အူဘာမီယန်း ကို အသင်း ခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့ခြင်း ၊ အသင်းခေါင်းဆောင်သစ် က ဘယ်သူလဲဆိုတဲ့ မေးခွန်းတွေကို ဖြေကြားခဲ့တဲ့ အာတီတာ

အာဆင်နယ် အသင်းဟာ ဝက်စ်ဟမ်း အသင်းနဲ့ လန်ဒန် ဒါဘီ ပွဲမတိုင်မှီမှာ ပြီးခဲ့တဲ့ တစ်ပတ်က စည်းကမ်း ချိုးဖောက်မှု လုပ်ခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်း ကို အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း ထုတ်ပြန် ကြေညာ လိုက်ပါတယ် ။

ဒါ့အပြင် အူဘာမီယန်း ကို ဝက်စ်ဟမ်း နဲ့ ပွဲ လူစာရင်းမှာလည်း ရွေးချယ်မှာ မဟုတ်ကြောင်း တစ်ဆက်တည်း ထုတ်ပြန် သွားခဲ့ပါတယ် ။အူဘာမီယန်း ဟာ ဆောက်သမ်တန် နဲ့ ပွဲမတိုင်မှီ ပုဂ္ဂိုလ်ရေး ကိစ္စ တစ်ခုကြောင့် ခရီးထွက် ခဲ့ပြီး သတ်မှတ် အချိန်မှာ အသင်း နဲ့ ပြန်လည် ပူးပေါင်း နိုင်ခဲ့ခြင်း မရှိဘဲ နောက်ကျခဲ့ပါတယ် ။

အကျိုးဆက် အနေနဲ့ အာဆင်နယ် နည်းပြ အာတီတာ ဟာ အူဘာမီယန်း ကို ဆောက်သမ်တန် နဲ့ ပွဲလူစာရင်းကနေ ချန်လှပ် ခဲ့ပါတယ် ။ အူဘာမီယန်း ဟာ အရင်ကလည်း အလားတူ စည်းကမ်း ချိုးဖောက်မှု လုပ်ခဲ့တာကြောင့် ဒီတစ်ကြိမ်ထပ် အဖြစ်မှာတော့ ဂါဘွန်သားဟာ သူ့ရဲ့ အသင်း ခေါင်းဆောင် လက်ပတ်ကို ဆုံးရှုံး သွားခဲ့ရပါပြီ ။

လက်ရှိမှာ အာဆင်နယ် အသင်းဟာ ဘယ်သူ့ကို အသင်း ခေါင်းဆောင် ရာထူး ပေးသွားမလဲ ဆိုတာ တရားဝင် ကြေညာ ခြင်းမရှိသေးပါဘူး ။ အာတီတာ ကတော့ ဝက်စ်ဟမ်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အူဘာမီယန်း ကို အသင်း ခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့တာနဲ့ ပတ်သက်ပြီး ခုလို ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော် ထပ်ပြောစရာ များများစားစား မရှိတော့ပါဘူး ၊ အသင်းရဲ့ ထုတ်ပြန်ချက် က လုံးဝ ရှင်းရှင်းလေးပါ ၊ နောက်ဆုံး ဖြစ်ခဲ့တဲ့ အဖြစ်အပျက် နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ခုလို ဆုံးဖြတ်ချက် ချမှတ် ခဲ့တာ ဖြစ်ပါတယ် ။ ”

” ကျွန်တော်တို့ ကလပ် အသင်း အနေနဲ့ကော နည်းပြ တစ်ဦး အနေနဲ့ပါ အူဘာမီယန်း နဲ့ စကားပြော ဖြစ်ခဲ့ပါတယ် ။ ကစားသမား နဲ့ မျက်နှာချင်းဆိုင် စကား ပြောခဲ့ပြီးပါပြီ ၊ သူ့အနေနဲ့ ဒီဆုံးဖြတ်ချက်ကို လက်ခံ ပေးဖို့ လိုပါတယ် ။ ”

 

ဆက်လက်ပြီး အာတီတာ က အသင်းခေါင်းဆောင်သစ်က ဘယ်သူ ဖြစ်မလဲ ဆိုတဲ့ မေးခွန်းကို ” ကျွန်တော်တို့ အသင်းမှာ ခေါင်းဆောင် အရည်အသွေး ရှိတဲ့ အစုအဖွဲ့ ရှိပါတယ် ၊ နောက်ဆုံးပွဲမှာဆိုလည်း အသင်းခေါင်းဆောင် ရာထူးအတွက် ဆန်ကာတင် ဖြစ်ခဲ့တဲ့ ကစားသမားတွေ ရှိခဲ့ပါတယ် ၊ လာကာဇက် က အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ခဲ့သလို ရှာကာကလည်း အရင်က အသင်းခေါင်းဆောင် လုပ်ဖူးခဲ့သူပါ ။ ”

” အခု အခြေအနေက စိတ်ကျေနပ်စရာ အခြေအနေ မဟုတ်တာတော့ အသေအချာပါပဲ ၊ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ အသင်း ခေါင်းဆောင်သစ်ကို အလျင်စလို ရွေးချယ် ဆုံးဖြတ် သွားမှာ မဟုတ်ပါဘူး ၊ ခု အသင်းရဲ့ ခေါင်းဆောင် အစုအဖွဲ့က တောင့်တင်းမှု ရှိတာ အသေအချာပါပဲ ။ ”

အူဘာ ကို အသင်း ခေါင်းဆောင်ရာထူးကနေ ဖယ်ရှား ခဲ့တဲ့ အပေါ် အသင်းသားတွေရဲ့ တုန့်ပြန်မှုက ဘယ်လို ရှိသလဲ ဆိုတဲ့ မေးခွန်းကို ” သူတို့ လက်ခံကြပါတယ် ။ နောက်ပြီး သူတို့လည်း သိကြပါတယ် ၊ အသင်းရဲ့အစဉ်အလာ အသင်းရဲ့ တောင်းဆိုမှု ဒီအသင်းကို ကိုယ်စားပြု ကစားတဲ့ အခါမှာ ဘယ်လို စံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိရမလဲ ဆိုတာတွေပေါ့ဗျာ ၊ ဒီစံချိန် စံညွှန်းတွေ နဲ့ မကိုက်ညီရင်တော့ အသင်းရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ခွင့် ရမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM