ဥရောပ ပွဲတွေ ပြီးသွားချိန် မှာတော့ အမှတ်ပေး ပွဲတွေရဲ့ အလှည့်ကို ရောက်ရှိလို့ လာခဲ့ ပါပြီ ။
ဒီတပတ် မှာတော့ အသင်းကြီး အချင်းချင်း ထိပ်တိုက် တွေ့တာမျိုး မရှိကြပါဘူး ။ တော့တင်ဟမ် ဟော့စပါး ရဲ့ ပွဲကတော့ ကိုဗစ် ကူးစက်ခံရမှုတွေကြောင့် ရွှေ့ဆိုင်း ထားခဲ့ ပါတယ် ။
ဒါကြောင့် ဒီတပတ် မှာ ပွဲစဉ် ၉ ပွဲသာ ကစား သွားကြမှာပါ ။
ဒီထဲမှာ စိတ်ဝင်စား စရာ အကောင်းဆုံး ကတော့ အန်ဖီးလ် ကို ပြိုင်ဘက်တယောက် အဖြစ်နဲ့ ပြန်လာရမယ့် စတီဗင်ဂျရတ် ( ဗီလာနည်းပြ ) ရဲ့ ပွဲပါပဲ ။
ဘယ်ပွဲစဉ်တွေမှာ ဘယ်အသင်းတွေ ဘယ်လို ဖြစ်လာနိုင် မလဲဆိုတာ Sky Sports က လူးဝစ် ဂျုံးစ် ရဲ့ သုံးသပ်ချက်တွေ ကို နားထောင် ကြည့်လိုက်ရအောင်ဗျာ . . .
၁ ။ မန်ချက်စတာ စီးတီး – ဝုဗ်
ဝုဗ် မှာ ဂိုးသွင်းတာနဲ့ ပတ်သက်ပြီး ပြဿနာ အချို့ ရှိနေပါတယ် ။ အခု သူတို့ ဂိုးတွေ အပျော် သွင်းနေတဲ့ အသင်း တသင်းနဲ့ ရင်ဆိုင်ရပါပြီ ။
ကြားရက် ချန်ပီယံလိဂ် မှာ လိုက်ပ်ဇစ် ကို ရှုံးခဲ့ပေမယ့် ဒီရလဒ်က စီးတီး ကို ဘယ်လိုမှ မထိခိုက် စေခဲ့ ပါဘူး ။
ဒါပေမယ့် ၂ ပွဲဆက် မျက်နှာ အပျက်မခံ နိုင်တာကြောင့်ရော အဆင့် ၁ နေရာကို ဆက်ထိန်း ထားဖို့ အတွက်ပါ ဒီပွဲ ကို စီးတီး တို့ ဖိဖိ စီးစီး ကစား သွားမှာ သေချာပါတယ် ။
ဝုဗ် လုပ်ရမှာက ခံစစ်ကို အထိုင်ချပြီး မန်စီးတီး တိုက်စစ် ကို တတ်နိုင်သလောက် ကာကွယ်ဖို့ ပါ ။ ဒါပေမယ့် အဆုံးသတ် မှာတော့ ဧည့်သည်တို့ လက်ဗလာ နဲ့ မန်ချက်စတာ ကနေ ပြန်ရမှာပါပဲ ။
ခန့်မှန်းချက် – မန်စီးတီး ၂ – ၀ ဝုဗ်
၂ ။ အာဆင်နယ် – ဆောက်သမ်တန်
နိုဝင်ဘာထဲ ကစားခဲ့တဲ့ ၄ ပွဲမှာ ဆောက်သမ်တန် တို့ ၁ ပွဲသာ နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ရှုံးပွဲ ကလည်း တပွဲ တည်းပါ ။ ကျန်တဲ့ ၂ ပွဲက သရေ ကျထားတာ ဖြစ်ပြီး အခုပွဲ မှာလည်း အာဆင်နယ် ကို အခက်တွေ့အောင် လုပ်နိုင်ဖို့ ရှိပါတယ် ။
အဲဗာတန် ၊ မန်ယူနိုက်တက် တို့ကို ၂ ပွဲဆက် ရှုံးလိုက်တာဟာ အာဆင်နယ် ကစားသမားတွေ အပေါ်မှာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ရှိလာ နိုင်ပါတယ် ။
ဒီလိုမျိုး အဆိုးတွေ ဆက်တိုက် ဖြစ်လာပြီဆိုရင် ပြန်လာ နိုင်ဖို့ က အတော်လေး ရုန်းကန် ကြရတတ် ပါတယ် ။
ဒါကိုသာ ဟတ်ဆန်ဟော့ တို့ အခွင့်ကောင်း ယူနိုင်မယ် ဆိုရင်တော့ အဝေးကွင်းမှာ ခရစ္စမတ် အကြို လက်ဆောင် ၁ မှတ်လောက် ရယူနိုင်မှာပါ
ခန့်မှန်းချက် – အာဆင်နယ် ၁ – ၁ ဆောက်သမ်တန်
၃ ။ ချဲလ်ဆီး – လိဒ် ယူနိုက်တက်
မာဆယ်လို ဘီယေဆာ ရဲ့ လိဒ် တို့ အကျဘက်ကို ရောက်နေ ပါတယ် ။ တိုက်စစ်ပိုင်းက ထက်မြက်မှု အားလျော့ လာသလို ခံစစ်ပိုင်း ကလည်း ကျေနပ်လောက်တဲ့ ကျစ်လျစ် သိပ်သည်းမှုတွေ ရှိမနေ ပါဘူး ။
ချဲလ်ဆီး ကတော့ ကြားရက် တုန်းက ဇင်းနစ် နဲ့ သရေ ကစားမိ ခဲ့တာကြောင့် အုပ်စု ဒုတိယ နေရာကို ဆင်းခဲ့ရ ပါတယ် ။ အဲ့ဒိလို ပေါ့လျော့မှုမျိုး ကို နောက်တခါ အဖြစ် ခံမှာ မဟုတ်ပါဘူး ။
တခု စဉ်းစားရမှာက ချဲလ်ဆီး မှာ ဒဏ်ရာ ကစားသမားတွေ များနေတာပါပဲ ။
အခုပွဲမှာ အချို့ ပြန်ပါကောင်း ပါလာနိုင်ပေမယ့် နည်းပြ တူချယ် က အရဲစွန့်ပြီး သုံးဖို့ အလားအလား နည်းပါတယ် ။
လူမစုံရင် ချဲလ်ဆီးတို့ အမြင့်ဆုံး ပုံစံ နဲ့ မကစားနိုင်ပါဘူး ။
ဒီလိုပွဲမျိုးမှာ ချဲလ်ဆီးတို့ လူကာကူ ကို လိုအပ်ပါတယ် ၊ သူ ဘာလုပ်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ ။
နိုင်တော့ နိုင်မယ် ၊ ဂိုးတော့ ပြတ်မှာ မဟုတ်ပါဘူး ။
ခန့်မှန်းချက် – ချဲလ်ဆီး ၂-၁ လိဒ်
၄ ။ လီဗာပူး – အက်စတွန် ဗီလာ
စတီဗင် ဂျရတ် ရဲ့ အန်ဖီးလ် တကျော့ပြန် ခရီး ကတော့ တကယ့်ကို စိတ်ဝင်စားစရာ ၊ ခံစားချက်တွေ နဲ့ ပြည့်နှက် နေတဲ့ အရာ ဖြစ်နေမှာပါ ။
ဗီလာ မှာ ကစားသမားကောင်းတွေ ရှိပါတယ် ၊ စုဖွဲ့မှု အားကလည်း ဂျရတ် တာဝန်ယူပြီး နောက်ပိုင်းမှာ ပိုကောင်းလာပါတယ် ။
ဒါပေမယ့် လီဗာပူး ဆီက အမှတ်တွေကို ခွဲယူဖို့ အထိကတော့ မလုံလောက်ပါဘူး ။
တခု စဉ်းစားရမှာက လီဗာပူး ရဲ့ စတီဗင် ဂျရတ် အပေါ် ထားရှိတဲ့ လေးစားမှုပါ ။
အန်ဖီးလ် မှာ လီဗာပူး ကို ဗီလာ ယှဉ်ကစား နိုင်ဖို့ မရှိပါဘူး ။ မိုဆာလာ ကလည်း ထိန်းချုပ်ရ ခက်နေဦးမှာပါ ။
ဒါပေမယ့် ဂိုးတွေ အများကြီး မြင်ရဖို့ မရှိပါဘူး ၊ လီဗာပူး က သွင်းလို့ ရရင်တောင် သွင်းဖို့ ဆန္ဒ မရှိလောက်ဘူးလို့ ခံစားမိပါတယ် ။ ၁ ဂိုး ၂ ဂိုးလောက် နဲ့ပဲ နိုင်သွားမှာပါ ။
ခန့်မှန်းချက် – လီဗာပူး ၁ – ၀ ဗီလာ
၅ ။ နောဝှစ်ချ် – မန်ချက်စတာ ယူနိုက်တက်
ယာယီ နည်းပြ တယောက် အတွက် သိပ်ကို ကောင်းလွန်းတဲ့ အစုအဖွဲ့ ကို ရပ်ဖ် ရန်းနစ် ပိုင်ဆိုင် ထားပါတယ် ။ ပြီးခဲ့တဲ့ ပဲလေ့စ် နဲ့ ပွဲက အဖွင့် ၄၅ မိနစ် မှာ ယူနိုက်တက် ကစားပုံက တော်တော်လေး အားရစရာ ရှိခဲ့ တာပါ ။ အဲ့ဒိ ပထမပိုင်းမှာ ယူနိုက်တက် တို့ ၁၂ ကြိမ် ကန်ခွင့် ရခဲ့ပြီး ထောင့်ကန်ဘောက ၇ ကြိမ်တောင် ရခဲ့တာပါ ။
အခုပွဲ မှာလည်း ဒီလို လွှမ်းမိုး ထားမှု မျိုးကို မြင်တွေ့ ရနိုင်ပါတယ် ။
နောဝှစ်ချ် က ဇယားအောက်နားမှာ ဖိအားတွေ ရှိနေပါတယ် ။ ဒါပေမယ့် ခြေစွမ်း ကလည်း အားရစရာ မရှိ ပါဘူး ။
ခံစစ်ရော တိုက်စစ်ပိုင်းမှာပါ အရည်အသွေးတွေ လိုအပ်နေဆဲ ပါပဲ ။
ဒါကြောင့် ဒီပွဲဟာ မန်ယူနိုက်တက် အတွက် အခက်အခဲ မရှိဘဲ ၃ မှတ်ရသွား နိုင်မယ့် ပွဲမျိုး လို့ ပြောရမှာပါ ။
ခန့်မှန်းချက် – နောဝှစ်ချ် ၀ – ၃ မန်ချက်စတာ ယူနိုက်တက်
အခြားပွဲစဉ် ခန့်မှန်းချက်များ –
၆ ။ ဘရန့်ဖိုဒ့် ၂ – ၂ ဝက်ဖိုဒ့်
၇ ။ ဘန်လေ ၁ – ၂ ဝက်စ်ဟမ်း
၈ ။ လက်စတာ စီးတီး ၂ – ၂ နယူးကာဆယ်
၉ ။ ပဲလေ့စ် ၁ – ၁ အဲဗာတန်
SPORTS MYANMAR