အုပ်စုပွဲစဉ်အားလုံး အနိုင်ရခဲ့တဲ့ ပထမဦးဆုံး English club အဖြစ် မှတ်တမ်း၀င်ခဲ့တဲ့…အေစီမီလန် ၁-၂ လီဗာပူးပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးအသင်းဟာ ဆန်စီယိုမှာ အေစီမီလန်ကို နောက်ကနေ လိုက်ကစားကာ အနိုင်ရရှိခဲ့ပြီး အုပ်စု ပွဲစဉ် ၆ ပွဲစလုံးကို အနိုင်ကစားကာ နောက်တဆင့်ကို တက်ခဲ့ပါတယ်။ ပွဲစဉ် ၄ ပြီးကတည်းက နောက်တဆင့်ကို တက်ခဲ့ပြီး ဖြစ်တဲ့ လီဗာပူးဟာ ဒီပွဲမှာ အမှတ်မလိုတော့တာကြောင့် အရန်ကစားသမား အများအပြားနဲ့ ပွဲထုတ်ခဲ့ပြီး မီလန်ကတော့ နောက်တဆင့်ကို တက်နိုင်ဖို့ အတွက် ဒီပွဲကို အနိုင်ကစားဖို့ လိုအပ်ခဲ့ပါတယ်။

တိုမိုရီဟာ မီလန် အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့်လည်း သိပ်မကြာမီမှာပဲ ချိန်ဘာလိန်ရဲ့ ကန်ချက်ကို မီလန်ဂိုးသမား မိုက်နန် ပုတ်ထုတ်ရာကနေ ဆာလားက ပိတ်သွင်းခဲ့ပါတယ်။ အဲဒီနောက် တိုမိုရီရဲ့ အမှားကနေ မာနေးရဲ့ ဂိုးကန်သွင်းမှု ဂိုးသမား ပုတ်ထုတ်ရာကနေ အိုရီဂီက ခေါင်းတိုက်ကာ လီဗာပူးအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ကလော့ရဲ့ အသင်းဟာ ချန်ပီယံလိဂ်သမိုင်းမှာ အုပ်စုပွဲစဉ် အားလုံး အနိုင်ရရှိခဲ့တဲ့ ပထမဦးဆုံး အင်္ဂလန် ကလပ် အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

၁~ဆာလား အတွက် စပယ်ရှယ်ရာသီ
ဒီဇင်ဘာ ၇ ရက်နေ့မှာတင် ဆာလားဟာ ဒီရာသီ သွင်းဂိုး ၂၀ ပြည့်သွားခဲ့ပါပြီ။ ဆာလားဟာ ဒီရာသီမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနေပြီး ဒီပုံစံကောင်းကို ဆက်ထိန်းနိုင်ခဲ့မယ်ဆိုရင် ရာသီကုန်မှာ စံချိန် အများအပြားကို တင်နိုင်ဖို့ ရှိနေပါတယ်။ မီလန်နဲ့ပွဲမှာ ဆာလားရဲ့ အဆုံးသတ်ဟာ ရိုးရိုးလေးလို့ ထင်ရပေမယ့် တကယ်တော့ ဒီလိုမျိုး အခွင့်အရေးတွေကို လွယ်လွယ်လေး လုပ်ပြနေတာ ဖြစ်ပါတယ်။ အောက်စလိတ်ချိန်ဘာလိန်ရဲ့ ကန်ချက်ကို ပုတ်ထုတ်လိုက်ချိန်မှာ မိုက်နန်ဟာ ဟန်ချက်ပျက်သွားခဲ့ပေမယ့် ဆာလားဟာ တိကျပြီး သပ်ရပ်လှတဲ့ ဘယ်ခြေကန်ချက်နဲ့ ဂိုးပိုက်ထဲကို အပြင်းကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆာလားရဲ့ ကစားပုံကို ကြည့်ရတာ တကယ့်ကို ဖျော်ဖြေမှု အပြည့်ပါပဲ။

 

၂~ ဘော်တန် ဘာရီဆီ
ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြသနာတွေ များခဲ့တဲ့ လီဗာပူးကို ချန်ပီယံလိဂ် ၀င်ခွင့်ရအောင် အဓိက စွမ်းဆောင်ပေးခဲ့ပြီးနောက် ‘ဘော်တန်ဘာရီဆီ’ လို့ အမည်ပေးခံခဲ့ရတဲ့ နက်ဖီးလစ်ဟာ ဒီရာသီမှာတော့ ဒဏ်ရာကနေ ပြန်လာခဲ့တဲ့ ဗန်ဒိုက် မာတစ် ဂိုးမက်ဇ် တို့အပြင် ကိုနာတေးလည်း ရောက်လာခဲ့တာကြောင့် ပဉ္စမမြောက် ဦးစားပေး ဖြစ်သွားခဲ့ပါတယ်။ မီလန်နဲ့ပွဲမှာတော့ ဖီးလစ်ဟာ ရှားရှားပါးပါး ပွဲထွက်ခွင့် ရခဲ့ပြီး ၎င်းရဲ့ အရည်အသွေး ဘယ်လောက် မြင့်မားသလဲ ဆိုတာကို ပြသခဲ့ပါတယ်။ ဖီးလစ်ရဲ့ ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှုတွေ အပြင် ပင်နယ်တီ ဧရိယာထိပ်မှာ မီလန်ကစားသမား ၂ ဦးကြားထဲကနေ လှပစွာ လှည့်ထွက်သွားမှုတွေကို ကြည့်လိုက်မယ်ဆိုရင် ၎င်းဟာ တကယ့်ကို ball playing ဗဟိုနောက်ခံလူ ဖြစ်ပါတယ်။

ဖီးလစ်ဟာ အနှေးနဲ့ အမြန် လီဗာပူးကနေ ထွက်ခွာသွားမှာပါ။ အစောဆုံးအနေနဲ့ လာမည့် ဇန်နဝါရီမှာ ဖြစ်နိုင်ပြီး ၎င်းကို ဘယ်အသင်းကပဲ ရသွားသည် ဖြစ်စေ တကယ့်ကို ပြည့်စုံတဲ့ ဗဟိုနောက်ခံလူ တစ်ဦးကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။ ဖီးလစ် နဲ့ ကိုနာတေး တို့အတွဲဟာ ဒီပွဲမှာ စူပါစတား ဖြစ်သူ အီဗရာဟီမိုဗစ်ကို ငြိမ်သက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ် ကလပ် တစ်ခုခုမှာ ပုံမှန် ကစားခွင့် ရဖို့ ထိုက်တန်တဲ့ အရည်အသွေးတွေ ရှိနေသူ ဖြစ်ပါတယ်။

၃~ဥရောပ အတွေ့အကြုံ နုနယ်သေးတဲ့ မီလန်
မီလန် အတွက် တိုမိုရီက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် စီးရီးအေ ကလပ်အတွက် ကောင်းမွန်တဲ့ ညတစ်ည ဖြစ်တော့မယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီပွဲမှာ မီလန်ရဲ့ ကစားပုံက အားရစရာ အခြေအနေ မရှိဘဲ မဖြစ်မနေ အနိုင်ရမှ ဖြစ်မယ့် အခြေအနေမျိုးမှာတောင် အရန်ကစားသမား အများအပြားကို ပွဲထုတ်ခဲ့တဲ့ လီဗာပူးလောက် နိုင်လိုစိတ် မပြင်းထန်ခဲ့ပါဘူး။

လီဗာပူးဟာ ပွဲအစကတည်းက မီလန်ဘက်ကို ဖိအားပေး ကစားသွားခဲ့ပြီး အိမ်ရှင်အသင်းကတော့ တန်ပြန်တိုက်စစ် နဲ့ တစ်ဦးချင်း အမှားတွေကနေပဲ အခွင့်အရေး ရယူဖို့ ချောင်းကစား ခဲ့ပါတယ်။ လီဗာပူးတို့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရသွားချိန်မှာလည်း မီလန်ရဲ့ ကစားအားက တက်လာခြင်း မရှိဘဲ ဧည့်သည်အသင်းရဲ့ လွှမ်းမိုးကစားမှုအောက်မှာပဲ မျှောနေခဲ့ပါတယ်။ အီဗရာဟီမိုဗစ် ဦးဆောင်လာခဲ့ပေမယ့် မီလန်ဟာ ဥရောပ အတွေ့အကြုံ နုနယ်လှတဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်း ဖြစ်ပြီး ဒီရာသီမှာ အုပ်စုနောက်ဆုံးနေရာနဲ့ အဆုံးသတ်ခဲ့ပေမယ့် ဒါကို သင်ခန်းစာ အဖြစ်ပဲ သတ်မှတ်သွားရမှာပါ။

၄~ပုံစံကောင်း ပြသနေတဲ့ အိုရီဂီ
ဆာဒီယိုမာနေးရဲ့ ကန်ချက်ကို မိုက်နန် ပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို အိုရီဂီက ဂိုးထောင့်ထဲကို သွေးအေးအေးနဲ့ ခေါင်းတိုက် သွင်းယူလိုက်တဲ့ အချိန်မှာ ကင်မရာတွေ အားလုံးဟာ အီဗရာမိုဗစ် ဆီကို လှည့်ခဲ့ပါတယ်။ အသက် ၄၀ အရွယ် ကစားသမားဟာ အတ္တကြီးသူလို့ နာမည်ကျော်ကာ သူ့ဆီက ချီးကျူးမှုတွေကို ပြိုင်ဘက်ကစားသမားတွေ ရခဲလှပေမယ့် ဘယ်ဂျီယံ တိုက်စစ်မှုးရဲ့ အဆုံးသတ်ကတော့ ၎င်းရဲ့ respect ကို ရသင့်သလို ပါပဲ။

၀ုဖ်နဲ့ ပွဲစဉ်မှာ လီဗာပူးအတွက် နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ အိုရီဂီရဲ့ ပုံစံကောင်းဟာ တကယ့် အချိန်ကောင်းမှာ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မာနေး နဲ့ ဆာလား တို့ ဇန်နဝါရီမှာ အာဖရိကဖလား သွားရောက် ယှဉ်ပြိုင်ချိန်မှာ လီဗာပူးဟာ ၎င်းရဲ့ ပုံစံကောင်းကို လိုအပ်မှာ ဖြစ်ပါတယ်။ လီဗာပူး ပရိတ်သတ်တွေ ကတော့ အဆိုပါ ကာလအတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အနည်းငယ် စိတ်အေးသွားမှာ ဖြစ်ပါတယ်။

၅~လီဗာပူးတို့ ပြင်ဆင်ရမယ့် အားနည်းချက်
မီလန်ဟာ တစ်ပွဲလုံး လီဗာပူး ခံစစ်ကို သိပ်ပြီး မခြိမ်းခြောက်နိုင်ခဲ့ပေမယ့်လည်း ထောင့်ကန်ဘောကနေ ဂိုးရနိုင်မယ့် နည်းလမ်းကိုတော့ ရှာတွေ့ခဲ့ပြီး အနီးထောင့်ကို ပို့ပေးလိုက်တဲ့ ဘောလုံးကို မီနာမီနို မရှင်းနိုင်ခဲ့မှုကနေ တဆင့် တိုမိုရီက ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ set-pieces တွေကနေ ပေးဂိုးတွေ များနေတာကို မြင်တွေ့နေရပြီး ဒီရာသီရဲ့ တစ်ခုတည်းသော ရှုံးပွဲဖြစ်တဲ့ ၀က်ဟမ်းနဲ့ ပွဲမှာလည်း ထောင့်ကန်ဘောကနေ ၂ ဂိုးထိ ပေးခဲ့ရပါတယ်။ ဒီပွဲမှာတော့ ဆာလားနဲ့ အိုရီဂီ တို့ရဲ့ ဂိုးတွေကြောင့် ပြန်လာနိုင်ခဲ့ပေမယ့်လည်း လက်ကျန် ဘောလုံးရာသီမှာ ထောင့်ကန်ဘောတွေ ကနေ ဂိုးပေးနေရမှုကို မပြင်ဆင်နိုင်ခဲ့ဘူးဆိုရင် လီဗာပူး အနေနဲ့ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

SM