အူဘာမီယန်း ရဲ့နေရာကို ဆက်ခံနိုင်စွမ်း ရှိတဲ့ အာဆင်နယ် ကစားသမား တစ်ဦးနာမည်ကို ပြောကြားလိုက်တဲ့ အီယန်ရိုက်

ဂန်းနား တိုက်စစ်မှူးဟောင်း အီယန်ရိုက် က ဘရာဇီး လူငယ် တိုက်စစ် ကစားသမား မာတီနယ်လီ ဟာ အူဘာမီယန်း ရဲ့ နေရာကို ဆက်ခံ နိုင်စွမ်း ရှိသူ ဖြစ်ကြောင်း ဝက်စ်ဟမ်း အသင်း နဲ့ ပွဲအပြီးမှာ ချီးကျူး သွားခဲ့ပါတယ် ။

မာတီနယ်လီဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလကမှ ဘရာဇီး ကလပ် အီတူယာနို အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိ လာတာလည်း ဖြစ်ပါတယ် ။

ဘရာဇီး လူငယ် တိုက်စစ်မှူး မာတီနယ်လီ ဟာ အာဆင်နယ် ကစားသမား ဘဝ ပထမဆုံး ရာသီမှာတင် ပြိုင်ပွဲစုံ ၂၆ ပွဲ အထိ ကစားခွင့်ရခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၁၀ ၊ ဂိုးဖန်တီးမှု ၄ ကြိမ် အထိ ပြု လုပ်နိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ မာတီနယ်လီ ဟာ ဒူးဒဏ်ရာကြောင့် ကိုးလကြာ အနားယူ ခဲ့ရပြီး ၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ အာဆင်နယ် အတွက် ပြန်လည် ကစား ပေးနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် မာတီနယ်လီ ဟာ ပုံမှန် ပွဲထွက် ကစားခွင့် မရရှိဘဲ အချိန် အများစုကို အရန်ခုံမှာသာ ကုန်ဆုံး ခဲ့ရပါတယ် ။

မာတီနယ်လီ ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲသာ ကစားခွင့် ရခဲ့ပြီး သွင်းဂိုး ၂ ဂိုး ၊ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။

ဒီရာသီမှာတော့ မာတီနယ်လီ ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ နှစ်ပွဲမှာပဲ ပွဲထွက် ကစားခွင့် ရခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ အရန်ခုံသာ ထိုင်ခဲ့ရပါတယ် ။ ဒါပေမယ့် မာတီနယ်လီ ဟာ ခုနောက်ပိုင်းပွဲတွေမှာ ပွဲထွက် ကစားခွင့် ဆက်တိုက် ရနေပြီး မနေ့က ကစားခဲ့တဲ့ ပွဲမှာလည်း အာဆင်နယ် အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

အီယန်ရိုက်ကတော့ အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပြီး ပွဲထွက် ကစားခွင့် မရ ဖြစ်နေတဲ့ အူဘာမီယန်း ရဲ့နေရာကို မာတီနယ်လီ က အစားဝင်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ် ။ ” သူ(မာတီနယ်လီ) က အူဘာ နေရာကို ဆက်ခံ နိုင်စွမ်း ရှိသူပါ ။

” မာတီနယ်လီ က ဒီနှစ်အတွင်းမှာ ကံမကောင်းခဲ့ပြီး ဒဏ်ရာတွေကြားမှာ ရုန်းကန် ခဲ့ရပါတယ် ။ ဒါပေမယ့် ဒီနေ့ ပွဲထွက် ကစားခွင့် ပြန်ရလာတဲ့ အချိန် အခွင့်အရေး ရလာချိန်မှာ တည်တည်ငြိမ်ငြိမ် နဲ့ အဆုံးသတ် ကန်သွင်း နိုင်ခဲ့ပါတယ် ။ ”

” သူ ဒီလို ခြေစွမ်းကောင်းတွေ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်ပါတယ် ၊ သူက အူဘာမီယန်း ရဲ့ နေရာကို ဆက်ခံ နိုင်စွမ်း ရှိတဲ့ ကစားသမား တစ်ဦးပါ ။ ဒါပေမယ့် သူ အသင်းကို အကျိုးပြုနိုင်မလား ? ဂိုးသွင်းစွမ်းရည်ကောင်းကို ဆက်ထိန်းထားနိုင်မှာလား? အခွင့်အရေးတွေ ဖန်တီး ပေးနိုင်မှာလား? ဆိုတဲ့ မေးခွန်းတွေတော့ ရှိပါတယ် ။ ”

” ကျွန်တော်တို့သာ ဒါတွေကို လုပ်နိုင်ရင် ဂိုးတွေ ပိုရလာနိုင်သလို ဂိုးသွင်းခွင့် အခွင့်အရေးတွေလည်း ပိုရလာနိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM