အဲဗာတန်ကို သရေကျခဲ့ပြီးနောက် ၊ မန်စီးတီး ၊ လီဗာပူးတို့မှာ ရှိတဲ့ အားသာချက် တရပ်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ လူမစုံတဲ့ အဲဗာတန် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားခဲ့ရသလို ၊ ဦးဆောင်ဂိုးလည်း အရင် သွင်းနိုင်ခဲ့ပေမယ့် ၊ အာရုံစိုက်မှု အားနည်းခဲ့ခြင်း ၊ အဆုံးသတ် ညံ့ဖျင်းခဲ့ခြင်းတွေကြောင့် တဖက် တဂိုးစီ သရေ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ် ။

ဒီ ရလဒ်ကြောင့် ချဲလ်ဆီး ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အနီးကပ် ပြိုင်ဖက်တွေ ဖြစ်ကြတဲ့ မန်စီးတီး ၊ လီဗာပူး တို့နဲ့ ၄မှတ် ၊ ၃မှတ် အကွာကို ရောက်သွားခဲ့ရပြီ ဖြစ်ပါတယ် ။ ဒီအတွက်ကြောင့် ချန်ပီယံ ပြေးလမ်းကြောင်းမှာ ခြေမချော်စေဖို့ ၊ ချဲလ်ဆီး အသင်း အနေနဲ့ လာမယ့် ပွဲတွေမှာ အပြည့်အဝ ကြိုးစား ပေးဆပ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ် ။

တဖက်မှာ အိမ်ရှင် အသင်း ဟာ မနေ့ည က ပွဲမတိုင်မီ အချိန်ပို အတွင်းမှာပဲ ၊ ကိုဗစ် ကူးစက်ခံထားရတဲ့ ကစားသမား ၄ဦး အထိ ထပ်တိုးခဲ့တာကြောင့် ၊ ကြံ့ခိုင်မှု မပြည့်သေးတဲ့ ၊ ဒဏ်ရာရထားတဲ့ ကစားသမားတွေကို ထပ်တွက်ရင် ၊ အသင်းသား ၈ဦး အထိ အသုံးပြုခွင့် မရှိခဲ့ပါဘူး ။

ဒါဟာ အရေးကြီးတဲ့ ဒီဇင်ဘာ ကာလမှာ အနီးကပ် ပြိုင်ဖက် ၂သင်းနဲ့ ယှဉ်လာတဲ့အခါ ၊ ချဲလ်ဆီးကို တပန်းရှုံးစေပါတယ် ။ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ အဓိက ကစားသမား အများစု ပြဿနာ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရခြင်း ဟာ လက်ရှိ မန်စီးတီးနဲ့ လီဗာပူးမှာ ရှိမနေတဲ့ အကြောင်း ထုတ်နုတ် သုံးသပ်လိုက်ပါတယ် ။

beIN Sport နဲ့ တွေ့ဆုံခဲ့တဲ့ ပွဲပြီး အင်တာဗျူးမှာ တူချယ် က ” မန်စီးတီး ၊ လီဗာပူးတို့ ၂သင်းနဲ့ ကျွန်တော်တို့ အကြား အဓိက ကွာဟသွားတဲ့ အချက် တချက် က သူတို့မှာ ပွဲထွက် ကစားသမား အများစု ဒဏ်ရာ ၊ ကိုဗစ် ပြဿနာတွေ မရှိနေခြင်း ဖြစ်ပါတယ် ။ ”

” ကျွန်တော်တို့မှာတော့ နောက်ပိုင်း ရက်သတ္တပတ်တိုင်းလိုလိုမှာ ပွဲထွက် ကစားသမား ၅ဦး ၊ ၆ဦးလောက် ဒဏ်ရာ ၊ ကြံ့ခိုင်မှု ပြဿနာတွေနဲ့ ရင်ဆိုင်နေခဲ့ရတာပါ ။ ဒီလို အနေအထားမျိုးမှာ ခင်ဗျား ဟာ အသင်းကို ပြိုင်ဆိုင်မှု ပြင်းထန်အောင် လုပ်ပေးချင်ရင်တောင် မလွယ်ပါဘူး ။ ဒီတော့ ကျွန်တော်တို့ ရုန်းကန်နေရတာလည်း မဆန်းပါဘူး ။ ”

” ဒါဟာ ပြဿနာ တရပ်တော့ မဟုတ်ပေမယ့် ၊ ကျွန်တော်တို့ ဒါကို မဖြစ်မနေ လက်ခံရပါမယ် ။ အထူးသဖြင့် ဒီနေ့ပွဲမှာဆိုရင် သရေ ရလဒ် ထွက်စရာ အကြောင်း လုံးဝ မရှိခဲ့တာပါ ။ ဒါပေမယ့် ဒီလို ဖြစ်ရပ်မျိုး လက်ရှိ အခိုက်အတန့်မှာ ကျွန်တော်တို့ ကြုံနေရပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က ‘ kil the game ‘ မလုပ်နိုင်ခဲ့တာ က ၄င်းတို့ အတွက် ဒီရာသီမှာ အခုမှ ပထမ အကြိမ် ကြုံဖူးတာ မဟုတ်ကြောင်းကို ” ဒီနေ့ပွဲ ဟာ ပွဲပြီးခါနီးမှာ ဘန်လေကို တဖက် တဂိုးစီ သရေကျခဲ့တာမျိုး ၊ လိဒ်စ်ကို နာကျင်အချိန်ပိုမှ ကံကောင်းပြီး ပင်နယ်တီနဲ့ နိုင်ခဲ့တာမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR