အူဘာမီယန်း ကို ဘာစီလိုနာ ကွင်းလယ်လူ နဲ့ အလဲအထပ်လုပ်ဖို့ တိုက်တွန်းလိုက်တဲ့ ကီဗင်ကမ်းဘဲလ်

ဂန်းနား တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ် က ဘာစီလိုနာ အသင်း ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို အာဆင်နယ် အသင်း ကွင်းလယ်လူ သောမက်စ် ပါတေး ရဲ့ တွဲဖက် အဖြစ် မြင်တွေ့ ချင်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ဒီဂျောင် ဟာ ၂၀၁၉ ခုနှစ်မှာ ကတ်တလန် ကလပ် ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း ( ပေါင် ၆၅ သန်း ) နဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး ပရိသတ်တွေ မျှော်လင့်ထားတဲ့ စွမ်းဆောင်ရည်မျိုး ပြသထားနိုင်ခြင်း မရှိသေးပါဘူး ။

နယ်သာလန် ကွင်းလယ်လူဟာ မန်ချက်စတာ ယူနိုက်တက် ၊ ဘိုင်ယန်မြူးနစ် တို့လို အသင်းတွေနဲ့ သတင်းတွေ ထွက်နေပြီး ကစားသမားရဲ့ဖခင် ဖြစ်သူကတော့ သူ့ရဲ့ သားကို ခေါ်ချင် နေကြတဲ့ ဥရောပ ထိပ်တန်း ၅ သင်း အထိ ရှိတယ်လို့ ပြောကြား ထားပါတယ် ။

တစ်ချိန်တည်းမှာပဲ ဘာစီလိုနာ အသင်းဟာ အာဆင်နယ် အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရတဲ့ အူဘာမီယန်း ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းတွေ ထွက်နေပါတယ် ။

ကီဗင်ကမ်းဘဲလ် ကတော့ ဒီဂျောင် ကို အာဆင်နယ် အသင်းမှာ မြင်တွေ့ ချင်နေပြီး ဖြစ်နိုင်မယ် ဆိုရင် အူဘာမီယန်း ကို အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်း အဖြစ် အသုံးချဖို့ Football Insider မှာ ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော်ကတော့ ဒီဂျောင်ကို သဘောကျပါတယ် ၊ ဖြစ်နိုင်ရင် အာဆင်နယ် အသင်းမှာ သူ့ကို မြင်တွေ့ ချင်ပါတယ် ၊ သူက ဘာစီလိုနာ အတွက် အံ့ဖွယ် ကစားသမား တစ်ဦး ဖြစ်တာကြောင့် လက်လွှတ် ရောင်းချသွားဖို့ မမြင်မိပါဘူး ။ ”

” သူက အာတီတာ ရဲ့ အာဆင်နယ် အသင်းမှာ သေချာပေါက် အံဝင်နိုင်မယ့် ကစားသမား တစ်ဦးပါ ၊ အထူးတလည် အားထုတ်စရာ မလိုဘဲ အံဝင် နိုင်မယ့် ကစားသမားပါ ၊ သောမက်စ် ပါတေး ရဲ့ဘေးမှာသာ ဆိုရင် သူ လုံးဝ ကောင်းသွားမှာပါ ။ ”

” ဘာစီလိုနာ က အဂွေးရိုး အနားယူ သွားတာကြောင့် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ လိုအပ် နေပါတယ် ၊ ဒါကြောင့် အူဘာမီယန်း အတွက် နေရာ ရှိပါတယ် ။ အာဆင်နယ် ကသာ ဒီအပြောင်းအရွှေ့ကို လုပ်ချင်စိတ် ရှိပြီး အူဘာမီယန်း ကလည်း ထွက်ခွာချင်တယ်ဆိုရင် ဒီအပြောင်းအရွှေ့ ဖြစ်မြောက်အောင် လုပ်ရမှာပါ ၊ အူဘာမီယန်း ကိုသာ ရှင်းထုတ်နိုင်ရင် အာဆင်နယ် အသင်းရဲ့လစာပမာဏလည်း အတော်သက်သာသွားပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM