အဆုံးသတ်ညံ့ဖျင်းမှုတွေနဲ့အတူ title race မှာ ထပ်မံ ခြေချော်သွားခဲ့တဲ့…လက်စတာ ၁-၀ လီဗာပူးပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ လူမစုံတဲ့ လက်စတာကို ကင်းပါဝါမှာ အရေးနိမ့်ကာ title race မှာ မန်စီးတီးနဲ့ ကွာဟမှု ပိုမို မြင့်တက်သွားခဲ့ပါတယ်။ ကလော့ရဲ့ အသင်းဟာ ၆ ရက်အတွင်း လက်စတာနဲ့ ဒုတိယအကြိမ် ရင်ဆိုင်ရတာ ဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့က အရန် ကစားသမား အများစု ပါဝင်တဲ့ အသင်းနဲ့ လက်စတာကို အနိုင်ယူကာ ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။

ကလော့ အနေနဲ့ ဒီပွဲမှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဗန်ဒိုက် ဖာဘင်ညို တို့ကို ပြန်သုံးခွင့် ရခဲ့ပေမယ့်လည်း ဒီအသင်းဟာ ကြားရက်က အသင်းထက်တောင် ဆိုးရွားခဲ့ပါတယ်။ ဆာလားရဲ့ ပင်နယ်တီ လွဲချော်မှု ၊ မာနေး ရဲ့ အံ့ဖွယ် လွဲချော်မှုတွေဟာ အသင်းကို နစ်နာစေခဲ့ပြီး လွတ်မန်းက ဒါကို အပြစ်ပေးသွားခဲ့ပါတယ်။

၁~အဓိက တရားခံ ဖြစ်သွားခဲ့တဲ့ ဆာလား

ဒီရာသီ ကမ္ဘာ့အဆင့် ခြေစွမ်းပြသနေတာကြောင့် ပွဲချိန် ၁၅ မိနစ်မှာ လီဗာပူးတို့ ပင်နယ်တီ ရသွားချိန်မှာတော့ အီဂျစ်စတား အနေနဲ့ နောက်ထပ် တစ်ဂိုး ထပ်သွင်းနိုင်တော့မယ်လို့ လူတော်တော်များများ ယူဆထားခဲ့ကြပါတယ်။

ဆာလားဟာ ဒီရာသီမှာ ပင်နယ်တီ ၃ ကြိမ် သွင်းယူထားခဲ့သလို ၁၅ ကြိမ်ဆက် ပင်နယ်တီ ဝင်ထားခဲ့သူ ဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ ၎င်းရဲ့ ကန်ချက်ကို ရှမိုက်ကယ်က အခက်အခဲ မရှိ ပုတ်ထုတ်ခဲ့ကာ ထွက်လာခဲ့တဲ့ ဘောလုံးကို ပိတ်သွင်းရာမှာလည်း တိုင်ထိ ထွက်ခဲ့ပါတယ်။

ဒါ့အပြင် ပွဲချိန် ၃၂ မိနစ်မှာ လက်စတာ ကစားသမားနဲ့ ပြန်ထိထွက်လာတဲ့ ဘောလုံးကို ဆာလားရဲ့ အနီးကပ် ပိတ်သွင်းမှုကိုလည်း ရှမိုက်ကယ်ကပဲ ထပ်မံ လက်စွမ်းပြ ကာကွယ်ခဲ့ကာ အီဂျစ်စတားကို စိတ်ပျက်စရာည ဖြစ်စေခဲ့ပါတယ်။

၂~လက်စတာအတွက် အရေးပါခဲ့တဲ့ ပထမပိုင်း ရှင်သန်ခဲ့မှု

လက်စတာဟာ ဖိုဖာနာ ၊ အီဗန် ၊ ဆိုယွန်ချူ ၊ ပါရဲရား တို့လို အဓိက နောက်ခံလူတွေ မပါဝင်ခဲ့ပေမယ့် ပထမပိုင်းမှာ clean sheet ရအောင် လုပ်နိုင်ခဲ့ပြီး ဒါဟာ ဒီနိုင်ပွဲအတွက် တကယ့်ကို အရေးပါခဲ့ပါတယ်။

ဗဟိုခံစစ်မှာ ဆင်းကစားခဲ့တဲ့ အန်ဒီဒီ နဲ့ အမာတေး တို့အတွဲဟာ ပထမပိုင်းရဲ့ ပွဲအစပိုင်းမှာ အလုပ်များခဲ့ပြီး ဆာလားရဲ့ ပင်နယ်တီ လွဲချော်မှု အပြင် လီဗာပူး ကစားသမားတွေ final third မှာ လွဲချော်မှုတွေ များခဲ့တာကြောင့်သာ ကံကောင်းခဲ့ပါတယ်။

လီဗာပူး ကစားသမားတွေဟာ လက်စတာ ခံစစ်ကို ဆန့်ထုတ်ရမယ့် အစား စိတ်မရှည်စွာနဲ့ အဝေးကန်ချက်တွေ အသုံးပြုခဲ့တာကြောင့် အိမ်ရှင်တို့ဟာ တစ်ဖြည်းဖြည်း ကစားရတာ လွယ်ကူလာခဲ့ပါတယ်။

ကလော့ရဲ့ အသင်းဟာ ပထမပိုင်းမှာ ၁၁ ကြိမ်ထိ ကန်သွင်းခွင့် ရခဲ့ပေမယ့် ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး တစ်ကြိမ်က ဆာလားရဲ့ ပင်နယ်တီ လွဲချော်မှု ဖြစ်ကာ ဟန်ဒါဆန်ရဲ့ အလွဲလွဲ အချော်ချော် ကန်ချက်တွေဟာ အလုပ်မဖြစ်ခဲ့ပါဘူး။

၃~Alarm bell မြည်နေတဲ့ မာနေးရဲ့ ဂိုးမိုးခေါင်မှု

ဆာလား နဲ့ ဂျိုတာ တို့ လက်စတာ နဲ့ ပွဲစဉ်မှာ ပုံမှန် ခြေစွမ်းအောက် ရောက်နေတဲ့ အချိန်မှာ အခြား တိုက်စစ်မှုး ဖြစ်တဲ့ မာနေးရဲ့ စွမ်းဆောင်ရည်က ပိုဆိုး နေခဲ့ပြီး အထူးသဖြင့် ဂိုးရှေ့မှာ ၎င်းရဲ့ စွမ်းဆောင်ရည်တွေက ဆိုးရွားနေပါတယ်။ ဆီနီဂေါ တိုက်စစ်မှုးဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ ဂိုးသွင်းထားခြင်း မရှိသလို ဂိုးဖန်တီးမှုလည်း လုပ်ပေးနိုင်ခြင်း မရှိဘဲ ဆာလား လိုပဲ ဒီပွဲမှာ အပိုင်အခွင့်အရေးကို လွဲချော်ခဲ့ပြီး ရှုံးပွဲရဲ့ တရားခံတွေ ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဂျိုတာဟာ မာနေး အတွက် ကောင်းမွန်တဲ့ ဖန်တီးမှုကို လုပ်ပေးခဲ့ပြီး ဂိုးသမား နဲ့ တစ်ဦးချင်း ရင်ဆိုင်ရတဲ့ မာနေးဟာ ဂိုးဘားပေါ်ကို ကျော်အောင် ကန်သွင်းခဲ့ပြီး ဒါဟာ ဂိုးရှေ့မှာ ယုံကြည်မှု လုံး၀ ပျောက်ဆုံးနေတဲ့ ပုံစံပါပဲ။

ကလော့ အနေနဲ့ အာဖရိကဖလားအပြီးမှာ မာနေး ပုံစံကောင်းနဲ့ ပြန်လာဖို့ပဲ မျှော်လင့်ရမှာ ဖြစ်ပါတယ်။

၄~လူစားလဲမှု မှန်ကန်ခဲ့တဲ့ ရော်ဂျာနဲ့ အလုပ်မဖြစ်ခဲ့တဲ့ ကလော့

ဘရန်ဒန်ရော်ဂျာဟာ ဒုတိယပိုင်း စပြီး ၁၁ မိနစ် အကြာမှာ ချာဒူရီ အစား လွတ်မန်းကို လူစားလဲခဲ့ပြီး သိပ်မကြာခင်မှာပဲ ဒါဟာ မှန်ကန်လှတဲ့ လူစားလဲမှု ဖြစ်သွားခဲ့ပါတယ်။ လိုက်ပ်ဇစ်ကနေ အငှားလာကစားခဲ့တဲ့ လွတ်မန်းဟာ လီဗာပူးရဲ့ ခံစစ်ကစားပုံ အားနည်းမှုကို အခွင့်ကောင်းယူကာ ပင်နယ်တီ ဧရိယာထဲမှာ ရရှိခဲ့တဲ့ နေရာလွတ်ကနေ အလီဆွန်ရဲ့ အနီးထောင့်ကို ကန်သွင်းယူခဲ့တာပါ။

လီဗာပူးအတွက် အဲဒီအချိန် မတိုင်မီ သတိပေးချက်တွေ ရှိခဲ့ပြီး ၎င်းတို့ဟာ ပွဲကို ထိန်းချုပ်နိုင်မှု တစ်ဖြည်းဖြည်း လွတ်သွားခဲ့တဲ့ အပြင် ဒုတိယပိုင်း အစမှာလည်း အခွင့်အရေးတွေ ဆက်လက် ဖြုန်းတီးခဲ့တဲ့ ဒဏ်ကို ပေးဆပ်ခဲ့ရပါတယ်။

ကလော့ဟာ ချေပဂိုးရဖို့ အတွက် ဖာမီနို ၊ ကီတာ ၊ မီနာ တို့ကို ထည့်သွင်း ကစားခဲ့ပေမယ့် ကစားဟန်က လူစားမလဲမီကထက်တောင် ပိုဆိုးသွားခဲ့ပြီး ကစားကွက်ပါ ပျက်သွားခဲ့ပါတယ်။

၅~ခြေစွမ်းပြခဲ့တဲ့ ဆီမီကတ်

ဆီမီကတ်ဟာ ရောဘတ်ဆန် လိုပဲ တိုက်စစ်ကို လိုက်ပါပံ့ပိုးမှု ကောင်းမွန်တာကြောင့် လီဗာပူး ပရိတ်သတ်တွေရဲ့ ချီးကျူးမှုကို ရရှိထားသူ ဖြစ်ပြီး လက်စတာနဲ့ ပွဲမှာလည်း ဒီအပိုင်းမှာ တောက်ပခဲ့ပါတယ်။ ဒါပေမယ့် ၎င်းရဲ့ ခံစစ်ကစားပုံ တစ်ခုကတော့ အားလုံး မျက်စိကျစရာ ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လက်စတာရဲ့ တန်ပြန်တိုက်စစ်ဆင်လာခဲ့တဲ့ အခြေအနေဟာ တကယ့်ကို အန္တရာယ် ရှိတဲ့ အခြေအနေ ဖြစ်ခဲ့ပြီး ဗာဒီရဲ့ ခြေထဲသာ ဘောလုံး ရောက်သွားခဲ့မယ်ဆိုရင် ဒါဟာ သေချာပေါက်ဂိုး ပါပဲ။

ဆီမီကတ်ဟာ အန္တရာယ်ကို ဖတ်နိုင်ခဲ့ပြီး ဘောလုံးကို ဗာဒီနဲ့ လွတ်ရာကို ရှင်းထုတ်ခဲ့ပါတယ်။ ဒါဟာ ဒီပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ဆီမီကတ်ရဲ့ အကောင်းဆုံး အခိုက်အတန့် တစ်ခု ဖြစ်ပြီး ဂရိနောက်ခံလူဟာ ရောဘတ်ဆန်ရဲ့ back-up ဆိုတာထက် ပိုတယ် ဆိုတာကို သက်သေပြခဲ့ပါတယ်။

SM