အသင်းကြီးချင်းတွေ့ကြမယ့် ခါရာဘောင် ၊ ၂၀၂၁ ကို အမှတ်ဖြတ်ပြီး နှုတ်ဆက်ခဲ့ကြတဲ့ ရီးရဲ နဲ့ အင်တာ ၊ တန်းဆင်းဇုန်အသင်းကို မနိုင်တဲ့ PSG တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစား ခဲ့တဲ့ ခါရာဘောင် ဖလား ကွာတား ဖိုင်နယ် ပွဲစဉ်တွေ မှာတော့ ချဲလ်ဆီး ၊ လီဗာပူး နဲ့ တော့တင်ဟမ် ဟော့စပါး တို့ နိုင်ပွဲ ကိုယ်စီ ရကာ ဆီမီး ဖိုင်နယ် အဆင့်ကို တက်ရောက် သွားခဲ့ ကြပါတယ် ။

ဆီမီး ဖိုင်နယ် မှာတော့ အာဆင်နယ် နဲ့ လီဗာပူး ၊ ချဲလ်ဆီး နဲ့ တော့တင်ဟမ် ဟော့စပါး တို့ ဆုံတွေ့ ခဲ့ကြပါတယ် ။

ချဲလ်ဆီး ဟာ ဘရန့်ဖိုဒ့် အသင်းကို အဝေးကွင်းမှာ ၂ – ၀ နဲ့ အနိုင် ရခဲ့တာ ဖြစ်ပြီး စပါး ကတော့ ဝက်စ်ဟမ်း ကို ၂-၁ နဲ့ အနိုင် ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။

လီဗာပူး ကတော့ လက်စတာ စီးတီး နဲ့ မိနစ် ၉၀ အတွင်း ၃ ဂိုးစီ သရေကျ ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူ ကြရာမှာ ၅-၄ နဲ့ အနိုင် ရရှိခဲ့ တာပဲ ဖြစ်ပါတယ် ။

စပိန် လာလီဂါ မှာတော့ ရီးရဲမက်ဒရစ် ဟာ ဘီဘာအို အသင်းကို တိုက်စစ်မှူးကြီး ဘန်ဇီးမား ရဲ့ သွင်းဂိုးတွေ နဲ့ ၂-၁ ဖြင့် အနိုင်ရပြီး ၂၀၂၁ ကို နှုတ်ဆက် နိုင်ခဲ့ ပါတယ် ။ ဒီနိုင်ပွဲကြောင့် ရီးရဲ ဟာ ( တပွဲလျော့ထားတဲ့ ) ဆီဗီးလား ကို ၈ မှတ်အထိ ဖြတ်ထား နိုင်ခဲ့ ပါပြီ ။

လက်ရှိ ချန်ပီယံ အက်သလက်တီကို မက်ဒရစ် ကတော့ ဂရန်နာဒါ အသင်းကို ရှုံးနိမ့် သွားခဲ့ ပါတယ် ။

စီးရီးအေ မှာတော့ အင်တာမီလန် ဟာ တိုရီနို အသင်း ကို ဒမ်ဖရိုင်း ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိပြီး ၂၀၂၁ ကို အဆင့် ၁ နေရာကနေ နှုတ်ဆက် သွားခဲ့ ပါတယ် ။

အေစီမီလန် ကတော့ အမ်ပိုလီ ကို ၄-၂ နဲ့ အနိုင် ရခဲ့ပြီး စပီဇီယာ ကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ နာပိုလီ ကို ကျော်တက်ကာ အဆင့် ၂ နေရာကို ပြန်လည် ရယူ သွားနိုင်ခဲ့ ပါတယ် ။

ပြင်သစ် လီဂူး မှာတော့ PSG ဟာ နေမာ ၊ ဘာပေ တို့ မပါဘဲ လိုးရီးရန့် အသင်း ကို ရင်ဆိုင် ကစားခဲ့ပြီး ၁ ဂိုးစီ သရေကျ ခဲ့ပါတယ် ။ PSG ဟာ တန်းဆင်းဇုန် က အသင်း ရဲ့ ဦးဆောင်မှု ကို ခံခဲ့ရပြီး မိနစ် ၉၀ ကျော်မှသာ အီကာဒီ ရဲ့ ချေပဂိုးကို ရရှိခဲ့ ပါတယ် ။

PSG ခံစစ်မှူးကြီး ရာမိုစ့် ဟာလည်း အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရ ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ ဘာစီလိုနာ ဟာ မန်စီးတီး တောင်ပံ ကစားသမားလေး ဖာရန် တောရက်စ် ကို ယူရို ၅၅ သန်း ဝန်းကျင် နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ခဲ့ပြီလို့ မနေ့ညပိုင်းက ထွက်ပေါ် လာခဲ့ ပါတယ် ။

တောရက်စ် ဟာ လာမယ့် ခရစ္စမတ် ကာလ အတွင်းမှာ ဘာစီလိုနာ ကို သွားရောက်ပြီး ဆေးစစ်မှု ခံယူမယ် လို့လည်း ကြားသိရ ပါတယ် ။

ရီးရဲ ဆိုဆီဒက် အသင်းဟာ PSG ကစားသမား ရာဖင်ဟာ ကို ၆ လ အငှား စာချုပ်နဲ့ ခေါ်ယူဖို့ ဆွေးနွေး နေတယ်လို့လည်း သိရ ပါတယ် ။

ချဲလ်ဆီး အသင်း နည်းပြ တူချယ် ကတော့ ရူဒီဂါ ထွက်ခွာ သွားပါက PSG နောက်ခံလူ ကင်ပမ်ဘီ ကို အစားထိုး ခေါ်ယူ သွားဖို့ စိတ်ကူး နေတယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

လီဗာပူး အသင်းဟာလည်း ပေါ်တို မှာ ကစားနေတဲ့ ကိုလံဘီယာ ရိုနယ်ဒို လို့ နာမည်ကြီး နေတဲ့ လူးဝစ် ဒီယာ့ဇ် ကို ခေါ်ယူဖို့ စဉ်းစား နေပြီး ဆာလာ ၊ မာနေး တို့ အာဖရိက ဖလား ပြိုင်ပွဲကို သွားရောက် စဉ်မှာ ကာဗာ ဖြစ်နိုင်ဖို့ ရည်ရွယ် ထားတာလို့ ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့က လေ့ကျင့်ခန်း ပြန်လည် စတင် ခဲ့ပြီး ရိုနယ်ဒို အပါအဝင် ကစားသမား အချို့ ပြန်လည် ပါဝင် လာခဲ့ ကြပါတယ် ။

အသင်းက အသစ် ခေါ်ယူ ထားတဲ့ Performance analyst အီဝမ် ရှပ် ဟာလည်း မနေ့က အသင်းနဲ့ စတင် ပူးပေါင်းခဲ့တယ် လို့ သိရ ပါတယ် ။

ဆီဗီးလား အသင်း ကတော့ မန်ချက်စတာ ယူနိုက်တက် ကနေ ပြောင်းဖို့ စိတ်ကူး နေတဲ့ အန်တိုနီ မာရှယ် ကို စိတ်ဝင်စားတဲ့ အသင်းတွေ ထဲမှာ ပါဝင် လာခဲ့တယ်လို့ ကြားသိရ ပါတယ် ။

အတည်မပြု နိုင်တဲ့ သတင်းအချို့ အရ ခရစ္စတီယာနို ရိုနယ်ဒို ဟာ ရာသီ အကုန်မှာ ယူနိုက်တက် အမြဲတမ်း နည်းပြ ရာထူး အတွက် ဇီဒန်း ကို ဦးစားပေး ဆက်သွယ် စေလိုပြီး ဇီဒန်း နဲ့ မဖြစ်ခဲ့ပါက အေတီကို နည်းပြကြီး ဆီးမြွန်းနီ ကို ကြိုးစားကြည့်ဖို့ လိုလားနေတယ် လို့ သိရ ပါတယ် ။

 

SPORTS MYANMAR