အသင်းရဲ့ ဒဏ်ရာအခြေအနေနဲ့ ဒီညပွဲကို ဝင်ကစားရမယ့် အမည် ၂ ခုကို ထုတ်ပြောပြသွားတဲ့ ယူနိုက်တက် နည်းပြ ရန်းနစ်

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ရပ်ဖ် ရန်းနစ် ကတော့ ဂိုးသမားလေး ဒင်း ဟန်ဒါဆင် နဲ့ နယ်သာလန် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိ တို့ဟာ ဒီကနေ့ည ယန်းဘွိုင်းစ် နဲ့ ယှဉ်ပြိုင် ကစား ရမယ့် ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် မှာ ပါဝင် ကစား ကြမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ဆွစ်ဇာလန် ကလပ် ယန်းဘွိုင်းစ် ကို အိမ်ကွင်းမှာ ဧည့်ခံ ကစား ရမှာ ဖြစ်ပြီး နောက်တဆင့် တက်ထားပြီး ဖြစ်ပေမယ့် ယန်းဘွိုင်းစ် ကတော့ အတ္တလန်တာသာ ဗီလာရီးရဲ ကို ရှုံးနိမ့်ခဲ့ ပါက ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက် ရရှိ နိုင်ဦးမှာ ဖြစ်ပါတယ် ။

ယူနိုက်တက် ဟာ အုပ်စု ပွဲစဉ် ၁ တုန်းက ယန်းဘွိုင်းစ် ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့် ခဲ့ပြီး အဆိုပါ ပွဲဟာ နည်းပြဟောင်း ဆိုးရှား အပေါ် ဖိအားကြီးမား သွားစေခဲ့ ပါတယ် ။

ဒါပေမယ့် ဒီညမှာတော့ ရန်းနစ် ဟာ ဒီဇင်ဘာ ပွဲကြပ် ကာလ အတွက် အင်အား ချွေတာမှာ ဖြစ်ပြီး အရန်လူတွေ ကို ထည့်သွင်း ကစားဖို့ ရှိနေကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လူငယ် ဂိုးသမားလေး ဟန်ဒါဆင် ဟာ ဒီရာသီမှာ ဝက်စ်ဟမ်း နဲ့ ကစားတဲ့ လိဂ်ဖလား ပွဲတပွဲသာ ပါဝင် ကစားထားရသေးပြီး ဒီဂီယာ ရဲ့ အရန်လူ အဖြစ်နဲ့သာ အချိန်ကုန်နေ ခဲ့ပါတယ် ။

ဗန်ဒီဘိ ကတော့ ဆိုးရှား ထွက်ခွာ အပြီးမှာ ယခင်ကထက် ပွဲကစားချိန်တွေ ပိုမို ရရှိလာခဲ့သူ ဖြစ်ပါတယ် ။

ဒါပေမယ့် သူတို့ ၂ ယောက်စလုံးဟာ ပုံမှန် ကစားခွင့် ရရှိဖို့ အတွက် ဇန်နဝါရီမှာ အငှားထွက်ခွာဖို့ စိတ်ကူး နေကြတယ်လို့ သတင်း ထွက်ပေါ်နေ ကြပါတယ် ။

“သူတို့ ၂ ယောက်စလုံး ( ဟန်ဒါဆင် ၊ ဗန်ဒီဘိ ) ဒီပွဲရဲ့ ပွဲထွက် ၁၁ ယောက် မှာ ပါဝင်လာ ကြမှာပါ ။ ဒွန်နီ က ပြီးခဲ့တဲ့ တနင်္ဂနွေပွဲ တုန်းကလည်း လူစားဝင် ကစားခဲ့ ပါသေးတယ် ။

ဒင်း ( ဟန်ဒါဆင် ) ဟာ အရမ်း တက်ကြွတဲ့ ဂိုးသမား တယောက်ဆိုတာ ကျွန်တော် သိပါတယ် ။

ဒါပေမယ့် ကျွန်တော်တို့ ဂိုးသမား ၂ ယောက်ပဲ လိုအပ်တာပါ ၊ အခု အသင်းမှာက ဂိုးသမား ၄ ယောက်တောင် ရှိနေပါတယ် ။ လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ သူတို့ နဲ့ ပတ်သက်ပြီး ကျွန်တော် တခုခု ပြောဖြစ် မှာပါ ။

အခုတော့ သူတို့ အားလုံးရှိနေတာ ကောင်းတဲ့ ကိစ္စ ပါပဲ ။ တတ်နိုင်သလောက် ပေးကစားဖို့ ကြိုးစား နေပါတယ်” လို့ ရန်းနစ် က မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဝါရင့် ကွင်းလယ်လူ နီမန်ဂျာ မာတစ် ဟာ မနေ့က သတင်းစာ ရှင်းလင်းပွဲကို နည်းပြ ရန်းနစ် နဲ့ အတူ တက်ရောက်ခဲ့တာကြောင့် အစဉ်အလာအရ ဒီညပွဲမှာ မာတစ် လည်း ပွဲထွက် ၁၁ ဦးမှာ ပါဝင်ဖို့ သေချာ သလောက် ရှိနေပါတယ် ။

ဒါ့အပြင် ရန်းနစ် ဟာ အသင်းခေါင်းဆောင်သစ် ကို ဒီညမှာ တာဝန်ပေးအပ်ဖို့ ရှိတယ်လို့ ကြားသိရတဲ့ အတွက် ဟယ်ရီ မက်ဂွဲယား ကိုပါ အနားပေး သွားဖွယ် ရှိတယ်လို့ သုံးသပ် ထားကြပါတယ် ။

ဆက်လက်ပြီး မန်ယူနိုက်တက် အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေရဲ့ အနေအထား ကိုလည်း ရန်းနစ် က ပြောဆို သွားခဲ့ ပါတယ် ။

ပြင်သစ် ခံစစ်မှူး ရာဖေး ဗာရန်း နဲ့ ယူရဂွိုင်း တိုက်စစ်မှူးကြီး အီဒင်ဆင် ကာဗာနီ တို့ ဟာ မနေ့က အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ် ခဲ့ကြပါတယ် ။

ဒါပေမယ့် ရန်းနစ် ကတော့ သူတို့ ၂ ယောက်ဟာ ဒီညပွဲ အတွက် အဆင်သင့် မဖြစ်သေးကြောင်းနဲ့ ဘယ်အချိန် လောက်မှာ ပြန်လည် ကစားပေး နိုင်ချေ ရှိတယ်ဆိုတာတွေ ကို ပြောပြ သွားခဲ့ ပါတယ် ။

“ဒီညပွဲကို သူတို့ ဝင်မကစား နိုင်သေးပါဘူး ။ ဒါပေမယ့် လေ့ကျင့်ခန်း အစီအစဉ် မှာတော့ ဝင်ပါနိုင် ကြပါပြီ ။ အက်ဒီ ( ကာဗာနီ ) ဆိုရင် တနင်္လာနေ့ ကတည်းကပါ ။ ရာဖာ ( ဗာရန်း ) ကတော့ ဒီနေ့မှာ စပြီး လေ့ကျင့် နိုင်တာပါ ။

သူတို့ အခြေအနေ အားလုံး အဆင်ပြေမယ်ဆိုရင်တော့ လာမယ့် တနင်္လာနေ့က စပြီး လေ့ကျင့်ခန်းပြည့် ပြန်ဆင်း နိုင်မှာပါ” လို့ ရန်းနစ် က ပြောဆို သွားခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ စနေနေ့က ပဲလေ့စ် နဲ့ ပွဲအတွက် လေ့ကျင့်ချိန်မှာ ဒူးဒဏ်ရာ ရသွားတဲ့ အန်တိုနီ မာရှယ် လည်း အခုည ပွဲကို လွဲချော်မှာ ဖြစ်ပြီး လာမယ့် အပတ်လောက်မှာ ပြန်လေ့ကျင့် နိုင်ဖို့ မျှော်လင့်ထားကြောင်း ရပ်ဖ်ရန်းနစ် က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR