အနိုင်နဲ့ စဖွင့်တဲ့ ရန်းနစ် ၊ ချယ်ဟာနိုဂလူး ကို အားကျမခံတဲ့ ကွာဒရာဒို ၊ လှုတ်ခတ်လာတဲ့ အပြောင်းအရွှေ့ အချို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့က ကစားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ အိမ်ရှင်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ တော့တင်ဟမ် ဟော့စပါး နဲ့ အက်စတွန် ဗီလာ တို့ နိုင်ပွဲ ကိုယ်စီ ရရှိ ခဲ့ကြပါတယ် ။

အိုးထရက်ဖိုဒ့် မှာ ကစားခဲ့တဲ့ မန်ယူနိုက်တက် – ပဲလေ့စ် ပွဲစဉ် မှာတော့ ဘရာဇီး ကွင်းလယ်လူ ဖရက်ဒ် ဟာ ရပ်ဖ်ရန်းနစ် ရဲ့ ပထမဆုံး မန်ယူနိုက်တက် နည်းပြ ပွဲစဉ် အတွက် အနိုင်ဂိုးရှင် ဖြစ်ခဲ့ရ ပါတယ် ။

စတီဗင် ဂျရတ် ရဲ့ ဗီလာ ကတော့ လက်စတာ စီးတိး ကို ၂ – ၁ နဲ့ အနိုင် ရရှိခဲ့ပါတယ် ။ ဗီလာ ဟာ လက်စတာ ထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပြီး ဂျရတ် လက်ထက်မှာ အပေါင်း လက္ခဏာဆောင်မှု များစွာကို တွေ့မြင် ခဲ့ရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ကလည်း ကွန်တီ ရဲ့ အောက်မှာ ပုံစံကောင်းတွေ ရရှိနေပြီး နောဝှစ်ချ် စီးတီး ကို ၃-၀ နဲ့ အနိုင် ကစားသွားခဲ့ ပါတယ် ။

ဒီပွဲမှာ ဂိုးသွင်းခဲ့တဲ့ တောင်ကိုရီးယားသားလေး ဆွန်ဟောင်မင် ဟာ စနေနေ့ တုန်းက စပါး အသင်းကို အလည်အပတ် လာရောက် ခဲ့တဲ့ စပါး ပရိသတ် ဖြစ်သူ Spider-man မင်းသား တွမ်ဟော်လန် ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပင့်ကူမျှင်ပစ်တဲ့ ပုံစံ နဲ့ အောင်ပွဲခံ သွားခဲ့ ပါတယ် ။

စီးရီးအေ မှာတော့ ထောင့်ကန်ဘော ကနေ တိုက်ရိုက် ဂိုးသွင်းသူ ၂ ဦး ကို တရက်စီ မြင်တွေ့ ခဲ့ရ ပါတယ် ။

စနေနေ့ တုန်းက အင်တာမီလန် ကွင်းလယ်လူ ချယ်ဟာနိုဂလူး က ရိုးမား ဘက်ကို ထောင့်ကန်ဘော ကနေ တိုက်ရိုက် ဂိုးသွင်း ခဲ့သလို မနေ့ ညက ပွဲမှာလည်း ယူဗင်တပ် ကစားသမား ကွာဒရာဒို ဟာ ဂျီနိုအာ ဘက်ကို ထောင့်ကန်ဘော ကနေ တိုက်ရိုက် ကန်သွင်းပြီး ဂိုး ရယူခဲ့ ပါတယ် ။

ယူဗင်တပ် ဟာ အဆိုပါ ဂိုးအပြင် ဒိုင်ဘားလား ရဲ့ ဂိုး တွေနဲ့ ဂျီနိုအာ ကို ၂-၀ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

ကာတာ ကလပ် အယ်လ်ဆတ် ဟာ ဘာစီလိုနာ ကို ထွက်ခွာ သွားတဲ့ နည်းပြ ဇာဗီ ရဲ့ နေရာကို အာဂျင်တီးနား ကလပ် ဘိုကာဂျူနီယာ နည်းပြဟောင်း မီဂွယ် အန်ဟဲ ရပ်ဆို ကို ခန့်အပ် အစားထိုး လိုက်ပြီလို့ သိရ ပါတယ် ။

အင်တာမီလန် နဲ့ လာဇီယို ကွင်းလယ်လူဟောင်း ဒီဂျန် စတန်ကိုဗစ် ဟာ စီးရီးအေ ကလပ် ဆမ့်ဒိုးရီးယား ထံ ပြောင်းရွှေ့ လာဖို့ ပြင်ဆင် နေပေမယ့် လက်ရှိ ကစားနေတဲ့ ကလပ် ( ရက်စတား ) ဟာ စတန်ကိုဗစ် ကို စာချုပ် ဖျက်သိမ်းခွင့် မပေးသေးတာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ဘဲ ရှိနေ သေးတယ်လို့ သိရ ပါတယ် ။

ဆမ့်ဒိုးရီးယား ကတော့ လာဇီယို ကို ရှုံးနိမ့် အပြီးမှာ နည်းပြ ရော်ဘတ်တို ဒီ အဗာဆာ ကို ထုတ်ပယ်ဖို့ စဉ်းစားနေပြီ လို့ ကြားသိရ ပါတယ် ။

အသင်းရဲ့ လုပ်ရပ်တွေ အပေါ် စိတ်ဆိုး ဒေါသထွက်နေ ကြတဲ့ အဲဗာတန် ပရိသတ်တွေ ဟာ လာမယ့် အာဆင်နယ် နဲ့ ကစားမယ့် ပွဲစဉ် ရဲ့ ပွဲချိန် ၂၇ မိနစ် မှာ ကွင်းထဲ ကနေ ထပြန် ကြဖို့ စုဝေး စီစဉ် နေတယ်လို့ သိရှိရ ပါတယ် ။

 

အဲဗာတန် နည်းပြ ဘင်နီတက် ကတော့ ဇန်နဝါရီ မှာ ဂိုးသမား ဂျော်ဒန် ပစ်ဖိုဒ့် ကို ရောင်းထုတ်ပြီး အခား ဂိုးသမားသစ် ရှာဖွေ ဖို့ စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။ ပစ်ဖိုဒ့် ကို စပါး အသင်းက စိတ်ဝင်စား နေတယ်လို့လည်း သိရ ပါတယ် ။

အဲဗာတန် အသင်း အတွင်းမှာ အဆင်မပြေမှုတွေ ရှိနေပြီး အသင်းရဲ့ ဘောလုံးဆိုင်ရာ ဒါရိုက်တာ မာဆယ် ဘရန်းစ် ဟာ နှုတ်ထွက် သွားခဲ့ပြီလို့ ကြားသိရ ပါတယ် ။

စီနီယာ ဂိုးသမား ၂ ယောက်စလုံး ဒဏ်ရာ ရရှိ နေတဲ့ ဆောက်သမ်တန် အသင်း ကတော့ ချဲလ်ဆီး ဂိုးသမားဟောင်းကြီး ဝီလီ ကာဘယ်လီရို ကို ၁ လ အငှား စာချုပ် နဲ့ ခေါ်ယူ သွားဖို့ ပြင်ဆင် နေတယ်လို့လည်း သိရ ပါတယ် ။

ဘရာဇီး ကလပ် အက်သလက်တစ် မင်နဲရိုး ကတော့ ဒီမနက် ကစားခဲ့တဲ့ အမှတ်ပေး ပွဲအပြီးမှာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ် ရရှိတဲ့ အမှတ်ပေး ချန်ပီယံဆု နဲ့ အတူ အောင်ပွဲခံ အခမ်းအနား ပြုလုပ် သွားခဲ့ ပါတယ် ။

မင်နဲရိုး အသင်းမှာ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဒီယေဂို ကော်စတာ နဲ့ ဘရာဇီး တိုက်စစ်မှူး ဟော့ခ် တို့ ကစားနေကြတာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR