အာဆင်နယ် အသင်း ခေါင်းဆောင်သစ် ဘယ်သူ ဖြစ်သင့်သလဲ ဆိုတာ ဆွေးနွေး ငြင်းခုန်ခဲ့ကြတဲ့ ပေါလ်မာဆင် နဲ့ ဒေါ်ဆန်

အာဆင်နယ် အသင်းရဲ့ လက်ရှိ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်း ဟာ စည်းကမ်း ချိုးဖောက်မှုကြောင့် ဒီတစ်ပတ် ဆောက်သမ်တန် နဲ့ ပွဲလူစာရင်းကနေ ချန်လှပ် ခံခဲ့ရပါတယ် ။

ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း ဟာ ပုဂ္ဂိုလ်ရေး ကိစ္စ တစ်ခုကြောင့် ခရီးထွက် ခဲ့ပြီး သတ်မှတ် အချိန်မှာ အသင်း နဲ့ ပြန်လည် ပူးပေါင်း နိုင်ခဲ့ခြင်း မရှိဘဲ နောက်ကျတာကြောင့် အခုလို ချန်လှပ် ခံခဲ့ရတာ ဖြစ်တယ်လို့လည်း သိရပါတယ် ။

အူဘာမီယန်း ဟာ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း စည်းကမ်း ချိုးဖောက်မှုတစ်ခုကြောင့် တော့တင်ဟမ် နဲ့ ကစားမယ့် အာဆင်နယ် အသင်း လူစာရင်းကနေ ချန်လှပ် ခံခဲ့ရပါသေးတယ် ။

အသင်းက ချမှတ်ထားတဲ့ စည်းကမ်းကို နှစ်ကြိမ်တိုင် ဖောက်ဖျက်ခဲ့တာကြောင့် အူဘာမီယန်းကို အသင်းခေါင်းဆောင် အဖြစ်ကနေ ဖယ်ရှားဖို့ အကြံပြုမှုတွေ ရှိလာခဲ့ကြပြီး ဘယ်သူ့ကို အသင်းခေါင်းဆောင် ရာထူး ပေးသင့်သလဲဆိုတာ ဆွေးနွေး ငြင်းခုန်မှုတွေလည်း ရှိလာခဲ့ပါတယ် ။

အာဆင်နယ် အသင်း ကစားသမားဟောင်း ပေါလ်မာဆန် နဲ့ တော့တင်ဟမ် နောက်ခံလူဟောင်း မိုက်ကယ် ဒေါ်ဆန် တို့ဟာလည်း အူဘာမီယန်း အလွန် ဂန်းနားတို့ရဲ့ အသင်းခေါင်းဆောင် ဘယ်သူ ဖြစ်သင့်သလဲ ဆိုတာ ဆွေးနွေး ခဲ့ကြပါတယ် ။

ပေါလ်မာဆန် ကတော့ တီယာနေး ဟာ အာဆင်နယ် အသင်း ခေါင်းဆောင် ရာထူး နဲ့ အထိုက်တန်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ် ။ ” အသင်းခေါင်းဆောင် ရာထူးကို တီယာနေး ကိုပဲ ပေးရမှာပါ ၊ တီယာနေး က အသင်း ခေါင်းဆောင် ရာထူးကို လက်ခံ နိုင်စွမ်း ရှိပါတယ် ။ ”

” သူ့ကိုသာ ခန့်အပ် လိုက်ရင် ကောင်းမွန် မှန်ကန် ပါလိမ့်မယ် ၊ သူက လွဲလို့ တခြား ဘယ်သူ့ကို ပေးချင်သေးတုန်း ၊ တီယာနေး ကို မပေးဘဲ တခြားသူကို ကျော်ပြီး ပေးဖို့ ဆိုတာ အင်မတန် ခက်ခဲပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

မိုက်ကယ်ဒေါ်ဆန် ကတော့ ဘရာဇီး နောက်ခံလူ ဂါဘရီယဲလ် ကို အသင်း ခေါင်းဆောင် ရာထူး ပေးသင့်တယ်လို့ ဆွေးနွေး ခဲ့ပြီး ပေါလ်မာဆန် ကတော့ လုံးဝ လက်မခံကြောင်း ပြန်လည် ငြင်းဆို ခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ဆောက်သမ်တန် နဲ့ ပွဲအပြီး အင်တာဗျူးမှာ အူဘာမီယန်း ကို အသင်း ခေါင်းဆောင် အဖြစ် ဆက်ထားမလား ဆိုတာ ဖြေကြား ခဲ့ခြင်း မရှိဘဲ သူ့ကို ဒဏ်ရိုက်တာဟာ တစ်ပွဲပဲ ဖြစ်ကြောင်း အတည်ပြု ပြောကြား ထားပါတယ် ။

SM