အဲဗာတန် နဲ့ ပွဲမှာ အူဘာမီယန်းကို ချန်လှပ်ပြီး ဘယ်သူ့ကို ပွဲထုတ်သင့်သလဲ ဆိုတာ အကြံပေးလိုက်တဲ့ အလန်စမစ်

ဂန်းနား တိုက်စစ်မှူးဟောင်း အလန်စမစ် က ဒီနေ့ညမှာ အဲဗာတန် နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၁၅) မှာ အာဆင်နယ် အသင်း နည်းပြ အာတီတာ အနေနဲ့ တိုက်စစ်မှူး အူဘာမီယန်း ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ပြီး မာတီနယ်လီ ကို False-nine အဖြစ် အသုံးပြုဖို့ တိုက်တွန်း သွားခဲ့ပါတယ် ။

ဘရာဇီး လူငယ် ကြယ်ပွင့် ဂါဘရီယဲလ် မာတီနယ်လီ ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ၁၁ ပွဲ ပါဝင် ကစားပြီး ၁ ဂိုးသာ သွင်းယူ ထားနိုင်ပါတယ် ။ ဒါပေမယ့် မာတီနယ်လီ ဟာ မန်ယူနိုက်တက် နဲ့ ပွဲက စွမ်းဆောင်ရည်ကောင်းတွေကြောင့် ပရိသတ်တွေရဲ့ချီးကျူးမှုကို ရရှိနေပါတယ် ။

မာတီနယ်လီ ဟာ မန်ယူနိုက်တက် နဲ့ ပွဲမှာ ဆာကာ ရဲ့နေရာ ညာတောင်ပံမှာ ပွဲထွက် ကစားခဲ့တာ ဖြစ်ပါတယ် ။ အလန်စမစ် ကတော့ အဲဗာတန် နဲ့ ပွဲမှာ ပုံစံကောင်း ပျောက်ဆုံးနေတဲ့ အူဘာမီယန်း ကို ချန်လှပ်ပြီး မာတီနယ်လီ ကို အလယ်ပို့ပြီး false nine အဖြစ် ကစားခိုင်းသင့်တယ်လို့ Off the ball မှာ ပြောကြား သွားခဲ့ပါတယ် ။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အူဘာမီယန်း ဟာ ဒီရာသီမှာ ပင်နယ်တီ နှစ်ကြိမ် အပါအဝင် ကောင်းမွန်တဲ့ အခွင့်အရေး ၆ ကြိမ်ကို လွဲချော် ခဲ့ပြီး ၁၃ ပွဲ ကစားရာမှာ သွင်းဂိုး ၄ ဂိုးသာ သွင်းယူ ထားနိုင်ပါတယ် ။

အူဘာမီယန်း ဟာ အာဆင်နယ် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးကတည်းက စွမ်းဆောင်ရည်ပိုင်း ကျဆင်းလာတာ ဖြစ်ပြီး ၊ မနှစ်ကလည်း ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀ ဂိုးသာ သွင်းယူ နိုင်ခဲ့ပါတယ် ။

စမစ် က ” အာတီတာ အနေနဲ့ အဲဗာတန် နဲ့ ပွဲမှာ false nine နဲ့ ကစားလို့ရပါတယ် ၊ ထိပ်တန်း နည်းပြ အတော်များများ ကစားကြပါတယ် ၊ မာတီနယ်လီ တစ်ယောက် ခြေစွမ်းကောင်းတွေ ပြန်ရလာတာက တကယ့်ကို အားတက် စရာပါပဲ ၊ သူ ဒဏ်ရာရပြီးနောက်ပိုင်းကတည်းက ရုန်းကန်နေရတာကြာပါပြီ ၊ ယုံကြည်မှုလည်း ကျဆင်းနေခဲ့ပါတယ် ။ ”

” ဒါပေမယ့် အခုတော့ မာတီနယ်လီ ကို တိုက်ပွဲဝင်စိတ် အပြည့် ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်မြင်တွေ့ နေရပါပြီ ။ မာတီနယ်လီ က အာဆင်နယ် အသင်းရဲ့တိုက်စစ် အတွက် အဖြေလို့ ကျွန်တော် မထင်ပါဘူး ၊ ဒါပေမယ့် ရေတို အတွက်ဆိုရင်တော့ သူ လုပ်နိုင်ပါလိမ့်မယ် ။ ”

” သူ့ဘေးနားမှာ ကောင်းမွန်တဲ့စုဖွဲ့မှု၊ နားလည်မှု ရှိနေရင် မာတီနယ်လီ အနေနဲ့ အတွင်းမှာ နေရာယူပြီး ဂိုးသွင်းတာဝန် ယူနိုင်ပါလိမ့်မယ် ။ မန်စီးတီးမှာဆို ဘာနန်ဒို ဆေးလ်ဗား ၊ စတာလင် ၊ ဖိုဒန် တို့ ကစားလေ့ ရှိပါတယ် ၊ သူတို့ အားလုံး အလယ် မှာ ကစားကြပါတယ် ၊ ဘာကြောင့်လဲဆို ကစားသမား အားလုံးက အသင်းရဲ့ ကစားပုံကို နားလည်ပြီး ဘယ်လို အလုပ်လုပ် ရမလဲ ဆိုတာ သိကြလို့ပါ ။ ”

” အာတီတာ က မန်စီးတီး လို ဖြစ်ဖို့ ကြိုးစား နေတာပါ ၊ မာတီနယ်လီ မှာ အဲ့ဒီလို ကစားနိုင်တဲ့အရည်အသွေး ရှိတယ် ဆိုတာသံသယ ဖြစ်စရာ မရှိပါဘူး ၊ သူက အမြန်နှုန်းလည်း ရှိပါတယ် ၊ ကာလတို မှာတော့ မာတီနယ်လီ နဲ့ အလုပ်ဖြစ်ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM