အီတလီ vs ပေါ်တူဂီ တို့ ဆုံတွေ့ဖို့ရှိနေတဲ့ ကမ္ဘာ့ဖလား play-off final မတိုင်မီ ရော်နယ်ဒိုကို ကြိုတင်သတိပေးသွားခဲ့တဲ့ ဘိုနုချီ 

ဂျူဗင်တပ် နောက်ခံလူ လီယိုနာဒို ဘိုနုချီက ခရစ်စတီယာနိုရော်နယ်ဒို အနေနဲ့ ပေါ်တူဂီ နဲ့ အီတလီ တို့ ထိပ်တိုက် တွေ့ဆုံနိုင်တဲ့ ကမ္ဘာ့ဖလား play-off final မှာ Azzurri တို့ရဲ့ ကြံ့ခိုင်မှု အားပြုကာ ခပ်ကြမ်းကြမ်း ကစားသွားမယ့် ပုံစံ တစ်ချို့ အတွက် ကြိုတင် ပြင်ဆင်ထားရလိမ့်မယ်လို့ သတိပေးသွား ခဲ့ပါတယ်။ 

 

အီတလီ ဝါရင့် နောက်ခံလူဟာ ရော်နယ်ဒို တို့နဲ့ အတူ ဂျူဗင်တပ်မှာ အတူ တွဲဖက် ကစားခဲ့တဲ့သူတွေ ဖြစ်ကြပြီး ပေါ်တူဂီ စူပါစတား အနေနဲ့ အဆိုပါ ပွဲစဉ်မှာ အီတလီရဲ့ ကြံ့ခိုင်မှု အားပြုတဲ့ ကစားဟန် တစ်ချို့နဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ ကြိုသိထားခဲ့တယ်လို့ ပြောသွား ပါတယ်။ ပေါ်တူဂီ နဲ့ အီတလီ တို့ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အုပ်စု ပထမ နေရာ မရခဲ့တာကြောင့် ကမ္ဘာ့ဖလား ဝင်ခွင့် ရဖို့ အတွက် play-off ကစားသွားတော့မှာ ဖြစ်ပြီး ဆီမီးဖိုင်နယ် အဆင့်မှာ ပေါ်တူဂီဟာ တူရကီ နဲ့ တွေ့ဆုံနေပြီး အီတလီက မြောက်မက်ဆီဒိုးနီးယား နဲ့ တွေ့ဆုံနေပါတယ်။

ဒါ့ကြောင့် ဒီနှစ်သင်းဟာ play-off final မှာ ရင်ဆိုင် သွားရဖို့ များနေပြီး အနိုင်ရတဲ့ အသင်းဟာ ကာတာကမ္ဘာ့ဖလား ဝင်ခွင့် တစ်နေရာစာ ရရှိမှာ ဖြစ်ပါတယ်။

 

ဘိုနုချီက “ခရစ်စတီယာနိုရော်နယ်ဒို နဲ့ ကျွန်တော် စကား ပြောဖြစ်ခဲ့ပြီး ပေါ်တူဂီ vs အီတလီ တို့ တွေ့ဆုံနိုင်တဲ့ ပွဲစဉ်နဲ့ ပက်သက်ပြီး ဟာသတွေတောင် ပြောဖြစ်ခဲ့ကြပါတယ်။ ကွင်းထဲမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကြည့်ကြရတာပေါ့။ ခရစ်စတီယာနိုဟာ အီတလီ ရဲ့ ခမ်းကြမ်းကြမ်း ကစားပုံ တစ်ချို့နဲ့ ရင်ဆိုင်ရမယ် ဆိုတာ သိနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကွင်းထဲမှာ အထူး အာရုံစိုက်သွားဖို့ လိုအပ်ပါတယ်။ လာမည့် မတ်လ ကျွန်တော်တို့ ထပ်မံ တွေ့ဆုံကြတဲ့ အခါမှာ ပရိတ်သတ်တွေကို အရမ်းကောင်းတဲ့ ပွဲစဉ် ၂ ပွဲ ပေးစွမ်းနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ဘိုနုချီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက စကိုင်းအီတလီယာနဲ့ အင်တာဗျူးမှာ ရော်နယ်ဒို မရှိတဲ့ ဂျူဗင်တပ် အသင်းဟာ လက်ရှိမှာ အသင်း တစ်သင်းနဲ့ ပိုတူသွားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဘိုနုချီက “ဒါဟာ လုံးဝကို မှန်ကန်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ကျွန်တော်တို့ဟာ ဂျူဗင်တပ်ရဲ့ စရိုက်လက္ခဏာတွေ ပျောက်ဆုံး ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ CR7 လို ကြီးကြယ်တဲ့ ချန်ပီယံနဲ့ တွဲဖက် ကစားခဲ့ပြီး ကျွန်တော်တို့ အနေနဲ့ သူ့ကို အမြဲတမ်း အကောင်းဆုံး လုပ်နိုင်အောင် ပံ့ပိုးပေးခဲ့ကြကာ သူဟာ အားလုံးကို ဖြေရှင်းပေးနိုင်မယ်လို့ တွေးခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ဟာ အသင်းလိုက် စုစည်းမှု အားကို ပြန်လည် ရှာတွေ့ခဲ့ပါတယ်။” လို့ ဝန်ခံခဲ့ပါတယ်။

 

ဆက်လက်ပြီး ဘိုနုချီက သူဟာ သူဟာ ကမ္ဘာ့ဖလား play-off final အတွက် ကြိုတင် ရင်ခုန်နေတယ်လို့ ဆိုလိုက်ပြီး သူ့ရဲ့ ခလေးတွေနဲ့ အတူ ကမ္ဘာ့ဖလားကို သွားချင်တာကြောင့် ဒါဟာ နောက်ထပ် အပို တွန်းအား ဖြစ်စေတယ်လို့ ပြောသွားပါတယ်။

 

အီတလီစတားက “ကမ္ဘာ့ဖလားမှာ အီတလီကို တစ်ကြိမ်မှ မတွေ့ခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ ကလေးတွေအတွက် play-off final မှာ အနိုင်ယူကာ ဒါကို ကျွန်တော် လက်ဆောင် အဖြစ် ပေးသွားချင်ပါတယ်။ ပြီးခဲ့တဲ့ ဥရောပချန်ပီရှစ်ဟာ အားလုံး ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အရမ်းကို အရေးပါတဲ့ အရာကို လုပ်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဒါကို အတိတ်မှာ ချန်ထားပြီး ပါလာမိုမှာ ကစားသွားရမယ့် အီတလီ vs မြောက်မက်ဆီဒိုးနီးယား ပွဲစဉ် အတွက်ပဲ အာရုံစိုက်သွားရမှာပါ။

ကျွန်တော့်ရဲ့သားဟာ ဒီပွဲတွေနဲ့ ပက်သက်ပြီး စိတ်လှုပ်ရှားနေပါတယ်။ ဆီလီလီ ကို သွားရောက် ကစားရတာဟာ ကျွန်တော်တို့ အတွက် အဓိပ္ပာယ် အများကြီး ရှိနေပါတယ်။ ပရိတ်သတ်တွေ အများကြီး ကျွန်တော်တို့ကို စောင့်ဆိုင်းနေကြမယ် ဆိုတာ သေချာပါတယ်။”

 

SM