အသင်းဟောင်း ရီးရဲမက်ဒရစ် နဲ့ ပြန်ဆုံရမယ့်အပေါ် ထုတ်ဖော်ပြောဆိုခဲ့တဲ့ PSG ခံစစ်မှူးကြီး ရာမိုစ့်

ပြင်သစ် ထိပ်သီး ကလပ် PSG ရဲ့ ခံစစ်မှူးကြီး ဆာဂျီယို ရာမိုစ့် ဟာ လာမယ့် ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ အသင်းဟောင်း ရီးရဲ မက်ဒရစ် နဲ့ ပြန်လည် ရင်ဆိုင် ရမယ့် အပေါ် စိတ်လှုပ်ရှား နေပြီး ဘာနေဗျူး ကွင်းထဲကို ပြန်သွားရမယ့် အရေးကို တွေးပြီး ပျော်ရွှင် နေပါတယ် လို့ ဆိုသွားခဲ့ ပါတယ် ။

ဒါပေမယ့် ရာမိုစ့် က သူဟာ လက်ရှိ ကစား နေတဲ့ အသင်း အနိုင် ရရှိရေး ကိုသာ အာရုံ စိုက်ထားမှာ ဖြစ်ပြီး ရီးရဲ ကို PSG ဖြတ်ကျော် နိုင်ဖို့ အတွက် အစွမ်းကုန် ပေးဆပ် ကစား သွားမယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

PSG ဟာ ယမန်နေ့က ပြုလုပ် ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် မဲခွဲပွဲမှာ ရီးရဲ မက်ဒရစ် နဲ့ ကစားဖို့ ကျခဲ့ ပါတယ် ။ ကနဦး တုန်းက PSG ဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် နဲ့ ဖြစ်ခဲ့ ပေမယ့် ကွန်ပျူတာ စနစ် မှားယွင်းမှု ကနေ စောဒကတက် အယူခံ ဝင်မှုတွေကြောင့် မဲခွဲမှု ကို ပြန်လည် ပြုလုပ် ရာမှာတော့ ရီးရဲ နဲ့ ပြန်ကျ ခဲ့တာပဲ ဖြစ် ပါတယ် ။

“ကျွန်တော် လေယာဉ်ပေါ် ရောက်စတုန်းက မန်ချက်စတာ ယူနိုက်တက် နဲ့ပါ ။ ပြီးတော့ ပွဲပြန် လုပ်တယ် လို့ ကြားပြီး ရီးရဲ မက်ဒရစ် ဖြစ်သွားခဲ့ ပါတယ် ။

အမှန် အတိုင်း ဝန်ခံ ရရင်တော့ ဒီပွဲမှာ ရီးရဲ နဲ့ မဆုံချင် ပါဘူး ။ ဒါပေမယ့် ဆန်တီယေဂို ဘာနေဗျူး ကွင်းကြီး ထဲကို နောက်တခါ ပြန်သွားရမယ် ဆိုတဲ့ အသိကတော့ ကျွန်တော့ကို ပျော်ရွှင် စိတ်လှုပ်ရှား စေခဲ့ ပါတယ် ။

ရီးရဲ ကနေ ထွက်ခဲ့တုန်းက ကိုဗစ်ကြောင့် ပရိသတ်တွေ ကို မနှုတ်ဆက် ခဲ့ရလို့ ပါပဲ”

“ကံတရားက ဆန်းကြယ်ပါတယ် ။ ရီးရဲ အပေါ် ထားရှိတဲ့ ကျွန်တော့ရဲ့ အချစ်တွေ ၊ မေတ္တာတွေ ကြောင့် သူတို့ အစား အခြား တသင်းသင်း နဲ့ပဲ ဆုံချင် ခဲ့တာပါ ။

ဒါပေမယ့် အခုအချိန် မှာတော့ ဒါတွေ ပြောနေလို့ အပိုပါပဲ ။ ကျွန်တော့ တာဝန်က PSG အတွက် ကစား ပေးဖို့ပါ ။

ဖြစ်နိုင်တဲ့ အရာ အားလုံး အတွက် အစွမ်းကုန် ကြိုးစားပြီး နောက်တဆင့် တက်နိုင်အောင် ပေးဆပ် သွားမှာပါ ။

PSG ဟာ ( ရီးရဲ ကနေ ထွက်လာတဲ့ အချိန်မှာ ) ကျွန်တော့ အပေါ် ယုံကြည်ပေးခဲ့တဲ့ အသင်းပါ ။ အခု သူတို့ အတွက် ကျွန်တော် ပြန်ပေးဆပ် ရပါမယ်” လို့ ရာမိုစ့် က ပြောဆို သွားခဲ့ ပါတယ် ။

ဝါရင့် ခံစစ်မှူးကြီးဟာ ဒဏ်ရာ ပြဿနာကြောင့် PSG နဲ့ ပွဲတွေ မကစားရဘဲ လပေါင်း များစွာ အနားယူခဲ့ရ ပါတယ် ။

အသင်းသစ် အတွက် စတင် ကစားတဲ့ ပွဲ အပြီးမှာလည်း ဒဏ်ရာ ပြန်ရ သွားတာကြောင့် ထပ်မံ အနားယူ ခဲ့ရ ပြန်ပါတယ် ။

ဒါပေမယ့် ရာမိုစ့် ကတော့ သူ ပြန်လေ့ကျင့်ပြီး ကွင်းထဲ ပြန်ဝင် နိုင်ဖို့ နီးစပ် နေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

“နေရာသစ် တခု ပြောင်းရတာ မလွယ်ပါဘူး ။ အခု ပဲရစ် မှာ ကျွန်တော့ မိသားစုပါ နေလို့ ရမယ့် အိမ်တလုံး ရှာ နေပါတယ် ၊ ဒီက လူနေမှု နဲ့လည်း အသားကျအောင် လုပ်နေ ပါတယ် ။

အသင်းမှာတော့ ဘာပြဿနာမှ မရှိပါဘူး ၊ ဥက္ကဌ ၊ ပိုင်ရှင် ၊ ဒါရိုက်တာ နဲ့ နည်းပြ အားလုံးနဲ့ ဆက်ဆံရတာ အဆင်ပြေ ချောမွေ့ ပါတယ် ။

အသင်းဖော်သစ်တွေ ကလည်း ရင်းရင်းနှီးနှီး ကြိုဆို ခဲ့ကြတာပါ”

“ဒဏ်ရာတွေ က ဘောလုံးသမား တယောက်ရဲ့ ဘ၀ မှာ တကယ် အရေးကြီးတဲ့ အရာတွေပါ ။ သူများတွေ လိုပဲ ကျွန်တော့ ဘဝမှာလည်း ဒဏ်ရာကြောင့် မှောင်မိုက် ခဲ့ရတဲ့ နာရီတွေ အများကြီး ရှိခဲ့ ပါတယ် ။

ဒါပေမယ့် ဒါတွေ ကပဲ ကျွန်တော့ကို ပြန်ပြီး နိုးထ လာဖို့ စိန်ခေါ်မှုတွေ ဖြစ်လာ စေခဲ့ တာပါ ။

မျှော်လင့် ထားသလို အားလုံး အဆင်ပြေခဲ့မယ် ဆိုရင် ဒီအပတ် အကုန်လောက်မှာ ကျွန်တော် အသင်းနဲ့ ပြန်ပြီး လေ့ကျင့် နိုင်မှာပါ ။

ကွင်းထဲ ကို အမြန်ဆုံး ပြန်လာ နိုင်ဖို့ ကိုလည်း အကောင်းဆုံး ကြိုးစား နေပါတယ်” လို့ ရာမိုစ့် က မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR