အဓိက ပွဲစဉ်ရောက်မှ ပေါလ် တီယာနေး နဲ့ ပြန်တွေ့ရဦးမယ့် လီဗာပူး

လီဗာပူး ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ စုစုပေါင်း အဝါကဒ် 25 ကဒ် နဲ့ အနီကဒ် 1 ကဒ် ပြခံထားရပါတယ်။ အဲဒီ ထဲက အဝါကဒ် 11 ကဒ် နဲ့ အနီကဒ် 1 ကဒ် ကို ပေါလ် တီယာနေး တစ်ယောက်ထဲက 3 ပွဲ ကိုင်တွယ်ကာ ပြသခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒိုင်လူကြီး ပေါလ် တီယာနေး ဟာ လီဗာပူး အပေါ် ဆုံးဖြတ်ချက်တွေ ချမှတ်ရင် တဖက်သတ် ဆန်လွန်းတယ် ဆိုတာ အချက်အလက်တွေက သက်သေ ခံလျှက် ရှိနေပါတယ်။

PGMOL ဟာ လီဗာပူး နဲ့ ပရီးမီးယားလိဂ် အသင်းကြီးတွေ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲ တော်တော်များများ မှာ ပေါလ် တီယာနေး ကို တာဝန်ပေးခဲ့ဖူးပါတယ်။ ပေးတိုင်းလဲ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေကို ဆက်တိုက် လုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီ ယူနိုက်တက် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆိုရင်လဲ ပထမပိုင်း အချိန်ပို တစ်မီးနစ် မပြည့်ခင်မှာပဲ ပွဲသိမ်း ခရာမှုတ်ခဲ့ပါတယ်။ တကယ်တော့ မာနေး ဟာ ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ် နဲ့ တစ်ယောက်ထဲ ဆွဲပြေးနေပြီ ဖြစ်တာတောင် ပေါလ် တီယာနေး က ဂရုမစိုက်ပဲ ပွဲသိမ်း ခရာမှုတ်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ စပါး နဲ့ ပွဲစဉ်မှာလဲ မြောက်များစွာလှသော အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေ ထပ်မံ ချက်မှတ်သွားခဲ့ပြန်ပါပြီ။ VAR လို နည်းပညာကို အသုံးပြုနေတဲ့ အကြားက အခုလို ဒိုင်တွေ ရဲ့ ဆုံးဖြတ်ချက်တွေဟာ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ ပွဲစဉ်မျိုးတွေမှာတောင် တိုးတက်မလာ စိတ်ပျက်စရာပါ။

လီဗာပူး နောက်ခံလူ ရော်ဘတ်ဆန် ဆိုရင် တိုက်ရိုတ် အနီကဒ် နဲ့ ထုတ်ပယ်ခံရလိုက်ရတာကြောင့် 3 ပွဲ ပယ် ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။ တစ်ချိန်တည်းမှာ လိဒ် ယူနိုက်တက် နဲ့ ကစားမယ့် ပွဲကို ရွေ့ဆိုင်းလိုက်ပြန်လို့ ၊ စကော့တလန် အသင်းခေါင်းဆောင်ဟာ အမှတ်ပေးဇယား ထိပ်မှာ အကြိတ် အနယ် ဖြစ်နေတဲ့ ချဲဆီး နဲ့ ကစားမယ့် ပွဲကိုပါ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

လီဗာပူး ပရိသတ်တွေ အတွက်တော့ ရော်ဘတ်ဆန် ရဲ့ သတင်းတစ်ခုပဲ သတင်းဆိုး မဟုတ်ပါဘူး။ စပါး နဲ့ ပွဲမှာ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေ များလွန်းခဲ့တဲ့ ပေါလ် တီယာနေး ကလဲ အဲဒီပွဲမှာ VAR ဒိုင်လူကြီး အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ဦးမှာ ဖြစ်ပါတယ်။

စပါး နဲ့ ပွဲအပြီး ကတည်းက တီယာနေး ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ကလော့ပ် အတွက်တော့ ပရီးမီးယားလိဂ် ချန်ပီယံဆု အားပြိုင်နေကြတဲ့ အသင်းကြီး နှစ်ခု ထိပ်တိုက်တွေ့ဆုံချိန်မှာ ၊ အဲဒီလို ဒိုင်မျိုးကို နောက်တစ်ကြိမ် တာဝန် ပြန်ပေးတဲ့ အတွက် ဘယ်လို မှတ်ချက် စကားတွေ ပြောလာဦးမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အင်္ဂလန် ဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးပြိုင်ပွဲ တစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ကွင်းလယ်ဒိုင်တွေ နဲ့ ပတ်သက်ရင်တော့ မကြာခဏ ဝေဖန်ခံရလေ့ ရှိတဲ့ နေရာမျိုး ဖြစ်ပါတယ်။

စပိန် ၊ အီတလီ လို နေရာမျိုးတွေမှာ ဒိုင်တွေဟာ အသင်းကြီးတွေ ကို မျက်နှာလိုက်တယ် ဆိုတဲ့ စွပ်စွဲခံရလေ့ရှိပေမယ့် ၊ ပရီးမီးယားလိဂ် မှာတော့ ဒိုင်တွေ နဲ့ အသင်းကြီး ပရိသတ်တွေပဲ မကြာခဏ ထိပ်တိုက်တွေ့ကြလေ့ရှိပါတယ်။

ဒါကြောင့်လဲ လီဗာပူး လက်ထောက်နည်းပြ ပက်လင်ဒါက ကစားသမားတွေ ၊ နည်းပြတွေ အတွက် ကိုယ်မှားရင် ကိုယ်ခံရပေမယ့် ၊ ဒိုင်တွေ မှားရင် အသင်းတွေပဲ ခံရတာမျိုးက လုံး၀ မျှတမှု မရှိဘူးလို့ ပေါ်ပေါ်တင်တင် ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ နယ်သာလန်သားကြီးက VAR အသုံးပြုပုံကို ပိုပြီး ထိရောက်မှု ရှိအောင် VAR ဒိုင်လူကြီးများ အဖွဲ့ ပုံစံမျိုး သပ်သပ်ထားပြီး ဆောင်ရွက်သင့်ပြီလို့ တိုက်တွန်း သွားခဲ့ ပါတယ်။

SPORTS MYANMAR