ပရီးမီးယားလိဂ် ရဲ့ ဒီဇင်ဘာ ပွဲကြပ်ကာလကတော့ မနေ့ညမှာပဲ စတင် လိုက်ပါပြီ ။
နိုင်ပွဲ မရသေးတဲ့ နယူးကာဆယ် က နောဝှစ်ချ် စီးတီး နဲ့ သရေကျ သွားခဲ့ပြီး လိဒ် ကတော့ မိနစ် ၉၀ ကျော်မှာ ရတဲ့ ဂိုးနဲ့ ပဲလေ့စ်ကို အနိုင် ကစား သွားခဲ့ပါတယ် ။
လက်ကျန် ၈ ပွဲအနက်က ၆ ပွဲကို ဒီညမှာ ကစားသွားမှာ ဖြစ်ပြီး အဲဗာတန် နဲ့ လီဗာပူး တို့ရဲ့ မာဆေးဆိုက် ဒါဘီ ပါဝင်မှာပါ ။
မန်ချက်စတာ ယူနိုက်တက် – အာဆင်နယ် ၊ စပါး နဲ့ တို့ရဲ့ ပွဲကတော့ မနက်ဖြန် ညမှာ ဆက်ပြီး ကစားသွားပါမယ် ။
ဒါကြောင့် ဒီကြားရက်မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အတွက် ပေါလ် မာဆင် ရဲ့ သုံးသပ်ခန့်မှန်းချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။
၁ ။ အဲဗာတန် – လီဗာပူး
ဒီပွဲမှာ အနိုင်ရလဒ်က တသင်းတည်း အတွက်ပဲ ရှိပါတယ် ။ တကယ်လို့ အခုစာကို ဖတ်နေသူက အဲဗာတန် ပရိသတ်ဆိုရင်တော့ စိတ်မကောင်းဘူးလို့ပဲ ပြောရမှာပါ ။
ဒီပွဲကို အဲဗာတန် ကစားနိုင်မယ့် တခုတည်းသောနည်းလမ်းက ၁၁ ယောက်စလုံး နောက်ကို ဆင်းပြီး ခုခံ တာပါပဲ ။ ဒါတောင် လီဗာပူး ကို မိနစ် ၉၀ ပြည့် တောင့်ခံ နိုင်ဖို့ဆိုတာ မလွယ်ကူ ပါဘူး ။
မြို့ခံ ဒါဘီ ပွဲ ဆိုပေမယ့် အသင်း ၂ သင်း အကြားမှာ ကွာခြားချက် ကြီးမားလွန်း နေပါတယ် ။
ဂျိုတာ ဂိုးမြုးနေသလို ဆာလာ ကလည်း ရသလောက် သွင်းဖို့ စိတ်ပြင်းပြ နေတာပါ ။ လီဗာပူး နိုင်မယ် ၊ ဂိုးပြတ်မယ် ဆိုတာ ဘယ်လိုတွေးတွေး အဖြေထွက်နေတဲ့ ကိစ္စ ပါပဲ ။
မာဆင် ကတော့ လီဗာပူး က အဲဗာတန် ကို ၃ – ၀ နဲ့ အနိုင် ယူ သွားမယ်လို့ ခန့်မှန်းထားခဲ့ ပါတယ် ။
၂ ။ ဗီလာ – မန်စီးတီး
ပဲလေ့စ် နဲ့ ပွဲမှာ ဗီလာ ကစားသွားတာ တကယ်ကောင်းပါတယ် ။ စတီဗင် ဂျရတ် က ဗီလာ မှာ အသားကျနေပြီလား လို့တောင် ထင်မိ စရာပါပဲ ။ အခု သူ့ အတွက် အရေးပါတဲ့ စမ်းသပ်ချက် တခု ရောက်လာပါပြီ ။
ဗီလာက သေချာပေါက် ခံစစ် – တန်ပြန် ကစားကွက် နဲ့ ကစားမှာပါ ။ ပွဲချိန် ကြာကြာ တောင့်ခံ နိုင်လေလေ ဗီလာ အတွက် အကျိုးရှိ လေလေ ပါပဲ ။
မန်စီးတီး ကတော့ ဂိုးစောစော ရလေ ဂိုးပြတ် နိုင်ဖို့ အလားအလာ များလေ ပါ ၊ မိနစ် ၆၀ ကျော်မှ ဆိုရင်တော့ ၁ ဂိုးလောက် အသာနဲ့ ပဲ ပြီးသွားနိုင်ပါတယ် ။
မာဆင် ကတော့ ဗီလာ ၁ – ၂ မန်စီးတီး လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။
၃ ။ ဝက်ဖိုဒ့် – ချဲလ်ဆီး
ချဲလ်ဆီး တို့ သတိထား ကစားရမယ့် ပွဲမျိုးပါ ။ ဘာလို့လည်း ဆိုတော့ ဒီပွဲ ရှုံးသွားလို့လည်း ကလော်ဒီယို ရာနီရေးနီ အတွက် ဘာဖိအားမှ ရှိလာမှာ မဟုတ်လို့ ပါပဲ ။
ရာနီရေးနီ က ပရီးမီးယားလိဂ် ကို နောကြေနေပါပြီ ၊ ဒီလို အချိန်မှာ ဘယ်လို ကစားရမယ် ဆိုတာ ကောင်းကောင်း သိပါတယ် ။
ထုထည် ကြီးမားတဲ့ ပိတ်ဆို့ ကစားပုံကို ချဲလ်ဆီးတို့ ကြုံရဦးမှာပါ ။
မန်ယူနိုက်တက် နဲ့ ပွဲမှာ ချဲလ်ဆီးတို့ ပွဲကို စိုးမိုးထားနိုင်ပေမယ့် ဂိုးသွင်း တိကျမှုမှာ အရမ်း အားနည်းခဲ့ကြပါတယ် ။ လူကာကူ ကို ထည့်တာလည်း နောက်ကျ သွားတာကြောင့်လို့ ဆိုရင် မမှားနိုင် ပါဘူး ။
အခုပွဲ မှာတော့ လူကာကူ ကို ဘယ်လို သုံးမလဲ ဆိုတဲ့ အပေါ် မူတည်ပြီး ရလဒ်က အပြောင်းအလဲ ဖြစ်လာမှာပါ ။
ချဲလ်ဆီး အမှတ်ထပ်လျော့ဖို့ ကတော့ မဖြစ်နိုင်ပါဘူး ။
မာဆင် ရဲ့ ခန့်မှန်းချက် – ဝက်ဖိုဒ့် ၁ – ၃ ချဲလ်ဆီး ဖြစ်ပါတယ် ။
၄ ။ မန်ချက်စတာ ယူနိုက်တက် – အာဆင်နယ်
ဒီဇင်ဘာ ရဲ့ အဖွင့်ကတော့ ပရိသတ်တွေကို စိတ်ကျေနပ်စရာ ကောင်းစေမှာပါ ။
အာဆင်နယ် က ပုံစံကောင်း ပြန်ရနေသလို မန်ချက်စတာ ယူနိုက်တက် ကလည်း အိုလေ ဂန်နာ ဆိုးရှား နဲ့ လမ်းခွဲ အပြီးမှာ အခြေအနေတွေ ပြန်ကောင်း နေပါတယ် ။
အာဆင်နယ် က အဝေးကွင်းဆိုရင် အရမ်း မကောင်းတတ်တာကိုလည်း သတိပြုရမှာပါ ။
ချဲလ်ဆီး နဲ့ပွဲမှာ ယူနိုက်တက် ကို ကံကယ်တဲ့ အခိုက်အတန့်တွေ အများကြီး ရှိခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ရဲ့ အားထုတ်မှုတွေလည်း ရှိခဲ့သလို နောက်ဆုံးမှာ လိုချင်တဲ့ ရလဒ်ကို ရအောင် ယူသွားနိုင်ခဲ့ ပါတယ် ။
အခုပွဲက ကာရစ် ရဲ့ တတိယ မြောက်ပွဲ ၊ ပထမဆုံး အိမ်ကွင်းပွဲ ဖြစ်လာမှာပါ ။ ဒါပြီးရင်း ရန်းနစ် လာကိုင်တော့ မှာ ဖြစ်လို့ ကာရစ် တယောက် နောက်ဆုံးပိတ် အိတ်နဲ့ လွယ်နိုင်အောင် သေချာ ပြင်ဆင်မှာ တွေးကြည့်စရာတောင် မလိုပါဘူး ။
သရေ ဆိုတာ မျှတတဲ့ အဖြေပါပဲ ။
ပေါလ် မာဆင် ကတော့ အိုးထရက်ဖိုဒ့် အားပြိုင်ပွဲဟာ ၁ ဂိုးစီ သရေ ရလဒ်နဲ့ အဆုံးသတ်သွားမယ်လို့ ခန့်မှန်း ထားခဲ့ ပါတယ် ။
၅ ။ တော့တင်ဟမ် ဟော့စပါး – ဘရန့်ဖိုဒ့်
ဘရန့်ဖို့ဒ် အတွက် ကြီးမားတဲ့ စာမေးပွဲ တခုပါ ။ ပြီးခဲ့တဲ့ ပိတ်ရက် တုန်းက အဲဗာတန် ကို သူတို့ အနိုင် ကစားထားခဲ့ ပါတယ် ။ ၄ ပွဲလောက် ရလဒ်တွေ ဆိုးပြီးနောက်မှာတော့ ကောင်းမွန်တဲ့ ပွဲ ၂ ပွဲကို သူတို့ ကစားပြိး ပြန်နိုးထလာ ခဲ့တာပါ ။
ဒါပေမယ့် စပါး ကလည်း ပြန်လည် နိုးထဖို့ လိုအပ် နေပါတယ် ။ ဘန်လေ နဲ့ ပွဲ ပျက်သွားတာကြောင့် ကစားသမားတွေ ပင်ပန်းမှု သိပ်ရှိ မနေပါဘူး ။
ဒီဇင်ဘာ အကုန်မှာ အခြေအနေ ကောင်းဖို့ ဆိုရင်တော့ အစကတည်းက တာထွက်ကောင်းနေဖို့ လိုပါတယ် ။
မာဆင် ရဲ့ ခန့်မှန်းချက် ကတော့ စပါး ၂ – ၁ ဘရန့်ဖိုဒ့် ဖြစ်ပါတယ် ခင်ဗျာ . . . ။
အခြားပွဲစဉ် ခန့်မှန်းချက်များ –
၆ ။ ဆောက်သမ်တန် ၂ – ၁ လက်စတာ စီးတီး
၇ ။ ဝုဗ် ၂ – ၀ ဘန်လေ
၈ ။ ဝက်စ်ဟမ်း ၁ – ၁ ဘရိုက်တန်
SPORTS MYANMAR