အဲဗာတန်ကို နိုင်ခဲ့တဲ့ပွဲစဉ်အပြီးမှာ လီဗာပူးစတားဟာ ဒေါသထွက်နေခဲ့တယ်လို့ ထုတ်ဖော်လိုက်တဲ့ ကလော့

ယာဂန်ကလော့ဟာ မိုဟာမက်ဆာလားရဲ့ စိတ်ဓာတ် ဘယ်လောက် ပြင်းထန်သလဲ ဆိုတာကို ချပြသွားခဲ့ပြီး အီဂျစ်စတားဟာ မနေ့ညက အဲဗာတန်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အပြီးမှာ ကွင်းထဲကနေ ထွက်ခွာလာတဲ့အချိန် ဒေါသထွက်နေခဲ့တယ်လို့ ထုတ်ဖော် သွားခဲ့ပါတယ်။ လီဗာပူးဟာ မာဆေးဆိုက်ပြိုင်ဘက် အဲဗာတန်ကို ဂွတ်ဒီဆင်ပက်မှာ ၄ ဂိုး ၁ ဂိုး နဲ့ နိုင်ခဲ့တဲ့ ဆာလားက ၂ ဂိုး သွင်းယူခဲ့ပါတယ်။

အီဂျစ်စတားဟာ လက်ရှိမှာ ပရီးမီးယားလိဂ် သွင်းဂိုးဇယားမှာ ၁၂ ဂိုးနဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေသလို ပြိုင်ပွဲစုံမှာလည်း ၁၉ ပွဲကစား ၁၉ ဂိုး ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကလော့က အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ မာဆေးဆိုက် ဒါဘီမှာ ဟက်ထရစ် မရခဲ့တဲ့ အတွက် သူ့ကိုယ်သူ မကျေမနပ် ဖြစ်နေခဲ့တယ်လို့ ပြောသွားပါတယ်။

ကလော့က “ပွဲအပြီးမှာ သူ ဒေါသထွက်နေ ခဲ့ပါတယ်။ သူဟာ အဲဗာတန် ဘက်ကို တတိယမြောက်ဂိုး သွင်းယူချင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒါတွေနဲ့ ပက်သက်ပြီး သိပ်ပြီး ခေါင်းထဲ မရှိပါဘူး။

သူ သွင်းယူခဲ့တဲ့ ဂိုး ၂ ဂိုးကို ကြည့်လိုက်ပါ။ ပထမဂိုးဟာ ဟန်ဒါဆန်ရဲ့ pass ကနေ သွင်းယူခဲ့တာပါ။ သူ့ရဲ့ ဒုတိယမြောက်ဂိုး ဆိုရင် ကျွန်တော်တို့ အနေနဲ့ ပြိုင်ဘက်တွေ ဒီလိုမျိုး အမှားတွေ လုပ်မိအောင် တွန်းအား ပေးသွားရမှာ ဖြစ်ပါတယ်။

သူဟာ ကိုးမန်းကို ဖိအားတွေအောက် ရောက်စေခဲ့ပါတယ်။ ဒီလိုမျိုး အခြေအနေကို ကျွန်တော်တို့ ချဲလ်ဆီး vs ယူနိုက်တက် ပွဲမှာ မြင်တွေ့ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်တဲ့ ဂျော်ဂျင်ညိုတောင်မှ ဒီလို ဖိအားနဲ့ အမြင့်ဘောတွေအောက်မှာ အမှား လုပ်ခဲ့ပါတယ်။ ဆာလားဟာ ဒီပုံစံအတိုင်း ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။ အရမ်းကို ကောင်းပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ယာဂန်ကလော့ဟာ ဂွတ်ဒီဆင်ပက်မှာ ရင့်ကျက်တဲ့ ခြေစွမ်းကို ပြသသွားခဲ့တဲ့ သူ့အသင်းသားတွေရဲ့ ကစားပုံနဲ့ ပက်သက်ပြီး ကျေနပ်နေပါတယ်။

ကလော့က “ကျွန်တော် လီဗာပူးကို ရောက်လာခဲ့ပြီးနောက်ပိုင်း ဒါဟာ ဂွတ်ဒီဆင်ပက်မှာ ကျွန်တော်တို့ ပြသခဲ့တဲ့ အကောင်းဆုံး ခြေစွမ်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာ ခြေစွမ်းကောင်းကောင်းနဲ့ ကစားနိုင်ခဲ့တဲ့ ပွဲစဉ် တစ်ချို့ ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီညလောက် ကျွန်တော်တို့ မကောင်းခဲ့ဖူးပါဘူး။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ နိုင်ခဲ့တာပါ။ ကျွန်တော် ဒါနဲ့ ပက်သက်ပြီး တကယ် ပျော်ပါတယ်။

အဲဗာတန် ၊ မန်ယူနိုက်တက် တို့နဲ့ ကစားခဲ့ရတဲ့ ဒါဘီပွဲစဉ် ၂ ပွဲဟာ ကျွန်တော်တို့ အတွက် big game တွေ ဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ အကောင်းဆုံး ကစားသွားချင်တဲ့ အတွက် ကိုယ့်ကိုကိုယ် တည်ငြိမ်မှု ရှိအောင် လေ့လာသင်ယူခဲ့ရပါတယ်။ ဂွတ်ဒီဆင်မှာ လာကစားခဲ့တဲ့ အရင်ပွဲတွေတုန်းက ကျွန်တော်တို့ဟာ လိုအပ်ချက်တွေ များခဲ့ပါတယ်။

ကျွန်တော် ဒီနေ့မှာ တကယ်ရင့်ကျက်ပြီး အရမ်းကို aggressive ဖြစ်တဲ့ ဒေါသတကြီး ကစားဟန်ကို လိုချင်ခဲ့ပါတယ်။ ဒါပေမယ့် သန့်ရှင်းတဲ့ ကစားပုံနဲ့ပါ။

ဘောလုံးကို ပြန်လည် ရယူရမယ့် အခြေအနေတွေ ၊ counter pressing တွေမှာ ဒေါသ လောဘတွေ မရှိလို့ မရပါဘူး။ ဒါတွေကို လိုအပ်ပါတယ်။

ဒါပေမယ့် ဘောလုံးနဲ့ အတူ သူတို့ရဲ့ ကစားကွက်ကို ကျော်ဖြတ်သွားရမယ့် အခိုက်အတန့်တွေ ရွေ့လျားမှုတွေ လုပ်သွားရမယ့် အချိန်တွေ ရှိပါတယ်။ ဒီလို အခြေအနေတွေမှာတော့ ခြားနားတဲ့ mindset လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီညမှာ ဒါတွေ ရှိခဲ့ပါတယ်။”

SM