေအထဲက အလွယ်ဆုံး လိုင်လီနဲ့ မဲကျခဲ့ပေမယ့် ၊ ချဲလ်ဆီး အသင်းထံ သတိပေးမှု တခု ပြုလုပ်လိုက်တဲ့ ဂျိုကိုးလ်

နေ့က ပြုလုပ်ခဲ့တဲ့ ၂၀၂၁ – ၂၀၂၂ ဘောလုံး ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ၁၆ သင်း ရှုံးထွက်အဆင့် အတွက် မဲခွဲပွဲကို ဆွစ်ဇာလန် နိုင်ငံ ၊ နီယွန်မြို့မှာ ကျင်းပ ပြီးစီးခဲ့ရာ ၊ ကနဦး မဲခွဲမှုမှာ နည်းပညာပိုင်း အမှားအယွင်း ဖြစ်ခဲ့တာကြောင့် ၊ နောက် ၃နာရီ အကြာမှာ မဲခွဲမှု နောက်တကြိမ် ပြုလုပ်ခဲ့ပါတယ် ။

ကနဦး မဲခွဲမှုမှာ အက်သလက်တီကို – ဘိုင်ယန်မြူးနစ် ၊ ပီအက်စ်ဂျီ – မန်ချက်စတာ ယူနိုက်တက် တို့လို ပရိသတ်တွေရဲ့ အာရုံကို အပြည့်အဝ ဖမ်းစားနိုင်မယ့် ပွဲတွေ ပါဝင်ခဲ့ပါတယ် ။ အလားတူ နောက်တကြိမ် မဲခွဲမှုမှာလည်း အက်သလက်တီကို – မန်ချက်စတာ ယူနိုက်တက် ၊ ပီအက်စ်ဂျီ – ရီးရဲလ်မက်ဒရစ် တို့လို ပွဲကြီးတွေလည်း ထပ်မံ ပါဝင်ခဲ့ပြန်ပါတယ် ။

ထူးဆန်းခဲ့တာ က လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်းရဲ့ ၁၆သင်းအဆင့်ပွဲ ဖြစ်ပါတယ် ။ ချဲလ်ဆီး ဟာ ၁၆သင်း အဆင့်မှာ တွေ့နိုင်မယ့် အုပ်စုဗိုလ် ကလပ် ၄သင်း ရှိခဲ့ပြီး ၊ ထိုအထဲမှာ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် ၊ အေဂျက်ဇ် တို့လို ချန်ပီယံလိဂ် ဘိုးအေတွေ ပါဝင်ခဲ့ပါတယ် ။

ကံကောင်းစွာနဲ့ ချဲလ်ဆီး ဟာ ထို ၄သင်း အနက် အလွယ်ဆုံး ပြိုင်ဖက် ဖြစ်တဲ့ လက်ရှိ ပြင်သစ် လီဂူးဝမ်း ချန်ပီယံ လိုင်လီ အသင်းနဲ့ မဲခွဲမှု ၂ကြိမ်လုံးမှာ တိုက်တိုက်ဆိုင်ဆိုင် ထိပ်တိုက် ရင်ဆိုင်ခွင့် ရခဲ့ပါတယ် ။

လိုင်လီ ဟာ ဒီရာသီ ပြည်တွင်းလိဂ်မှာ အခြေအနေ ဆိုးနေပေမယ့် ၊ ချန်ပီယံလိဂ်မှာတော့ မျှတတဲ့ ပြိုင်ဖက်တွေနဲ့ တအုပ်စုတည်း ကျရောက်ခဲ့တာကြောင့် ၊ တပွဲတိုး ကြိုးစား ကစားခဲ့ကာ ၊ အုပ်စု နောက်ဆုံးပွဲမှာ ဝုလ်ဖ်ဘတ်ကို ၁ – ၃ နဲ့ အနိုင်ရခဲ့ပြီး ၊ အုပ်စုဗိုလ် အဖြစ်နဲ့ ၁၆သင်း အဆင့်သို့ တက်ရောက်လာတာ ဖြစ်ပါတယ် ။

ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ချဲလ်ဆီး ကတော့ အုပ်စုဗိုလ် နေရာ အတွက် အနီးကပ် ပြိုင်ဖက် ယူဗင်တပ် ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၄ဂိုးပြတ်နဲ့ နိုင်ခဲ့သည့်တိုင် ၊ အုပ်စု နောက်ဆုံးပွဲမှာ ဇင်းနစ် အသင်းကို တဖက် ၃ဂိုးစီ သရေသာ ကစားနိုင်ခဲ့လို့ ၊ အုပ်စု ဒုတိယ နေရာဖြင့်သာ ဒီအဆင့်ကို တက်ရောက်လာတာ ဖြစ်ပါတယ် ။

တဖက်မှာ ကံကြမ္မာ က ချဲလ်ဆီးဖက် အပြည့်အဝ ရှိခဲ့ပြီး ၊ အလွယ်ကူဆုံး မဲခွဲမှု ပေးခဲ့ပါတယ် ။ သို့ပေမယ့် ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဂျိုကိုးလ် က သူဟာ ၁၆သင်းအဆင့်မှာ လိုင်လီနဲ့ ရင်ဆိုင်ရမယ့် အသင်းဟောင်း အတွက် ပျော်ရွှင်နေပေမယ့် ၊ ပြင်သစ် ချန်ပီယံကို လျှော့မတွက်ဖို့ အခုလိုပဲ သတိပေး ပြောဆိုခဲ့ပါတယ် ။

 

BT Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ဂျိုကိုးလ် က ” ချဲလ်ဆီး ဟာ ဒီ မဲခွဲမှု အတွက် အရမ်း ပျော်ရွှင်နေမှာ မှန်ပေမယ့် ၊ ကျွန်တော် ကတော့ သတိပေးစကားပဲ ပြောချင်ပါတယ် ။ ဘာလို့လဲ ဆိုတော့ လိုင်လီ ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ၊ အင်အား တောင့်တင်းတဲ့ ၊ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တဲ့ အသင်း ဖြစ်လို့ပါပဲ ။ ”

” သူတို့မှာ ဘာဆုံးရှုံးစရာမှ မရှိပါဘူး ။ ချဲလ်ဆီး ဟာ လက်ရှိ ဥရောပ ချန်ပီယံ ဖြစ်တာကြောင့် ၊ ဒီပြိုင်ပွဲမှာ အမဲလိုက်ခံရမယ့် အသင်း ဖြစ်ပါတယ် ။ လိုင်လီသာ တကယ် စိန်ခေါ်မှု အပြည့်နဲ့ ကစားမယ် ဆိုရင် ၊ သူတို့ဟာ ခြောက်ခြားစရာကောင်းတဲ့ ပတ်ဝန်းကျင် တခု ဖန်တီးသွားနိုင်ပါတယ် ။ ”

” ချဲလ်ဆီး အတွက်တော့ ပိုခက်တဲ့ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် တို့ကို ရှောင်နိုင်ခဲ့တာ ဟာ စိတ်သက်သာရာ ရစေတဲ့ လက္ခဏာ တခု ဖြစ်ပေမယ့် ၊ ခင်ဗျား ဟာ လိုင်လီ ကို လျှော့တွက်လို့ မရပါဘူး ။ သူတို့မှာ အကြောက်တရား ကင်းမဲ့တဲ့ ၊ အလားအလာကောင်းတဲ့ လူငယ် ကြယ်ပွင့် အများကြီး ရှိပြီး ၊ ချဲလ်ဆီး အနေနဲ့ ဒါကို ကြိုတင် မျှော်လင့်ထားရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR