အားကစား ဒါရိုက်တာ ရာထူး အတွက် နယူးကာဆယ် ရဲ့ ကမ်းလှမ်းမှု ကို ပယ်ချလိုက်တဲ့ အမီနာလို

ချဲဆီး အသင်းရဲ့ အားကစား ဒါရိုက်တာဟောင်း အမီနာလို ဟာ သူ့ရဲ့ ရည်ရွယ်ချက်တွေ နဲ့ ကိုက်ညီခြင်း မရှိတဲ့ အားကစား ဒါရိုတ်တာ ရာထူးနဲ့ ပတ်သက်ပြီး နယူးကာဆယ် ရဲ့ ကမ်းလှမ်းမှု ကို ပယ်ချလိုက်ပါတယ်။

အားကစား ဒါရိုက်တာ ခန့်အပ်နိုင်ဖို့ ကြိုးစားနေတဲ့ နယူးကာဆယ် ရဲ့ ပစ်မှတ်တွေထဲမှာ အမီနာလို ဟာ ဦးစားပေး အနေနဲ့ ထိပ်ဆုံးမှာ ရှိခဲ့ပြီး ၊ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ဆော်ဒီအာရေဗျ ကို သွားရောက်ခဲ့ပါတယ်။ သို့သော် နယူးကာဆယ် ရဲ့ အစီအစဉ်တွေ နဲ့ လက်ရှိ အခြေအနေတွေဟာ သူ့ နဲ့ ကိုက်ညီမှာ မဟုတ်ဘူးလို့ ယူဆခဲ့တဲ့အတွက် အဆင်မပြေခဲ့ပါဘူး။

 

အမီနာလို ဟာ လက်ရှိ အသင်းရဲ့ ဒါရိုက်တာ Jamie Reuben ရဲ့ ထောက်ခံမှု အပြည့်ရှိထားသလို ၊ ဆော်ဒီ ပိုင်ရှင်တွေ ရဲ့ သဘောကျခြင်းကိုလဲ ခံထားရသူ ဖြစ်ပါတယ်။ သို့သော် နောက်ထပ် ရှယ်ယာရှင် တစ်ဦး ဖြစ်တဲ့ အမန်ဒါ စတာဗီလေ နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ချိန်မှာတော့ ၊ သူ မြင်ထားတဲ့ အမြင်နဲ့ ကလပ် အသင်း လုပ်ဆောင်ချင်တဲ့ ပုံစံတွေဟာ ညှိယူဖို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေတဲ့ အတွက် အခွင့်အရေးကို မျက်ကွယ်ပြု သွားခဲ့ ပါတယ်။

ဒီသတင်း ဟာ နည်းပြ အက်ဒီဟောင်း အတွက် တော်တော်လေးကို မျှော်လင့်ချက် အားနည်းသွားစေမယ့် သတင်းမျိုး ဖြစ်ပြီး ၊ တန်းဆင်း ဇုံကနေ ရုန်းထွက်ဖို့ ကြိုးစားနေချိန်မှာ ဈေးကွက်ထဲကို နှံ့နှံ့စပ်စပ် ရှာဖွေ မွှေနှောက်ပေးနိုင်မယ့် အားကစား ဒါရိုတ်တာ အခုထိ မရှိသေးတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ဘယ်လိုတွေ နဲ့ ရှေ့ဆက်ကြမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အူနိုင်း အမ်မရီ ဆိုရင်လဲ နယူးကာဆယ် ရဲ့ ရှုပ်ထွေးလှတဲ့ အသင်းပိုင်ဆိုင်မှု အရှု့ပ်တော်ပုံကြောင့် အခွင့်အရေး ကို ပယ်ချခဲ့ဖူးပါတယ်။

အမီနာလို ဟာ တန်းဆင်းဇုံ အန္တရာယ်ကို ရှောင်လွှဲနိုင်ဖို့ အတွက် ရေတိုမှာ ရှိသင့်တဲ့ အစီအစဉ်တွေ နဲ့ အနာဂတ်မှာ အသင်းကြီး တစ်သင်း အဖြစ် ရပ်တည်နိုင်ဖို့ ဘယ်လို အခြေခံ တည်ဆောက်ရမယ် ဆိုတဲ့ စီမံကိန်းတွေကို ရေးဆွဲ တင်ပြခဲ့ပါတယ်။ သို့သော် ပိုင်ရှင်တချို့က သူ့ရဲ့ အိုက်ဒီယာ အပေါ် 100% ထောက်ခံခြင်း မရှိခဲ့ပါဘူး။ ဒီရာထူး ကို လက်မခံဖို့ ဆုံးဖြတ်လိုက်တာ ဟာ လက်ရှိ နယူးကာဆယ် ရဲ့ ပရီးမီးယားလိဂ် ရပ်တည်မှု နဲ့ မဆိုင်သလို ၊ တန်းဆင်းဇုံမှာ ရုန်းကန်နေရတဲ့ အချက်နဲ့လဲ သက်ဆိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ငြင်းပယ်လိုက်တဲ့ အနေအထားမှာ နှစ်ဖက် အချေအတင် အငြင်းအခုံတွေလဲ မရှိခဲ့လို့ ၊ နယူးကာဆယ် ဘက်ကသာ စိတ်ပြောင်းပြီး ကမ်းလှမ်းမှု အသစ်နဲ့ ပြန်လာမယ် ဆိုရင် အပြောင်းအလဲတွေ ဖြစ်လာနိုင်ချေတွေ ရှိနေဆဲပါ။

Telegraph သတင်း ဌာန ကတော့ အသင်းရဲ့ ရှယ်ယာရှင် အမန်ဒါ စတာဗီလေ ဟာ ဇန်နဝါရီ မှာ ခေါ်ယူမယ့် ပစ်မှတ်တွေကို သူမ ကိုယ်တိုင် ချဉ်းကပ် ရေးဆွဲနေတယ် လို့ ယူဆလျှက် ရှိနေပါတယ်။ ဒီ ကိစ္စ အပေါ် ပရိသတ် အများစုက စိုးရိမ်နေကြပြီး ဘောလုံး ဈေးကွက် အကြောင်းလဲ မသိသလို ၊ အပြောင်းအရွှေ့ ကိစ္စတွေမှာလဲ ဆွေးနွေး ညှိနှိုင်းမှုတွေ မလုပ်ဆောင်ဖူးတာမို့ အမှားအယွင်းတွေ ပေါ်ပေါက်လာမှာ ကို စိတ်ပူနေကြပါတယ်။ ရလာဒ် အနေနဲ့ ချန်ပီယံရှစ် ကို တန်းဆင်း သွားရနိုင်တဲ့ ကိစ္စကိုပါ။

အမီနာလို ကို အင်္ဂလန် ဘောလုံးလောက ရဲ့ အထက်မြက်ဆုံး အားကစား ဒါရိုက်တာတွေ ထဲက တစ်ယောက် အဖြစ် သတ်မှတ်ပေးထားကြပါတယ်။ သူဟာ ချဲဆီးမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ 10 နှစ်တာ ကာလ အတွင်းမှာ ပရီးမီးယားလိဂ် ဖလား 3 ကြိမ် ၊ အက်ဖ်အေဖလား ၊ ကာရာဘောင် ဖလား ၊ ယူရိုပါလိဂ် ဖလား နဲ့ ချန်ပီယံလိဂ် ဖလားတွေကိုပါ ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ ကာလ အတွင်း ချဲဆီး ရဲ့ မန်နေဂျာ ခန့်အပ်မှုတိုင်းမှာ အဓိက နေရာကနေ ဆုံးဖြတ်ချက် ချမှတ်ခဲ့သလို ၊ စီနီယာ အသင်းကြီး ကစားသမား ခေါ်ယူ တည်ဆောက်မှုတွေ ရဲ့ အဓိက ပဲ့ကိုင်ရှင်လဲ ဖြစ်ပါတယ်။

လက်ရှိ ဘောလုံးလောကရဲ့ နာမည်ကြီး ကစားသမားတွေ ဖြစ်တဲ့ ဒီဘရိုင်း ၊ ဆာလာ ၊ လူကာကူ ၊ ကော့တွိုက်စ် ၊ ဟာဇက် တို့ဟာ အမီနာလို ရဲ့ လက်ရာတွေ ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ် နဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ဆီ ခေါ်ဆောင်နိုင်ခဲ့သလို ၊ အကယ်ဒမီ အတွက် ဆိုရင်လဲ ရီးစ် ဂျိမ်း ၊ အိုဒွိုင် ၊ လော့ဖ်တပ်ချိ ၊ အဗရာဟမ် ၊ တိုမိုရီ ၊ မာ့ခ် ဂူဟီ တို့လို ချာတိတ်လေးတွေကို ခေါ်ယူပေးခဲ့နိုင်ပါတယ်။

SPORTS MYANMAR