အန်ဖီးရဲ့ နောက်ထပ်မယုံနိုင်စရာ comeback နဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ် တက်ခဲ့တဲ့..လီဗာပူး ၃-၃ လက်စတာ (ပင် ၅-၄) ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

ကယ်လီဟာ ဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ လက်စတာရဲ့ သောမတ် ၊ ဘာထရန် တို့ရဲ့ ကန်ချက်တွေကို လက်စွမ်းပြကာ ကာကွယ်ပေးခဲ့ပြီး လီဗာပူးကို လှပတဲ့ comeback နဲ့ အတူ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်စေခဲ့ပါတယ်။

ပထမပိုင်းမှာ အရန် နဲ့ လူငယ် ကစားသမားတွေ အများအပြား ထည့်သွင်း ကစားခဲ့တဲ့ လီဗာပူးဟာ ခံစစ်ပိုင်း အမှားတွေနဲ့ အတူ လက်စတာကို ၃-၁ နဲ့ ရှုံးနေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကလော့ဟာ ဒုတိယပိုင်းမှာ မီနာ ကီတာ ကိုနာတေး နဲ့ ဂျိုတာ တို့လို ကစားသမားတွေကို ထည့်သွင်းကာ ပွဲရလဒ်ကို ပြန်ပြောင်းနိုင်ရန် ကြိုးစားခဲ့ပါတယ်။

ဒုတိယပိုင်း ကစားပုံ ကောင်းလာခဲ့တဲ့ လီဗာပူးဟာ ခြေစွမ်းပြနေတဲ့ ဂျိုတာ ရဲ့ ချေပဂိုးနဲ့ အတူ ၃-၂ နဲ့ ပြန်လာနိုင်ခဲ့ပြီး ပွဲပြီးဖို့ ၁ မိနစ် အလိုမှာ မီနာမီနိုက ချေပဂိုး သွင်းယူခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့..

၁~အန်ဖီးရဲ့ နောက်ထပ် အမှတ်ရစရာ comeback

ဒီပွဲစဉ် အပြီးမှာတော့ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဘာစီလိုနာ နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် comeback ကို ပြန်လည် အမှတ်ရစေခဲ့ပြီး အန်ဖီးရဲ့ atmosphere ကတော့ ဘာမှ သိပ်ပြီး ကွာခြားသွားတာ မရှိခဲ့ပါဘူး။ လူငယ် ကစားသမား အများအပြားကို ထုတ်သုံးခဲ့တဲ့ လီဗာပူးဟာ ပထမပိုင်းမှာ တောင့်တင်းတဲ့ လူစာရင်းနဲ့ လက်စတာကို မယှဉ်နိုင်ခဲ့ဘဲ ၃-၁ နဲ့ အရေးနိမ့်နေခဲ့ပါတယ်။

လီဗာပူး အနေနဲ့ ပွဲကို ပြန်လာနိုင်ဖို့ အတွက် ဒုတိယပိုင်းမှာ မီနာ ကီတာ ဂျိုတာ ကိုနာတေး တို့ကို ထည့်သွင်း ကစားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးတို့ လွှမ်းမိုးကစားနိုင်ခဲ့ပြီး အဓိက ကစားသမားတွေ မပါခဲ့ပေမယ့်လည်း အန်ဖီးရဲ့ atmosphere ကတော့ အရှိန်ကျဆင်းသွားခြင်း မရှိဘဲ ဂျိုတာ ချေပဂိုး သွင်းလိုက်ချိန်မှာတော့ အမြင့်ဆုံး အနေအထားကို ရောက်သွားခဲ့ပြီး ဧည့်သည်တို့ ကောင်းကောင်းကို ရုန်းကန် ခဲ့ရပါတယ်။

အဲဒီနောက် နာကျင်အချိန်ပိုမှာ မီနာမီနိုက ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ပင်နယ်တီ မှာတော့ လီဗာပူးတို့ comeback ကို ပြည့်စုံအောင် လုပ်နိုင်ခဲ့ပါတယ်။

၂~သွင်းဂိုး ၂ ဂိုးနဲ့ ဗာဒီ

ဗာဒီဟာ အသင်းကြီးတွေနဲ့ တွေ့တိုင်း ဂိုးသွင်းနိုင်လေ့ ရှိပြီး အန်ဖီးမှာ သူဟာ ဂိုးသွင်းမုဆိုး တစ်ဦး ဆိုတာကို ပြသခဲ့ပါတယ်။ အသက်ကြီးလေ ပိုကောင်းလေ ဖြစ်တဲ့ ဗာဒီဟ ပြီးခဲ့တဲ့ ရာသီက မန်စီးတီးကို အီတီဟတ်မှာ ဟက်ထရစ် သွင်းယူပြီးနောက်ပိုင်း ပထမဦးဆုံး အကြိမ် အဝေးကွင်းမှာ တစ်ဂိုးထက် ပိုသွင်းနိုင်ခဲ့တာပါ။

 

ဗာဒီရဲ့ သွင်းဂိုး ၂ ဂိုးစလုံးဟာ တကယ့်ကို ပါးနပ်လှတဲ့ တိုက်စစ်မှုး တစ်ဦးရဲ့ ကစားဟန် ဖြစ်ပြီး လူငယ်ခံစစ်ကစားသမား ကူမက်တီယို နဲ့ ဂိုးမက်ဇ် တို့ကို ကောင်းကောင်း ပညာပေးနိုင်ခဲ့ပါတယ်။ ဗာဒီအနေနဲ့ ဟက်ထရစ်တောင် ရနိုင်မယ့် အခြေအနေ ရှိခဲ့ပြီး ၎င်းရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့ပါတယ်။

၃~ဂျိုတာရဲ့ တန်ဖိုး

ပြီးခဲ့တဲ့ နွေရာသီ ဂျိုတာကို ခေါ်ယူခဲ့တုန်းက သူ ဒီလောက် ကောင်းလိမ့်မယ် ဆိုတာကို ဘယ်သူမှ မသိခဲ့ပါဘူး။ ပေါ်တူဂီ တိုက်စစ်မှုးဟာ ဒီပွဲမှာ အရန်ခုံမှာသာ ရှိနေခဲ့ပေမယ့် ဒုတိယပိုင်းအတွက် ကလော့ရဲ့ ခေါ်ယူမှုကို ခံခဲ့ရပါတယ်။

ဂျိုတာ ဝင်လာပြီးနောက် အိမ်ရှင်အသင်းဟာ ချက်ချင်းကို လွှမ်းမိုး ကစားနိုင်ခဲ့ပြီး ၎င်းရဲ့ တွဲခေါ်မှုနဲ့ အတူ ဖာမီနို ကလည်း ပိုကောင်းလာခဲ့ပါတယ်။ ဂျိုတာဟာ ဒီပွဲအတွက် အရေးကြီးလှတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ဒီပွဲက ၎င်းရဲ့ ခြေစွမ်းကို ကြည့်လိုက်မယ်ဆိုရင် ဖာမီနို အနေနဲ့ ဂျိုတာကို ကျော်ပြီး ပွဲထွက်ခွင့် ပြန်ရဖို့ ဆိုတာ မလွယ်ကူလောက်ဘူး ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ပေါ်တူဂီစတားဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရစေမယ့် ပင်နယ်တီကို ကန်သွင်းယူခဲ့ပြီး အန်ဖီးပရိတ်သတ်ရဲ့ အသဲနှလုံးကို ခြွေယူသွားခဲ့ပါတယ်။

၄~ပထမအသင်းကြီးမှာ နေရာရဖို့ အဝေးကြီး လိုသေးတဲ့ ကူမက်တီယို

အကယ်ဒမီရဲ့ အတောက်ပဆုံး လူငယ်တွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကူမက်တီယိုဟာ လက်ရှိမှာ အသက် ၁၉ နှစ် ရှိနေပြီ ဖြစ်ပေမယ့်လည်း ပထမအသင်းကြီး အတွက် ကစားခွင့် ရနိုင်ဖို့ အဝေးကြီးမှာ ရှိနေဆဲ ဆိုတာကို ဒီပွဲမှာ ပြသသွားခဲ့ပါတယ်။ နက်ဖီးလစ် ဒဏ်ရာရနေတာကြောင့် ဒီပွဲမှာ အခွင့်အရေး ရခဲ့တဲ့ ကူမက်တီယိုဟာ ဗာဒီ ဒါကာ တို့ရဲ့ ရွေ့လျားမှုတွေအောက်မှာ အတော့်ကို ရုန်းကန်ခဲ့ရပြီး တွဲဖက် ခံစစ်ကစားသမား ဖြစ်သူ ဂိုးမက်ဇ် ကလည်း ပုံစံကောင်း မပြသနိုင်ခဲ့တာကြောင့် လီဗာပူး ခံစစ်ဟာ ပထမပိုင်းမှာ ပေါက်ထွက်နေခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ပထမပိုင်းအပြီး ကိုနာတေးနဲ့ လူစားလဲခံလိုက်ရတာ ဖြစ်ပြီး ကူမက်တီယိုဟာ ဘောလုံးကိုင်ကစားပုံကောင်းတဲ့ အပြင် ထိပ်တန်းအဆင့်မှာ ကစားနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလည်း ရှိနေပေမယ့် ခံစစ်ကစားပုံကတော့ လေ့လာစရာ အများကြီး လိုနေပါသေးတယ်။

၅~စိန်ခေါ်မှုတွေ ပြည့်နေတဲ့ လီဗာပူး အတွက် ဇန်နဝါရီ

မာနေး နဲ့ ဆာလား တို့ အာဖရိကဖလား သွားရောက် ကစားနေချိန်မှာ ဒီပွဲမှာ ပါဝင်ကစားခဲ့တဲ့ front line ကိုပဲ ကလော့ အနေနဲ့ အဓိက အားကိုးသွားရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဖာမီနို နဲ့ ဂျိုတာ တို့ကတော့ သေချာပေါက် ပွဲထွက်ခွင့် ရကြမှာ ဖြစ်ပြီး လက်ကျန် တစ်နေရာစာကိုတော့ မီနာမီနို အိုရီဂီ တို့ထဲက တစ်ဦးဦး နေရာ ရမှာ ဖြစ်ပါတယ်။

ပထမပိုင်းမှာ မီနာမီနို ဖာမီနို နဲ့ နီကိုဝီလီယံ တို့ရဲ့ front line ဟာ အလုပ် မဖြစ်ခဲ့ဘဲ ဒုတိယပိုင်း ဂျိုတာ ဝင်လာချိန်မှသာ လက်စတာ ခံစစ်ကို ဖိအားတွေ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ရုန်းကန်ရမှုတွေ ရှိခဲ့ပေမယ့်လည်း လီဗာပူးဟာ ဒီပွဲမှာ ၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပထမဂိုးက ဖာမီနိုရဲ့ ဖန်တီးမှုကနေ ချိန်ဘာလိန်က သွင်းယူခဲ့တာ ဖြစ်ပြီး ကျန်ဂိုးတွေကိုတော့ လူစားဝင်လာပြီးနောက် အထူး ခြေစွမ်းပြခဲ့တဲ့ ဂျိုတာ နဲ့ ဒီပွဲမှာ ခြေစွမ်းမပြနိုင်တဲ့ မီနာမီနို တို့က သွင်းပေးခဲ့တာပါ။ ဆာလားနဲ့ မာနေး တို့ ကာလရှည် သွားမှာ မဟုတ်တာကြောင့် ကလော့ အနေနဲ့ ဒီပွဲက တိုက်စစ်အစုအဖွဲ့နဲ့ ဒါကို ဖြေရှင်းသွားနိုင်ဖို့ မျှော်လင့်နေမှာပါ။

SPORTS MYANMAR