အင်္ဂလန် အသင်းခေါင်းဆောင် ဖြစ်နေတာကြောင့် အထူးကင်းလွတ်ခွင့် ပေးခဲ့တာလား ဆိုပြီး မေးခွန်းထုတ်သွားခဲ့တဲ့ PL ဒိုင်လူကြီးဟောင်း မက်ကလန်တန်ဘက်

တော့တင်ဟမ် နဲ့ လီဗာပူး တို့ရဲ့ ပွဲစဉ်ဟာ မနေ့ညက ပရိတ်သတ်တွေကို ဖျော်ဖြေမှုရသ အပြည့် ပေးစွမ်း သွားခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင် နဲ့ VAR ဒိုင် တို့ရဲ့ ဆုံးဖြတ်ချက်တွေ ကတော့ ပွဲကို ရုပ်ဆိုးသွားစေခဲ့ပြီး လီဗာပူးတို့ဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက် ၂ ခုနဲ့ အတူ နစ်နာ ခဲ့ရပါတယ်။

 

တော့တင်ဟမ် တိုက်စစ်မှုးဟာ ပထမပိုင်းမှာ ကွင်းထဲ ဆက်ရှိနေခဲ့တာ ကံကောင်းလို့ ဖြစ်ပြီး ၎င်းဟာ လီဗာပူး ဘယ်နောက်ခံလူ ရောဘတ်ဆန်ထံ ခြေစုံပစ်ဝင်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင် ဖြစ်သူ ပေါလ်တီယာနေးဟာ ဒီအဖြစ်အပျက် အတွက် အင်္ဂလန် အသင်းခေါင်းဆောင်ကို အဝါကတ်သာ ပြသခဲ့ပြီး VAR ဒိုင် ခရစ်ကာဗာနက်ချ် ကလည်း ဒီအဖြစ်အပျက်ကို ပြန်လည် ကြည့်ရှုရန် ကွင်းလယ်ဒိုင်ကို အကြံ မပေးခဲ့ပါဘူး။

တီယာနေးဟာ ဒုတိယပိုင်းမှာ အီမာဆင်ရွိုင်ယန် အပေါ် ကြမ်းတမ်းစွာ ကစားခဲ့တဲ့ ရောဘတ်ဆန်ကို ကနဦးမှာ အဝါကတ် ပြသခဲ့ပေမယ့်လည်း VAR ဒိုင်ရဲ့ အကြံပေးမှုနဲ့ အတူ ဒါကို မော်နီတာမှာ သွားရောက် ကြည့်ရှုခဲ့ပြီးနောက် စကော့တလန် ဘယ်နောက်ခံလူကို အနီကတ် ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပင်နယ်တီ ဧရိယာအတွင်း ဂျိုတာ ပြစ်ဒဏ် ကျူးလွန်ခံရမှုကိုလည်း ၈ ကိုက် အကွာမှာ ရှိနေတဲ့ ပေါလ်တီယာနေးက လျစ်လျူရှုခဲ့တဲ့ အပြင် VAR ဒိုင် ခရစ်ကာဗာနက် ကလည်း ဒီအဖြစ်အပျက်ကို မော်နီတာမှာ သွားကြည့်ရန် အကြံပေးခဲ့ခြင်း မရှိခဲ့ပါဘူး။

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း တစ်ဦး ဖြစ်တဲ့ မက်ကလန်တန်ဘက် ကတော့ ဒိုင်တွေဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ၂ ခုကို ကျူးလွန်သွားခဲ့တယ်လို့ ဆိုလိုက်ပြီး ဟယ်ရီကိန်းဟာ အင်္ဂလန်ရဲ့ အရေးပါတဲ့ အသင်းခေါင်းဆောင် ဖြစ်နေတာကြောင့် ခြားနားတဲ့ ဆက်ဆံမှုကို ရခဲ့တာလား ဆိုပြီး မေးခွန်းထုတ်သွား ခဲ့ပါတယ်။

 

မက်ကလန်တန်ဘက်က “အကယ်၍ အန်ဒီရောဘတ်ဆန် အပေါ် ဟယ်ရီကိန်းရဲ့ ခြေစုံပစ်ဝင်မှုဟာ အနီကတ် မဟုတ်ဘူးဆိုရင် ဘယ်ဟာက အနီကတ်လဲ ဆိုတာ ကျွန်တော် မပြောတက်တော့ပါဘူး။ သူ့ရဲ့ ခြေထောက်ဟာ မြင့်နေခဲ့ပြီး ခြေကျင်းဝတ် အထက်မှာ ဖြစ်ပါတယ်။ ဖိနပ်ဘားတွေကိုတောင် မြင်နေရပြီး challenge က နောက်ကျနေခဲ့ပါတယ်။ ဘယ်ရှုထောင့်ကပဲ ပြန်ကြည့်သည် ဖြစ်စေ ကြည့်ရတာ အဆင်မပြေလှပါဘူး။ ရောဘတ်ဆန်ဟာ ကိန်းရဲ့ challenge ကို မြင်ခဲ့ပါတယ။် အကယ်၍ သူသာ ဒါကို ခုန်မရှောင်ခဲ့ဘူးဆိုရင် ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်ရပြီး ခရစ်စမတ်မှာ ချိုင်းထောက်နဲ့ ဖြစ်နေလိမ့်မယ်ဆိုတာ သူသိပါတယ်။

ဒီလို ခုန်ရှောင်ခဲ့လို့သာ သူဟာ ပြင်းထန်တဲ့ ဒဏ်ရာမရခဲ့တာပါ။ ကိန်းဟာ ဒီလို ပြင်းထန်တဲ့ challenge လုပ်ခဲ့ပေမယ့် ပြစ်ဒဏ်ကင်းလွတ်ခဲ့ပြီး ဒိုင်လူကြီး ပေါလ်တီယာနေးဟာ အဝါကတ်သာ ပြခဲ့ပါတယ်။ VAR ခရစ်ကာဗာနက် ကလည်း ဒါဟာ သိသာရှင်းလင်းတဲ့ အမှားမဟုတ်ဘူးဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်သာဆိုရင် ကိန်းကို အနီကတ် ပြခဲ့မှာပါ။ အင်္ဂလန် အသင်းခေါင်းဆောင် ဖြစ်နေတာကြောင့် ဒီလို ဆိုးရွားတဲ့ Challenge တွေအတွက် အထူးကင်းလွတ်ခွင့် ပေးလို့ မဖြစ်ပါဘူး။ ကျွန်တော့်ဘဝမှာ အရေးပါတဲ့ အင်္ဂလန် လက်ရွေးစင်တွေကို ဘယ်တုန်းကမှ အခြားသူတွေနဲ့ ခြားနားတဲ့ ဆက်ဆံမှုမျိုး မရှိခဲ့ပါဘူး။ ဘယ်ဒိုင်လူကြီးမှ ဒါမျိုးကို ခေါင်းထဲမှာ ထည့်မထားသင့်ပါဘူး။” လို့ ဝေဖန်ခဲ့ပါတယ်။

ဂျိုတာရဲ့ ပင်နယ်တီ နဲ့ ပက်သက်ပြီး ၎င်းက “ဒါဟာ လီဗာပူး အတွက် ပင်နယ်တီ ရသင့်တဲ့ ကိစ္စပါ။ အီမာဆင်ရွိုင်ယယ်ဟာ ဒီယေဂိုဂျိုတာရဲ့ နောက်ကျောကို ပစ်ဝင်ခဲ့ပြီး ဘောလုံးကို လုံး၀ မထိခဲ့ပါဘူး။ ဆန်းချက်က ရှေ့ကနေ ကာဗာလုပ်ထားလို့သာ တော့တင်ဟမ်တို့ အနီကတ် မထိခဲ့တာပါ။ ဒါပေမယ့် လီဗာပူးတို့ ပင်နယ်တီ ရကို ရရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

နောက်ထပ် ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်းဖြစ်သူ ကိတ်ဟက်ကတ် ကတော့ ဟယ်ရီကိန်း အနေနဲ့ ရောဘတ်ဆန်ပေါ် လုပ်ခဲ့တဲ့ ဖျက်ထုတ်မှုကြောင့် အနီကတ် ပြသခံခဲ့သင့်တယ်လို့ ဆိုလိုက်ပြီး ဒိုင်တွေရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်သွားခဲ့ပါတယ်။

 

ဟက်ကတ်က “ပြိုင်ဘက် အပေါ် အန္တရာယ် ရှိတဲ့ ဖျက်ထုတ်မှု လုပ်ခဲ့တဲ့ ဟယ်ရီကိန်း အနေနဲ့ ဘယ်လိုများ ကွင်းထဲမှာ ဆက်ရှိနေတာလဲ? လိုတာထက်ပိုပြီး အင်အားသုံးမှု ၊ ပြင်းထန်တဲ့ ဒဏ်ရာရစေနိုင်တဲ့ challenge ကို လုပ်ခဲ့တာ ဖြစ်ပြီး ဒါဟာ အနီကတ်ပါ။ ဒိုင်ရဲ့ နောက်ထပ် အမှားပါပဲ။ ဒီလိုမျိုး ကြီးမားတဲ့ အမှားတွေ လုပ်ခဲ့တာကို တာဝန်ယူမှု တာဝန်ခံမှု မရှိ ဖြစ်နေပါတယ်။ တောင်းပန်တာမရှိသလို ရှင်းပြတာလည်း မရှိပါဘူး။ သူတို့ လုပ်ချင်တဲ့အတိုင်း လုပ်နေကြတာပါ။

ဒီလို အလွန်အကျွံ အားသုံးပြီး ၊ ထိန်းချုပ်မှု ကင်းမဲ့ခဲ့တဲ့ ကစားသမားကို ဘယ်လိုမျိုး ကာကွယ်ပေးခဲ့ကြတာလဲ? VAR ကလည်း ဒိုင်ကို ကူညီဖို့ အတွက် မော်နီတာမှာ သွားကြည့်ဖို့ ဘာကြောင့် အကြံမပြုခဲ့တာလဲ? ဒါတွေဟာ ပြောစရာတွေပါ။ ရောဘတ်ဆန်ရဲ့ အဖြစ်အပျက်အတွက် မော်နီတာကို သွားကြည့်ဖို့ အကြံပေးခဲ့တာဟာ VAR ရဲ့ မှန်ကန်တဲ့ လုပ်ရပ်ပါ။ ကိန်းရဲ့ challenge အတွက် သူဘာကြောင့်များ ဒီအတိုင်း မလုပ်ခဲ့တာလဲ? အဖြစ်အပျက် ၂ ခုစလုံးဟာ အနီကတ် ဖြစ်ပါတယ်။” လို့ ဝေဖန်ခဲ့ပါတယ်။

 

SM