အသင်းကြီးတွေ အားလုံး အခြေအနေ ကောင်းလိမ့်မယ် ဆိုတဲ့ လော်ရိုး ရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်များ

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ ပြီးဆုံးသွားပြီ ဖြစ်လို့ ကလပ်အသင်းကြီးတွေ ကလဲ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ခွန်အားပြည့်နဲ့ ပြန်လည် အားစိုက်လာတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက် ၊ မန်စီးတီး နဲ့ လီဗာပူး တို့ဟာ အုပ်စု ပထမ နေရာတွေ နဲ့ နောက်တဆင့် ကို တက်လှမ်းသွားခဲ့ကြပြီး ၊ ချဲဆီး ကတော့ အဝေးကွင်းမှာ ခြေချော်ခဲ့လို့ ဒုတိယ နေရာနဲ့သာ ကျေနပ်လိုက်ရပါတယ်။

ယူရို ပါလိဂ် ပြိုင်ပွဲမှာ ဆိုရင် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်း ဟာ ရှုံးထွက် အဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီး ၊ ကစားသမား မစုံလင်ခဲ့တဲ့ လက်စတာ ကတော့ နာပိုလီ ကို ရှုံးပြီး Europa Conference လိဂ် ပြိုင်ပွဲကို ဆင်းကစားရတော့မှာ ဖြစ်ပါတယ်။

BBC အားကစား ကလောင်ရှင် လော်ရိုး က ဒီတစ်ပတ်မှာ အသင်းကြီးတွေ အားလုံး အခြေအနေ ကောင်းနိုင်တယ် ဆိုတဲ့ သူ့ရဲ့ ခန့်မှန်းချက်တွေ က အခုလို ပြောပြသွားခဲ့ ပါတယ်။

မန်စီးတီး – ဝုဖ်
မန်စီးတီး ဟာ 16 သင်း အဆင့်ကို အုပ်စု ပထမ နဲ့ တက်လှမ်းနိုင်ခဲ့ပြီးသား ဖြစ်လို့ လိုက်ပ်ဇစ် နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ပွဲစဉ်မှာ ကစားသမား တစ်ချို့ ကို အနားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အဲဒီ ပွဲစဉ်က အရှုံးရလာဒ်ဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် စွမ်းဆောင်ရည် အပေါ်တော့ သက်ရောက်မှု ရှိမယ် မထင်ပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့ 5 ပွဲ ဆက်တိုက် အနိုင်ယူပြထားတဲ့ အပြင် ၊ အမှတ်ပေး ဇယား ရဲ့ ထိပ်ဆုံးကိုတောင် ကျော်တက်နိုင်ခဲ့တာလေ။

ဝုဖ် ကလဲ အဝေးကွင်းမှာ အခွင့်အရေးတွေ အများကြီး မပေးရအောင် ကြိုးစားလာမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ သူတို့ အတွက် ဂိုးသွင်းခွင့်ကလဲ အများကြီး ရမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ 5 ပွဲ ကို ကြည့်လိုက်မယ် ဆိုရင်သူတို့ သွင်းဂိုး က တစ်ပွဲမှ တစ်ဂိုးနှုန်းလောက်ပဲ ရှိပါတယ်။ ကျနော့် အမြင်မှာတော့ မန်စီးတီး ကို ဒုက္ခပေးနိုင်မယ့် အဆင့်မျိုးလို့ မထင်မိပါဘူး။
ခန့်မှန်းချက် – မန်စီးတီး 4-0 ဝုဖ်

အာဆင်နယ် – ဆောက်သမ်တန်
အာဆင်နယ် ရဲ့ ပုံစံဟောင်းကြီး အတိုင်း ပြန်ဖြစ်လာပြီလို့ မပြောချင်ဘူးဗျာ ဘာလို့လဲ ဆိုတော့ ကျနော်က အဲဒီ စကားလုံးကိုပဲ ထပ်ခါထပ်ခါ သုံးစွဲခဲ့ဖူးတာကြောင့်မို့ပါ။ ဒါပေမယ့် လောလောဆယ် မှာတော့ အရင်တုန်းက အာဆင်နယ် ပြန်ဖြစ်သွားသလိုပါပဲ။

ဒီလို ခြေချော်မှုတွေဟာ သူတို့ရဲ့ မန်နေဂျာအတွက် တော်တော်လေးကို စိတ်ပျက်စရာ ကောင်းမှာပါ။ ဆိုးဝါးတဲ့ ရာသီ အဖွင့် ရလာဒ်တွေ ကနေ နိုးထလာခဲ့တယ် ၊ ရှုံးပွဲ မရှိ မှတ်တမ်းနဲ့ ပွဲဆက်တွေ အများကြီး ဖြတ်ကျော်ပြလာခဲ့တယ် ၊ ဒါပေမယ့် အခု အရင်လို ပြန်ဖြစ်သွားပြန်ပါပြီ။

ဒါက ဘာကို ညွှန်ပြနေလဲ ဆိုတော့ အသင်းရဲ့ စွမ်းဆောင်ရည်ထက် ၊ စိတ်ဓါတ်ပိုင်း ဆိုင်ရာ ခံယူချက်ကို ဖော်ပြနေတာပါ။ သူတို့ထဲက ကစားသမား တစ်ချို့ဟာ အဲဒီ အပိုင်း အားနည်းတာတွေ မြင်နေရပါတယ်။ ဒါဟာ ကလပ် အတွက်လဲ စိုးရိမ်စရာ ပါပဲ။

ပြောရရင် လီဗာပူး ကို 4-0 နဲ့ ရှုံးတုန်းကတောင် သူတို့ရဲ့ ကစားပုံက တချို့ အခိုက်အတန့်မှာ တကယ်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက် က ဖိဖိစီးစီး နဲ့ ကစားလာချိန်မှာတော့ ကစားသမား တစ်ချို့ က ပြန်ပြီး နိုးထနိုင်ခြင်း မရှိတော့ပါဘူး။

အရင်ပွဲတွေတုန်းက ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အခုပွဲက အိမ်ကွင်းမှာ ကစားရမှာပါ။ အိမ်ကွင်း ရလာဒ်ကလဲ ပိုပြီး ကောင်းနေတော့ ဆောက်သမ်တန် ကို အနိုင်ကစားပြပါလိမ့်မယ်။
ခန့်မှန်းချက် – အာဆင်နယ် 2-1 ဆောက်သမ်တန်

 

ချဲဆီး – လိဒ်
ချဲဆီး ဟာ ပွဲပြီးခါနီး ရောက်ရင် ခြေချော်သလို ဖြစ်နေပါတယ် အထူးသဖြင့် နောက်တန်း ဧရိယာ အတွင်းမှာပါ။ စိတ်ပိုင်းဆိုင်ရာ အားဖြင့်လဲ ပြင်းထန်သလို ၊ စုစည်းမှု အားကောင်းတဲ့ အသင်းတစ်သင်းဟာ ဝက်စ်ဟမ်း လို အသင်းမျိုးကို ကြံကြံဖန်ဖန် ရှုံးသွားတာ ထူးဆန်းလွန်းပါတယ်။

ဒါပေမယ့် လိဒ် ယူနိုက်တက် က ပိုဆိုးပါတယ်။ အထူးသဖြင့် ကီဗင် ဖီးလစ် နဲ့ ပက်ထရစ် ဘမ်းဖို့ဒ် တို့သာ ဒဏ်ရာပြသနာတွေကြောင့် အနားထားရင် ကစားပုံက မျှော်လင့်ချက်ကို မပါတော့ပါဘူး။
ခန့်မှန်းချက် – ချဲဆီး 2-0 လိဒ်

လီဗာပူး – အက်စ်တွန် ဗီလာ
ဂျရတ် ဟာ အက်စ်တွန် ဗီလာ မှာ ရလာဒ်ကောင်းတွေ ယူပြနေတာ နဲ့ ပတ်သက်ပြီး ကျနော်လဲ လုံး၀ မအံ့သြပါဘူး ဘာလို့လဲ ဆိုတော့ သူက ကစားသမားတွေ အားလုံးကို တွန်းအား ပေးထားတာလေ။

လက်ရှိ ကစားသမား စုဖွဲ့မှုဟာ ဒင်းန် စမစ် တည်ဆောက်ခဲ့တာပါ ဒါပေမယ့် ဂျရတ် ရောက်လာလို့ လေ့ကျင့်ရေး နည်းစနစ်တွေ က အစ ပြောင်းလဲ သွားပါလိမ့်မယ်။ သူဟာ အိုက်ဒီယာသစ်တွေ + နည်းပြ အဖွဲ့ဝင်ကောင်းတွေလဲ ခေါ်ဆောင်လာနိုင်ခဲ့ ပါတယ်။

သူသာ လက်ရှိ ပုံစံ အတိုင်း ဆက်ပြီး ထိန်းထားနိုင်မယ် ဆိုရင်တော့ လီဗာပူး မန်နေဂျာ ဖြစ်လာဦးမှာ သေချာပါတယ်။ ဒါပေမယ့် သူကတော့ အမြဲတမ်း ငြင်းဆိုနေဆဲပါ။ ဒါက သူ့အတွက်လဲ ကောင်းပါတယ်။ ဗီလာ အလုပ်ပေါ် အပြည့်အ၀ အာရုံ စိုက်ထားလို့ ရတာပေါ့။

ဂျရတ် ပြန်လာတဲ့ အတွက် အန်ဖီး ပရိသတ်တွေ အကြားမှာ သောင်းသောင်းဖျဖျ နဲ့ ကြိုဆိုတာမျိုးတွေ မြင်ရမှာ ဖြစ်ပေမယ့် ၊ ဒီပွဲမှာ အိမ်ရှင်က အနိုင်လို့ပဲ ပြောချင်ပါတယ်။
ခန့်မှန်းချက် – လီဗာပူး 2-0 ဗီလာ

နော့ဝှစ်ချ် – ယူနိုက်တက်
ဒင်း စမစ် ရဲ့ နော့ဝှစ်ချ် နည်းပြဘ၀ ရှုံးပွဲ မရှိ မှတ်တမ်းဟာ စပါး နဲ့ အတွေ့မှာတော့ ကျိုးပျက်သွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာ နယူးကာဆယ် က နိုင်ပွဲ ရလိုက်တဲ့ အတွက် သူတို့ဟာ အမှတ်ပေးဇယား အောက်ဆုံး ကို ပြန်ရောက်သွားပါတယ်။

ကျနော့် အမြင်မှာတော့ ဒီပွဲမှာလဲ သူတို့ အတွက် အခက်ခဲတွေ ကြုံလာရဦးမှာပါ။ ယူနိုက်တက် ကလဲ ကြားဖြတ် မန်နေဂျာ ရန်နစ် ရဲ့ လက်အောက်မှာ စုစည်းမှု အပြည့် ဖြစ်ဖို့ အချိန်အတိုင်းအတာ တစ်ခု အထိ ယူရဦးမှာ ဆိုပေမယ့် နော့ဝှစ် အတွက် မလွယ်ပါဘူး။

ပဲလေ့နဲ့ ကစားသွားတဲ့ ပွဲမှာ ယူနိုက်တက် ရဲ့ ပြေးလွှားတဲ့ အကွာအဝေး နှုန်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီ ပမာဏဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေ အတွင်း ပြေးလွှား ကစားခဲ့တာထက်တောင် ပိုများနေပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ နော့ဝှစ်ချ် ကို သက်တောင့်သက်သာ နဲ့ ကစားပြမှာပါ။
ခန့်မှန်းချက် – နော့ဝှစ်ချ် 0-2 ယူနိုက်တက်

အခြားပွဲစဉ် ခန့်မှန်းချက်များ

ဘရန်းဖို့ဒ် 2-1 ဝက်ဖို့ဒ်
ဘန်လေ 1-1 ဝက်စ်ဟမ်း
လက်စတာ 2-1 နယူး
ပဲလေ့ 1-1 အဲဗာတန်

SPORTS MYANMAR