အာဆင်နယ် ကြယ်ပွင့်ဟာ ပိုပိုပြီး ကောင်းလာနေတယ်လို့ နောဝှစ် နဲ့ ပွဲအပြီးမှာ ချီးကျူးလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ ဟာ နောဝှစ်စီးတီး အသင်းကို ၅ ဂိုးပြတ် အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ လူငယ် တောင်ပံ ကစားသမား ဘူကာရို ဆာကာ ကို ချီးမွမ်းခန်း ဖွင့်သွား ခဲ့ပါတယ် ။

အသက် ၂၀ အရွယ် ရှိပြီ ဖြစ်ခဲ့တဲ့ ဆာကာ ဟာ နောဝှစ် စီးတီး နဲ့ ပွဲမှာ ပွဲချိန် ၆ မိနစ်တွင် မာတင် အိုဒီဂတ် ရဲ့ ပေးပို့မှုကနေ အာဆင်နယ် အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးနိုင် ခဲ့ပါတယ် ။ ဒါ့အပြင် ဒုတိယပိုင်းမှာလည်း ဆာကာ ဟာ ဘယ်ခြေနဲ့ လှပ သေသပ်တဲ့ သွင်းဂိုး တစ်ဂိုး ထပ်မံ သွင်းနိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ ၅ ဂိုးပြတ် နိုင်ပွဲမှာ ဆာကာ အပြင် နောက်ထပ် ဂိုးတွေကို သွင်းယူပေးခဲ့သူတွေကတော့ တီယာနေး ၊ လာကာဇက် နဲ့ စမစ်ရိုတို့ပါ ။အာဆင်နယ် အသင်းဟာ နောဝှစ် ကို ဂိုးပြတ် အနိုင်ရတာကြောင့် အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည် နေပြီး အဆင့် ၅ က တော့တင်ဟမ် ကို ၆ မှတ် ဖြတ်ထားနိုင်ပါတယ် ။

နောဝှစ် နဲ့ ပွဲအပြီးမှာတော့ အာဆင်နယ် နည်းပြ အာတီတာ ဟာ ဒီရာသီမှာ ဆာကာ ရဲ့ ခြေစွမ်းပိုင်း တိုးတက်လာမှု ကို ချီးကျူး သွားခဲ့သလို အသင်းတစ်သင်းလုံး ရဲ့စွမ်းဆောင်ရည်ကိုလည်း အားရကျေနပ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော်တို့လို အသင်းကြီး တစ်သင်းရဲ့တောင်ပံ တိုက်စစ် နေရာမှာ ကစားမယ်ဆို ပွဲတိုင်း သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေ လုပ်နိုင်ဖို့ လိုပါတယ် ။ ဒီလို လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့ ဆာကာ ကို တောင်းဆို ခဲ့ပါတယ် ၊ ဆာကာ ကလည်း ဒီလို လုပ်နိုင်စွမ်း ရှိပါတယ် ၊ သူ ပိုပို ကောင်းလာအောင် လုပ်နေနိုင်ပါတယ် ။ ”

” ကစားသမား တိုင်းက အသင်း အတွက် အရေးပါပါတယ် ၊ စီနီယာ ကစားသမားတွေကလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသပြီး လူငယ်တွေကို လမ်းညွှန် ပြသ ပေးနေနိုင်ပါတယ် ၊ တကယ့်ကို ကောင်းမွန်တဲ့ လူကြီး လူငယ် ပေါင်းစပ်မှု ပါပဲ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

ဆာကာ ဟာ နောဝှစ် စီးတီး နဲ့ ပွဲမှာ သွင်းဂိုး ၂ ဂိုး ၊ ဂိုးကန်သွင်းချက် ၃ ကြိမ် ၊ ဂိုးပေါက်တည့် ကန်ချက် ၂ ကြိမ် ၊ အခွင့်အရေး ဖန်တီးနိုင်မှု ၂ ကြိမ် ၊ ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံး ထိချက် ၅ ကြိမ် ၊ ဘောလုံး ပြန်လည် ရယူနိုင်မှု ၆ ကြိမ် ၊ လိမ်ခေါက် ကျော်ဖြတ်နိုင်မှု ၁၀၀% ရှိခဲ့ပါတယ် ။

ဆာကာ ဟာ မနှစ်က ပရီးမီးယားလိဂ်မှာ ၂၅၆၀ မိနစ် ကစား ၅ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီး ပေးခဲ့ကာ ဒီရာသီမှာတော့ ၁၄၀၂ မိနစ် ကစား ၅ ဂိုးသွင်း ၄ ဂိုး ဖန်တီး ပေးထား နိုင်ပါတယ် ။

SM