အဖွင့်ပွဲမှာ ခြေချော်နိုင်တဲ့ ရန်းနစ် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အတွက် ခန့်မှန်းချက်များ

ဒီဇင်ဘာ ပွဲကြပ် ကာလရဲ့ ဒုတိယမြောက် ပွဲစဉ်ကို ရောက်ရှိလို့ လာခဲ့ ပါပြီ ။ ကြားရက်တုန်းက အမှတ်လျော့ ခဲ့တဲ့ ဝက်စ်ဟမ်း ဟာ ဒီပွဲစဉ် မှာလည်း ချဲလ်ဆီး နဲ့ ရင်ဆိုင် ရမှာ ဖြစ်လို့ အာဆင်နယ် ၊ စပါး ၊ မန်ယူနိုက်တက် တို့ အခွင့်အရေးတွေ ရသွားမလား ဆိုတာ စောင့်ကြည့် ရမှာပါ ။

ဒါကြောင့် ဒီပိတ်ရက် မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အတွက် ပေါလ် မာဆင် ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

 

၁ ။ ဝက်စ်ဟမ်း – ချဲလ်ဆီး

ဝက်စ်ဟမ်း တို့ အကျဘက်ကို ရောက်နေပြီလားလို့ တွေးချင်စရာပါ ။ ပြီးခဲ့တဲ့ ပွဲမှာ သူတို့ အဖိုးတန် အမှတ်တွေ လက်လွှတ် ခဲ့ရ ပါတယ် ။ အခု သူတို့ ပိုချက်တဲ့ အသင်းနဲ့ ရင်ဆိုင် ရပါပြီ ။

ချဲလ်ဆီး ကတော့ ဝက်ဖိုဒ့် နဲ့ ပွဲမှာ ကံဖေးမမှုတွေ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် နိုင်ဖို့ လိုအပ်တဲ့ ပွဲကိုတော့ နိုင်အောင် ကစားနိုင်ခဲ့ ပါတယ် ။

 

ဝက်စ်ဟမ်း ရဲ့ အဓိက လက်နက်က တည်ကန်ဘောတွေ ဖြစ်မှာပါ ၊ ဒါကြောင့် ခုပွဲမှာ ချဲလ်ဆီး အနေနဲ့ လူကာကူ ကို ပြန်သုံးသင့်တယ်လို့ ထင်ပါတယ် ။ ဝက်စ်ဟမ်း ရော ချဲလ်ဆီးပါ လက်ရှိ အနေအထားမှာ အကောင်းဆုံး ကစားပုံမှာ ရှိမနေကြပါဘူး ။ လန်ဒန် ဒါဘီလည်း ဖြစ်တာကြောင့် သရေ ဆိုရင်လည်း လွန်မယ် မထင်ပါဘူး ။

မာဆင် ကတော့ စနေနေ့ညရဲ့ အစောဆုံးပွဲကို ၁ ဂိုးစီ သရေ ကျမယ်လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

၂ ။ ဝုဗျ – လီဗာပူး

ဝုဗ် ရဲ့ တိုက်စစ်ပိုင်းက အားရစရာ သိပ်မရှိ ပါဘူး ၊ သူတို့ အခွင့်အရေး ဖန်တီးနိုင်မှု နည်းသလို ဂိုးတွေလည်း သိပ်မသွင်း နိုင် ဖြစ်နေပါတယ် ။

လီဗာပူး ကတော့ ဝုဗ် နဲ့ ဆန့်ကျင်ဘက်ပါ ၊ အခွင့်အရေးတွေ ပွဲတိုင်း ဖန်တီးနေသလို ဂိုးတွေ ကလည်း ပုံမှန် သွင်းနေကြပါတယ် ။

ဝုဗ် ခံစစ် က အရမ်း မမာကျောပါဘူး ၊ ဒါကြောင့် မိုဆာလာ ၊ ဂျိုတာ တို့ကို ဘယ်လို ထိန်းမလဲ ဆိုတာ တွေးပြီး ရင်လေးစရာပါ ။ အခုချိန်မှာ လီဗာပူးက ရပ်တန့်လို့ မရတဲ့ အသင်း ဖြစ်နေလို့ ပါပဲ ။

ပေါလ် မာဆင် ရဲ့ ခန့်မှန်းချက် – ဝုဗ် ၀ – ၃ လီဗာပူး

၃ ။ ဝက်ဖိုဒ့် – မန်ချက်စတာ စီးတီး

ဝက်ဖိုဒ့် က အသင်းကြီးတွေ ကို စိတ်အနှောက် အယှက်ဖြစ်အောင် လုပ်နိုင်စွမ်း ရှိပါတယ် ။ ပြီးခဲ့တဲ့ ချဲလ်ဆီး နဲ့ ပွဲကိုပဲ ကြည့်ပါ ။

ဒါပေမယ့် သူတို့ အနိုင်ရအောင်တော့ လုပ်နိုင်ဖို့ မလွယ်ပါဘူး ၊ မန်ချက်စတာ ယူနိုက်တက် ကို နိုင်ခဲ့တယ် ဆိုတာက ယူနိုက်တက် အဘက်ဘက် က ချို့ယွင်း နေချိန် မလို့ပါ ။ အခု ကစားမယ့် မန်စီးတီး က ယူနိုက်တက် နဲ့ လုံး၀ မတူပါဘူး ။

စီးတီး ကစားကွက်က တော်တော် ကောင်းပါတယ် ၊ ဒါပေမယ့် အဆုံးသတ်ပိုင်းက ခုထိ အကြီးမားဆုံး ပြဿနာ ဖြစ်တုန်း ပါပဲ ။

အပြန်အလှန် တိုက်စစ်ဆင် ကစားကြမယ့် ပွဲ ဖြစ်နိုင်တာကြောင့် သွင်းဂိုးများလောက်ပါတယ် ။ အနိုင်ကတော့ မန်စီးတီး ပါပဲ ။

ဝက်ဖိုဒ့် ၁ – ၃ မန်စီးတီး လို့ မာဆင် က ခန့်မှန်း သွားခဲ့ ပါတယ် ။

၄ ။ မန်ချက်စတာ ယူနိုက်တက် – ခရစ္စတယ် ပဲလေ့စ်

အာဆင်နယ်နဲ့ ပွဲမှာ ယူနိုက်တက် တို့ ဒုတိယပိုင်း ကစားပုံနဲ့ အနိုင် ရလဒ်ကို ယူဆောင်ခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ရဲ့ ခံစစ် အနေအထားကတော့ အားရစရာ မရှိသေး ပါဘူး ။

ရပ်ဖ်ရန်းနစ် က အခုပွဲကို စကိုင်မှာပါ ၊ နည်းပြသစ် အောက်မှာ မျက်နှာရဖို့ ကစားသမားတွေ အစွမ်းကုန် ကြိုးစား ကြမှာတော့ အသေအချာပါပဲ ။ ဒါပေမယ့် ပက်ထရစ် ဗီယာရာ နဲ့ ပဲလေ့စ် က ဒီလိုပွဲမျိုးကို စောင့်နေ ကြတာပါ ။

ပဲလေ့စ် က ကျိန်းသေပေါက် ခံစစ် အထိုင်ချပြီး တန်ပြန် တိုက်စစ်နဲ့ ကစားမှာပါ ၊ သူတု့ိ မန်စီးတီး ကို နိုင်ခဲ့ တုန်းကလိုပေါ့ ။

 

ယူနိုက်တက် ခံစစ် သမားတွေရဲ့ နှေးကွေး လေးလံမှုတွေက ဝီလ်ဖရိုက် ဇာဟာ ကို ဘယ်လို ထိန်းချုပ် မလဲ ဆိုတာ စိတ်ဝင်စား စရာပါပဲ ။ တန်ပြန် တိုက်စစ်ကနေ ပဲလေ့စ် တို့ ဂိုးရဖို့ အလားအလာ များပါတယ် ။

ယူနိုက်တက် တိုက်စစ် ကလည်း ပဲလေ့စ် ဘက်ကို ဂိုးသွင်း နိုင်မှာပါ ။

အိမ်ရှင် နိုင်ဖို့ အခွင့်အရေး ရှိသလို ပဲလေ့စ် ကလည်း မထင်မှတ်တာကို လုပ်ပြဖို့ အရည်အသွေးတွေ ရှိနေတာ ငြင်းလို့ မရပါဘူး ။ ဒါကြောင့် သရေဆိုတာ အဖြစ်နိုင်ဆုံးပါပဲ ။

မာဆင် ရဲ့ ခန့်မှန်းချက် ကတော့ မန်ယူနိုက်တက် ၂ – ၂ ပဲလေ့စ် ဖြစ်ပါတယ် ။

၅ ။ တော့တင်ဟမ် ဟော့စပါး – နောဝှစ်ချ် စီးတီး

ဘရန့်ဖိုဒ့် နဲ့ ပွဲမှာ စပါးတို့ ကစားတာ ကောင်းခဲ့ ပါတယ် ။ ပြီးတော့ ဒီနိုင်ပွဲက အသင်းအတွက် စိတ်ဓါတ် ရေးရာ မှာလည်း အရေးပါခဲ့ မှာပါ ။ အခု သူတို့ လုပ်ရမှာက ၂ ပွဲဆက် အနိုင်ရဖို့ ပါပဲ ။

နောဝှစ်ချ် က စပါး ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး ။ အမြင့်ဆုံး မျှော်လင့် နိုင်တာက သရေ ဖြစ်ပြီး ဒီလို ဖြစ်ဖို့ ကိုတောင် အံ့ဖွယ် စွမ်းဆောင်ရည် ကို လိုအပ် မှာပါ ။

ဒီလို ပွဲမျိုးဟာ ဟယ်ရီကိန်း အတွက် ဂိုးပေါက် ပြန်ရှာတွေ့နိုင်ဖို့ အလားအလာ အကောင်းဆုံး ပွဲတပွဲ ပါပဲ ။

စပါး အနိုင်ရမယ် ဆိုတာကိုတော့ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး ။

မာဆင် ရဲ့ ခန့်မှန်းချက် ၊ စပါး ၃ – ၀ နောဝှစ်ချ်

၆ ။ အဲဗာတန် – အာဆင်နယ်

ဒီရာသီ အစတုန်းက အာဆင်နယ် ကို ရာသီအကုန်မှာ Top Four ဝင်မယ်လို့ ထင်သူတွေ သိပ်မရှိခဲ့ ပါဘူး ။ အခုတော့ လူတွေက ဒါကို စပြီး စဉ်းစား လာပါပြီ ။

အဲဗာတန် ဘက်မှာတော့ အခြေအနေတွေ သိပ်မကောင်းပါဘူး ။ ဒီပွဲဟာ ရာဖေး ဘင်နီတက် ရဲ့ အဲဗာတန် နည်းပြ ဘ၀ နောက်ဆုံးပွဲတောင် ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ် ။ အဲဗာတန် ပရိသတ်တွေရဲ့ အားပေးမှု ကိုလည်း မရတော့ပါဘူး ။

အသင်းတသင်းဟာ ဒီလို ခြေစွမ်းရော စိတ်ဓါတ်ပိုင်းပါ အကျရောက်နေပြီ ဆိုရင်တော့ နည်းပြ အပြောင်းအလဲ ဖြစ်ဖို့ တာစူနေပြီလို့ ပြောရမှာပါ ။

ပေါလ် မာဆင် ရဲ့ ခန့်မှန်းချက် ကတော့ အဲဗာတန် ၁ – ၂ အာဆင်နယ် ဖြစ်ပါတယ် ခင်ဗျာ ။

အခြားပွဲစဉ် ခန့်မှန်းချက်များ –

 

၇ ။ နယူးကာဆယ် ၁ – ၁ ဘန်လေ

 

၈ ။ ဆောက်သမ်တန် ၁ – ၁ ဘရိုက်တန်

 

၉ ။ လိဒ်ယူနိုက်တက် ၂ – ၀ ဘရန့်ဖိုဒ့်

 

၁၀ ။ အက်စတွန် ဗီလာ ၃ – ၂ လက်စတာ စီးတီး

 

SPORTS MYANMAR