အာဆင်နယ်ဆီကနေ ယူနိုက်တက်တို့ ကော်ပီလုပ်သင့်တဲ့ အရာတစ်ခုကို ပြောပြလိုက်တဲ့ မန်စီးတီးကွင်းလယ်လူဟောင်း ဒီယောင်း

မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ကစားသမားတွေကို ကိုယ့်ရဲ့ လုပ်ရပ်အတွက် တာဝန်ခံခိုင်းတဲ့ နေရာမှာ အာဆင်နယ်ရဲ့ နည်းလမ်းကို အသုံးချသွားဖို့ လိုအပ်တယ်လို့ မန်ချက်စတာစီးတီး ကွင်းလယ်လူဟောင်း နီဂယ်ဒီယောင်းက ပြောသွားခဲ့ ပါတယ်။

နယ်သာလန် ကွင်းလယ်လူဟောင်းက မန်ယူနိုက်တက် အသင်း အနေနဲ့ ပြီးခဲ့တဲ့ လတွေတုန်းက အာဆင်နယ် လိုမျိုး ခက်ခဲတဲ့ ကာလတွေကို ကျော်ဖြတ်သွားဖို့ လိုအပ်တယ်လို့လည်း သုံးသပ် သွားပါတယ်။

စည်းကမ်းပိုင်းဆိုင်ရာ လိုက်နာမှု ကင်းမဲ့ခဲ့တဲ့ အူဘာမီယန်းကို အသင်းခေါင်းဆောင် ရာထူး ရုတ်သိမ်းခဲ့တာ အပါအဝင် ကွင်းပြင်ပ ပြသနာ တစ်ချို့ ရှိခဲ့ပေမယ့်လည်း ဂန်းနား တို့ဟာ နည်းပြ မီခေးအာတီတာရဲ့ လက်အောက်မှာ အရာအားလုံး click ဖြစ်လာခဲ့ပြီး နောက်ဆုံး ပွဲစဉ်မှာ နော့ဝှစ်ကို အဝေးကွင်းမှာ ၅-၀ နဲ့ အနိုင်ယူကာ အဆင့် ၄ နေရာကို ကောင်းကောင်း ဆုပ်ကိုင် ထားနိုင်ခဲ့ပါတယ်။

ဒီတစ်ပတ် တန်းဆင်းဇုန်က နယူးကာဆယ် နဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ စီနီယာ ကစားသမားတွေ ဖြစ်ကြတဲ့ ဘရူနိုဖာနန်ဒက်စ် ၊ မားကပ်ရပ်ဖို့ဒ် ၊ ခရစ်စတီယာနိုရော်နယ်ဒို တို့ရဲ့ အပြုအမူတွေဟာ လူတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး ယူနိုက်တက်ရဲ့ ခြေစွမ်းကလည်း စိတ်ပျက်စရာ ကောင်းခဲ့ကာ body language မကောင်းတဲ့ ကစားသမားတွေကို အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းကနေ ချန်လှပ်သွားရန် တိုက်တွန်းမှုတွေ ရှိနေပါတယ်။

ဒီယောင်းက အူဘာမီယန်း အပေါ် အာတီတာ လုပ်ပြခဲ့သလိုမျိုး အသင်း ခက်ခဲမှုတွေ ကြုံတွေ့နေရချိန်မှာ body language ပိုင်း ကောင်းမွန်မှု မရှိတဲ့ ကစားသမားတွေကို အာဏာရှိသူ တစ်ဦးဦးက အရေးယူတာမျိုး ယူနိုက်တက်မှာ လုပ်သွားဖို့ လိုအပ်တယ်လို့ အကြံပေးလိုက် ပါတယ်။

နယ်သာလန် ကွင်းလယ်လူဟောင်းက “အာဆင်နယ်မှာ ကလပ် အသင်းအတွင်း တိကျတဲ့ DNA တစ်ခု ရှိနေပါတယ်။ သူတို့ ကွင်းထဲမှာ ခက်ခဲတဲ့ ကာလတွေ ဖြတ်ကျော်နေရချိန်မှာတောင် ဒါတွေကို အားလုံး မြင်တွေ့ နေရပါတယ်။ သူတို့ဟာ အမြဲတမ်း လူငယ် ကစားသမားတွေကို အခွင့်အရေး ပေးလေ့ ရှိတဲ့ အသင်းပါ။

ဒါဟာ သူတို့ DNA ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး မီခေးအာတီတာ ရောက်ရှိလာပြီးနောက် ဒါကို ထပ်မံမြှင့်တင် ခဲ့ပါတယ်။ အာတီတာဟာ အကယ်ဒမီ ကနေ လူငယ် ကစားသမားတွေကို ပထမ အသင်းကြီးဆီ ဆွဲတင်ကာ အခွင့်အရေး ပေးသွားဖို့ အမြဲတမ်း ဆန္ဒရှိတဲ့သူပါ။

သူတို့ဟာ လူငယ် ကစားသမားတွေကို နေရာ ပေးသွားဖို့ အတွက် အတွေ့အကြုံ ရှိတဲ့ ကစားသမားတွေနဲ့ ပက်သက်ပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်သွားဖို့ ကြောက်ရွံ့နေခြင်း မရှိပါဘူး။ ဒါ့ကြောင့်လည်း အာတီတာကို အများကြီး ချီးကျူး သွားရမှာပါ။ ပြီးတော့ သူ့ကို ယုံကြည်မှု ပေးခဲ့တဲ့ ဘုတ်အဖွဲ့ကိုပါ။

အာတီတာဟာ နည်းပြ ရာထူးကနေ ထုတ်ပယ်ခံရဖို့ အတော် နီးစပ်ခဲ့တာ သိပ်မကြာသေးပါဘူး။ အဲဒီအချိန်တုန်းက ရလဒ်တွေ အတော် မကောင်း ဖြစ်ခဲ့ပေမယ့် ဘုတ်အဖွဲ့ဟာ ဖိအားများစွာကြားမှာ သူ့ကို ဆက်လက် ယုံကြည်မှု ပေးခဲ့ပါတယ်။ သူ အချိန် ရခဲ့ပါတယ်။

ဒါဟာ မီဒီယာတွေ အတွက်သာ မဟုတ်ပါဘူး စီနီယာ ကစားသမားတွေ အတွက်ပါ ကြေငြာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ‘ခင်ဗျားတို့ ကြိုက်သလို ညီးတွားနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ကတော့ ဒီမန်နေဂျာနဲ့ပဲ ဆက်လက် လက်တွဲသွားမှာ ဖြစ်တယ်။ ဒါ့ကြောင့် သူ့ရဲ့ နည်းလမ်း အတိုင်း ကစားသွားမလား ဒါမှမဟုတ် အသင်းကနေ ထွက်သွားမလား?’ ဆိုတဲ့ ပုံစံမျိုးပါ။

ပီယာအမ်းမရစ် အူဘာမီယန်းဟာ အသင်းခေါင်းဆောင် ဖြစ်ပြီး သူဟာ အတွေ့အကြုံ ရှိတဲ့ ကစားသမားပါ။ သူဟာ အသင်းခေါင်းဆောင် ဖြစ်နေပေမယ့် အသင်းရဲ့ စည်းကမ်းကို ချိုးဖောက်ခဲ့ပါတယ်။ အခုဆိုရင် သူဟာ အသင်းကနေ ကန်ထုတ်ခံထားရပါတယ်။ မန်ယူနိုက်တက်မှာ ဒါမျိုးကို ကျွန်တော်တို့ မမြင်ရပါဘူး။

မကြာသေးမီက ပက်ဂွာဒီယိုလာဟာ စည်းကမ်းချိုးဖောက်ခဲ့တဲ့ ဂျက်ဂရီလစ်ချ် နဲ့ ဖီးလ်ဖိုဒန် တို့ကို အရေးယူမှု လုပ်ခဲ့ပါတယ်။ ဒါဟာ ကြေငြာချက်ပါ။ အသင်းတစ်သင်း အနေနဲ့ အောင်မြင်မှုတွေ အတွက် ကြိုးစားတဲ့ နေရာမှာ အားလုံး တစ်သားတည်း ဖြစ်နေဖို့ အရေးကြီးပါတယ်။

ဒီလိုမျိုး တာဝန်ယူမှု တာဝန်ခံခိုင်းမှုတွေကို ဒီအချိန်မှာ ယူနိုက်တက် ဆီကနေ မရနိုင်ပါဘူး။ ကစားသမားတွေကို အသင်းနဲ့ တစ်သားတည်း ဖြစ်နေအောင် လုပ်ပေးမယ့်သူ မရှိသလို ဖြစ်နေပါတယ်။

တစ်စုံတစ်ဦးက မကြောက်မရွံ့နဲ့ ဒီကစားသမားတွေကို ‘မင်းကို ငါနောက် ၂ ပတ်လောက် မတွေ့ချင်ဘူး။ မင်းလုပ်ခဲ့တဲ့ အရာတွေကို ၂ ပတ်မှာ အိမ်မှာနေပြီး ပြန်လည် သုံးသပ်ပါ။ အသင်းကို ပြန်လာဖို့ အတွက် အသင့် ဖြစ်ပြီလို့ မင်းထင်တဲ့ အချိန် အသင်းကို ပြန်လာနိုင်တယ်။

ဒါပေမယ့် အခုတော့ မင်းရဲ့ နေရာမှာ စိတ်အားထက်သန်ပြီး အောင်မြင်မှုကို ဆာလောင်တဲ့ ယူ ၂၃ အသင်းက ကစားသမား တစ်ဦးဦးကို အသုံးပြုသွားမယ်။’ ဆိုပြီး ပြောဆိုနိုင်စွမ်း ရှိတဲ့သူ လိုပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM