အန်ကီးတီးယား ၊ ပေပေ ၊ ပါတီနို …အာဆင်နယ် ၅-၁ ဆန်းဒါးလန်း ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်

ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ခါရာဘောင်း ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ အာဆင်နယ် အသင်းဟာ လူငယ် တိုက်စစ်မှူး အန်ကီးတီးယား ရဲ့ဟက်ထရစ် သွင်းဂိုး နဲ့ အတူ ဆန်းဒါးလန်း အသင်းကို ဂိုးပြတ် အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်း သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာကတည်းက အန်ကီးတီးယား ၊ ပေပေ တို့ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နေခဲ့တာ ဖြစ်ပါတယ် ။ ဒုတိယပိုင်းမှာလည်း အန်ကီးတီးယား ဟာ ဟက်ထရစ် ဖြစ်စေမယ့် နောက်ထပ် သွင်းဂိုး ၂ ဂိုး ကို ထပ်မံ သွင်းယူ နိုင်ခဲ့ပြီး အပိတ်ဂိုးကိုတော့ လူငယ် ကြယ်ပွင့် ပါတီနို က သွင်းယူ ပေးခဲ့တာပါ ။

အာဆင်နယ် ၅-၁ ဆန်းဒါးလန်း ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကတော့

၁ ။ ခါရာဘောင်းဖလားကို အာရုံ စူးစိုက်မှု အပြည့်ရှိတဲ့ အာတီတာ

ပွဲမတိုင်ခင် ပြောခဲ့တဲ့ စကားအတိုင်း အာဆင်နယ် နည်းပြ အာတီတာ ဟာ လိဂ်ဝမ်း ကလပ် ဆန်းဒါးလန်း အသင်းကို အထင်မသေးဘဲ ကောင်းမွန် တောင့်တင်းတဲ့ လူစာရင်း နဲ့ ရင်ဆိုင် ကစား ခဲ့ပါတယ် ။

အာတီတာ ဟာ ဆန်းဒါးလန်း နဲ့ ပွဲမှာ ပွဲထွက်လူစာရင်း ကို အများအပြား အပြောင်းအလဲ ပြုလုပ်ခဲ့ပေမယ့် အသင်းရဲ့အဓိက ဒေါက်တိုင် အဖြစ် စမစ်ရို ၊ အိုဒီဂတ် နဲ့ ဘန်ဝှိုက် တို့ကို ပွဲထွက် ကစားစေခဲ့ပါတယ် ။ ဒါ့အပြင် အရန်လူစာရင်းမှာလည်း ဆာကာ ၊ လာကာဇက် ကို ထည့်သွင်းခဲ့ပြီး ပြိုင်ဘက် အပေါ် လေးစားမှု ရှိကြောင်း ပြသ ခဲ့ပါတယ် ။

၂ ။ ဟက်ထရစ်ရှင် အန်ကီးတီးယား

ဆန်းဒါးလန်း နဲ့ ပွဲမှာ အာဆင်နယ် အသင်း ရဲ့ တိုက်စစ်ကို ဦးဆောင်ခွင့် ရခဲ့တဲ့ အန်ကီးတီးယား ဟာ သူ့ရဲ့ ကောင်းမွန်တဲ့ အဆုံးသတ် စွမ်းရည်ကို ပြသ နိုင်ခဲ့ပါတယ် ။ ပထမဂိုးမှာဆို အန်ကီးတီးယား ဟာ ပြန်ထွက် လာတဲ့ ဘောလုံးကို အသာအယာ ပိတ်သွင်း ခဲ့တာ ဖြစ်ပြီး ဒုတိယဂိုးကတော့ တာဗာရက်စ် ရဲ့ ဖြတ်တင်ဘောကို အချိန်ကိုက် ပြေးဝင် ပိတ်သွင်း ခဲ့တာပါ ။

ဟက်ထရစ် ဖြစ်စေမယ့်သွင်းဂိုးကတေ့ာ ပေပေ ရဲ့ ပေးပို့မှုကို နောက်ပေါက် နဲ့ လှလှပပ အဆုံးသတ် သွားခဲ့တာ ဖြစ်ပါတယ် ။ အန်ကီးတီးယား ဟာ ဒီရာသီ ခါရာဘောင်း ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၅ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပြီး သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက်မှာတော့ ခါရာဘောင်း သွင်းဂိုး ၁၀ ဂိုး အထိ ရှိနေပါပြီ ။

 

၃ ။ သွင်းဂိုးကော ဂိုးဖန်တီးမှုကော ရခဲ့တဲ့ ပေပေ

ပရီးမီးယားလိဂ်မှာ ပွဲထွက် ကစားခွင့် ပျောက်ဆုံး နေတာ ကြာပြီ ဖြစ်တဲ့ ပေပေ ဟာ ဒီနေ့ ခါရာဘောင်း ဖလား ပွဲစဉ်မှာတော့ ကစားခွင့် ပြန်လည် ရရှိခဲ့ပြီး ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ် ။ ပေပေ ဟာ အာဆင်နယ် အတွက် အာဆင်နယ် အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့သလို အန်ကီးတီးယား နဲ့ ပါတီနို တို့ရဲ့ သွင်းဂိုးတွေကိုလည်း ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။

ဆန်းဒါးလန်း နဲ့ ပွဲက ပေပေ ရဲ့ အခြား မှတ်တမ်းတွေကတော့ ဘောလုံး ထိချက် ၇၃ ကြိမ် ၊ ဘောလုံး ပေးပို့မှု ၃၈ ကြိမ်(၈၄.၄% အောင်မြင်) ၊ အပိုင်အခွင့် အရေး ဖန်တီး နိုင်မှု ၂ ကြိမ်၊ ဘောလုံး ဖျက်ထုတ်မှု ၃ ကြိမ် ၊ လိမ်ခေါက် ကျော်ဖြတ်နိုင်မှု ၅ ကြိမ် တို့ပဲ ဖြစ်ပါတယ် ။

၄ ။ No Auba , no problem

ဒီကြားရက်ပွဲမှာလည်း အူဘာမီယန်း ဟာ အာဆင်နယ် အသင်း ရဲ့ လူစာရင်းကနေ ဆက်လက် ချန်လှပ် ခံခဲ့ရပြန်ပါတယ် ။ အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပြီးကတည်းက အူဘာမီယန်း ဟာ အာဆင်နယ် အတွက် ကစားခွင့် မရတော့တာ ဖြစ်ပါတယ် ။

ဆန်းဒါးလန်း နဲ့ ပွဲမှာ အူဘာ ပြန်ပါလာလောက်တယ်လို့ ပရိသတ်တွေက မှန်းထားခဲ့ကြပေမယ့် အာတီတာ ကတော့ ဂါဘွန်သားကို ဆက်လက် ခေါက်ထား ခဲ့ပါတယ် ။ အူဘာ မပါပေမယ့်လည်း အာဆင်နယ် အသင်းဟာ သွင်းဂိုးတွေ နိုင်ပွဲတွေ ရနေဆဲ ဖြစ်ပြီး နောက်ဆုံး ၄ ပွဲဆက်တိုက် အနိုင် ရထားပါတယ် ။

၅ ။ အာဆင်နယ် အသင်းရဲ့ နောက်ဆုံး Hale-End အကယ်ဒမီထွက် ပါတီနို

ဒီရာသီ အာဆင်နယ် အသင်းကြီးမှာ ကစားခွင့် ရရှိမယ်လို့ တောက်လျှောက် သတင်းကြီးနေတဲ့ ပါတီနို တစ်ယောက် နောက်ဆုံးမှာတော့ သူ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာ ခဲ့ပါပြီ ။ နည်းပြ အာတီတာ ဟာ ဆန်းဒါးလန်း နဲ့ ပွဲ လူစာရင်းမှာ ပါတီနို ကို ပထမဆုံး အကြိမ် ထည့်သွင်း ကစားခဲ့ပါတယ် ။

ပွဲချိန် ၈၁ မိနစ်မှာ စမစ်ရို နေရာ လူစားဝင် ကစားခွင့်ရခဲ့တဲ့ ပါတီနို ဟာ သူ့ရဲ့ စီနီယာ အသင်းကြီး ဘဝ ပထမဆုံး သွင်းဂိုး ရရှိဖို့ ၁၀ မိနစ်သာ စောင့်ဆိုင်း ခဲ့ရပြီး ပေပေ ရဲ့ ပေးပို့မှုကို ဘယ်ခြေ နဲ့ အဆုံးသတ် သွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ် ။

Remember the name , Charlie Patino

SM