အင်္ဂလန်အသင်းကြီးတွေရဲ့ ပင်နယ်တီည ၊ ဥက္ကဌဖြစ်လာတဲ့ အီတူး ၊ ဇလာတန် ရဲ့ ဂိုးမှတ်တမ်းသစ် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ အာဆင်နယ် က လွဲရင် ကျန်တဲ့ အသင်းကြီးတွေ အားလုံး ခရစ္စမတ် အကြို ပင်နယ်တီ လက်ဆောင်တွေ ရရှိခဲ့ ကြပါတယ် ။ လီဗာပူး ၊ မန်စီးတီး ၊ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ဟာ ပြိုင်ဘက်တွေ ကို ပင်နယ်တီ ဂိုးတွေ နဲ့ အသီးသီး အနိုင် ရရှိ ခဲ့ကြတာပါ ။

 

မန်စီးတီး အတွက် ပင်နယ်တီ ကနေ ဂိုးသွင်းယူ ပေးခဲ့တဲ့ ရာဟမ်း စတာလင် ကတော့ ပရီးမီးယားလိဂ် မှာ သွင်းဂိုး ၁၀၀ ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ယူဗင်တပ် တို့ အဝေးကွင်းမှာ သရေ ကျခဲ့ပြီး ဖီအိုရင်တီးနား ကတော့ အိမ်ကွင်းမှာ ၄-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ ပါတယ် ။ ဒီပွဲမှာ ၂ ဂိုး သွင်းပေးတဲ့ ဖီအို တိုက်စစ်မှူး ဗလာဟိုဗစ် ကတော့ ၁၅ ဂိုး နဲ့ စီးရီးအေ ဂိုးသွင်းဇယား ကို ဦးဆောင် နိုင်ခဲ့ ပါတယ် ။

အေစီမီလန် ကတော့ အူဒီနီးစ် နဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီး ၉၀+၂ မိနစ်မှာ ချေပဂိုး သွင်းပေး ခဲ့တဲ့ အေစီ တိုက်စစ်မှူးကြီး ဇလာတန် ကတော့ ၂၁ ရာစု အတွင်း ရိုနယ်ဒို နဲ့ မက်ဆီ အပြီး ဥရောပ ထိပ်တန်းလိဂ် ၅ ခု ( ပြင်သစ် အပါ ) မှာ သွင်းဂိုး ၃၀၀ အနည်းဆုံး သွင်းယူ နိုင်တဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန် မြုးနစ် တို့ မိန့်ဇ် ကို ၂-၁ နဲ့ အနိုင် ရချိန်မှာ ဒေါ့မွန် က ဘိုချန် ကို ၁ ဂိုးစီ သရေ ကျသွားခဲ့ တာကြောင့် ဘိုင်ယန် တို့ အဆင့် ၁ နေရာကနေ ၆ မှတ်ထိ ဖြတ်ထား နိုင်ခဲ့ပြီ ဖြစ် ပါတယ် ။

ဘာစီလိုနာ ၊ အင်တာ ၊ ချဲလ်ဆီး နဲ့ ကင်မရွန်း တိုက်စစ်မှူးဟောင်း ဆင်မြူရယ် အီတူး ဟာ မိခင် နိုင်ငံ ကင်မရွန်း ဘောလုံး အဖွဲ့ချုပ် ရဲ့ ဥက္ကဌ ရွေးချယ်ပွဲမှာ အနိုင် ရရှိပြီး ဥက္ကဌသစ် ဖြစ်လာခဲ့တယ် လို့ သိရှိရ ပါတယ် ။

မနေ့ညက နောဝှစ်ချ် နဲ့ ပွဲမှာ အသက်ရှုရ ခက်ခဲ လာတာကြောင့် အမြန် လူစားလဲ လိုက်ရတဲ့ မန်ယူနိုက်တက် ခံစစ်မှူး ဗစ်တာ လင်ဒီလော့ဖ် ရဲ့ အခြေအနေ ဟာ အဆင်ပြေ ကောင်းမွန် ပါတယ်လို့ နည်းပြ ရပ်ဖ် ရန်းနစ် က ပြောဆို သွားခဲ့ ပါတယ် ။

ဘရိုက်တန် အသင်းကတော့ အသက် ၁၈ နှစ် ွှရွယ် ပိုလန် ကစားသမားလေး ကက်စပါ ကော့ဇ်လိုစကီး ကို ပေါင် ၈ သန်း ဝန်းကျင် နဲ့ ခေါ်ယူ နိုင်ဖို့ နီးစပ်နေပြီလို့ သိရ ပါတယ် ။

 

မန်ယူနိုက်တက် ကနေ ထွက်ခွာဖို့ စဉ်းစား နေပြီလို့ သတင်းထွက်လာ အပြီး မှာတော့ လိုင်ယွန် အသင်းဟာ အန်တိုနီ မာရှယ် ရဲ့ အေးဂျင့်ကို လာရောက် ချိတ်ဆက် ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

နယူးကာဆယ် ကလည်း ယူနိုက်တက် ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ် ရဲ့ တာဝန် ရှိသူတွေ နဲ့ စကားပြောဆို နေကြတယ်လို့ သိရ ပါတယ် ။

နည်းပြ အာတီတာ သတ်မှတ် ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက် ခဲ့တာကြောင့် မနေ့ညက ပွဲမှာ ပါဝင် မကစားခဲ့ရတဲ့ အာဆင်နယ် တိုက်စစ်မှူး အော်ဘားမီးယန်း ဟာ အသင်းခေါင်းဆောင် လက်ပတ် ကိုပါ စွန့်လွတ် ရနိုင်ချေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်းကတော့ ချဲလ်ဆီး ဝါရင့် နောက်ခံလူ ဆီဇာ အက်ဇ်ပီလီကွီတာ ကို နွေရာသီမှာ အလွတ် နဲ့ ခေါ်ယူ နိုင်ဖို့ အတွက် ကြိုတင် ညှိနှိုင်းမှုတွေ ပြုလုပ် နေပြီလို့ ကြားသိရ ပါတယ် ။

စပါး နဲ့ လက်စတာ အသင်းတို့မှာ ကိုဗစ် ကူးစက်မှုတွေ ရှိလာတာကြောင့် ပဲလေစ့် အသင်းဟာလည်း ကြိုတင် ကာကွယ်တဲ့ အနေနဲ့ သူတို့ရဲ့ ခရစ္စမတ် ပါတီပွဲ ကို မကျင်းပဖို့ ဆုံးဖြတ် ခဲ့တယ်လို့ သိရ ပါတယ် ။

အမေရိက ( မေဂျာလိဂ် ) ရှုံးထွက် ဖလား ဗိုလ်လုပွဲ မှာ နယူးယောက် စီးတီး အသင်းဟာ ပေါ့တ်လန်း တင်းဘား အသင်း ကို ပွဲကစားချိန် အတွင်း ၁ ဂိုးစီ သရေ ကျခဲ့ပြီး ပင်နယ်တီ အဆုံး အဖြတ်မှာ အနိုင်ရကာ ဗိုလ်စွဲ သွားခဲ့ ပါတယ် ။

ဗိုလ်လုပွဲ အပြီး အောင်ပွဲ ခံချိန် မှာတော့ နယူးယောက်စီးတီး နည်းပြဟာ အဆိုပါ အလုပ်ကို လက်ခံစဉ်က ပေးခဲ့တဲ ကတိအတိုင်း သူ့ရဲ့ အဝတ်အစားတွေကို ချွတ်ကာ အောင်ပွဲခံ သွားခဲ့ ပါတယ် ခင်ဗျာ . . .

 

SPORTS MYANMAR