အခွင့်အရေး ရရင် အမိအရ ဆုပ်ကိုင်ဖို့ အမြဲတမ်း ပြင်ဆင်ထားတယ်လို့ ဆိုလိုက်တဲ့ ဂျပန် ဆာမူရိုင်း

တာကူမီ မီနာမီနို ဟာ လီဗာပူး ရဲ့ ပြိုင်ပွဲပေါင်းစုံ နောက်ဆုံး ကစားခဲ့တဲ့ 8 ပွဲ ဆက်တိုက် ပါဝင် ကစားခွင့် ရရှိထားသလို ၊ သူ့ရဲ့ ကစားသမားဘ၀ ပထမဆုံး အန်ဖီးလ် သွင်းဂိုး ကိုလဲ အာဆင်နယ် နဲ့ ကစားခဲ့တဲ့ ပွဲမှာ သွင်းယူ ပြထားနိုင်ခဲ့ ပါတယ်။

အဲဒီ ပွဲအပြီးမှာတော့ နည်းပြကြီး ကလော့ပ်ဟာ မီနာမီနို နဲ့ ပတ်သက်လို့ တခမ်းတနား ချီးကျူးခဲ့သလို ၊ ကစားသမား ရဲ့ ပြင်ဆင် ကြိုးစားမှုတွေကိုပါ အသိအမှတ်ပြု သွားခဲ့ ပါတယ်။

 

” ကျနော် က ကိုယ့်ရဲ့ Motivation ကို အမြဲတမ်း မြှင့်ထားပြီးသားပါ။ မန်နေဂျာကြီး ရဲ့ မှတ်ချက် စကားတွေကြောင့် ပိုပြီး မြှောက်ပင့်သွားစရာ မလိုပါဘူး။ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက် အတွက် အဲဒီလိုပဲ ဖြစ်နေရမယ်လေ။

ကျနော့် အတွက်လဲ ထူးထူးခြားခြားတွေ ပြောနေဖို့ မလိုပါဘူး။ လက်ရှိ အချိန်မှာ ကစားခွင့်က နည်းပါးနေသည့်တိုင်အောင် ၊ ရလာတဲ့ အခိုက်အတန့်တိုင်း 100% အပြည့်နဲ့ စွမ်းဆောင်ပြနိုင်အောင် ကြိုးစားနေပါတယ်။

အဲဒီလို ဖြစ်လာဖို့ အတွက်လဲ ပြင်ဆင်မှုတွေ ကောင်းကောင်း လုပ်ထားဖို့ လိုအပ်တယ်လေ။ ပရို ဘောလုံးသမားတိုင်း အတွက် အဲဒီလိုပဲ ဖြစ်နေရမှာပါ။ ဒါပေမယ့် အဲဒီလို ကစားခွင့် နည်းပါးတဲ့ အကြားက ကျနော့် ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပေးကြတာ နဲ့ ပတ်သက်ပြီး ကျေနပ်မိပါတယ်”

ယာဂန် ကလော့ပ် က မီနာမီနို ဟာ နေရာမျိုးစုံမှာ ကစားပေးနိုင်တဲ့သူ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးခဲ့ပါသေးတယ်။

 

အဲဒီ ပြောဆိုမှုနဲ့ ပတ်သက်လို့ ဂျပန်သား က – ” ဂိုး နဲ့ အနီးဆုံး ဖြစ်တဲ့ တိုက်စစ်နေရာ ကတော့ ကျနော့် ရဲ့ အကြိုက်ဆုံး နေရာပေါ့။ ကျနော့် ရဲ့ တာဝန်ကလဲ ဂိုးတွေ သွင်းပြရမယ်လို့ ယုံကြည်ထားတာလေ။

ဒါပေမယ့် ဘယ်နေရာမှာ ကစားပေးရမလဲ ဆိုတာ မန်နေဂျာကြီး က ဆုံးဖြတ်ပေးတာပါ။ သူ ကိုယ်တိုင်က ကျနော့် ရဲ့ နေရာစုံ ကစားပေးနိုင်မှု ကို အသိအမှတ်ပြုပေးတော့ ကောင်းတာပေါ့ဗျာ။

ဒါဟာ ကျနော့် အားသာချက်တွေထဲက တစ်ခုလို့ ထင်ပါတယ်။ နေရာတိုင်းမှာ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ နဲ့ ကစားပြချင်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

မီနာမီနို ဟာ လီဗာပူး မှာ ခြေစွမ်းပြနိုင်ဖို့ အတွက် ဒီရာသီမှာ 9 ဂိုး အထိ သွင်းယူပြထားတဲ့ ဂျော်တာ ကို အတုယူပြီး ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ပေါ်တူဂီသား ဟာ ဝုဖ်ကနေ ပြောင်းရွှေ့ လာပြီး ကတည်းက လီဗာပူး တိုက်စစ်မှာ အံဝင်ဂွင်ကျနဲ့ ဆက်တိုက် ကစားပေးလျှက် ရှိနေပါတယ်။

” သူ ဟာ အသင်းနဲ့ အံဝင်အောင် ကစားပြနေတယ် ဆိုတာ လူတိုင်း မြင်နေကြရတယ်လေ။ သူ စွမ်းဆောင်ပြထားတဲ့ ကိန်း ဂဏန်းတွေ ကို ကြည့်လိုက်ရင်ပဲ သူဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေ ထဲက တစ်ယောက် ဆိုတာ ရှင်းရှင်းလင်းလင်းကြီး သိသာပါတယ်။

မနက်ဖြန်မှာ ကစားမယ့် သူ့ရဲ့ အသင်းဟောင်း ဝုဖ် ဆိုရင်လဲ ဂျီမီနပ် ၊ ထရာအိုရေး ၊ ဆဲလ်ဘုမှာ ကျနော်နဲ့ အတူလက်တွဲပြီး ကစားခဲ့တဲ့ ဟွမ်ဟီချန်း တို့လို ကစားသမားကာင်းတွေ ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာမှာပါ။

ဒါပေမယ့် ဒီလို ခက်ခဲတဲ့ ပြိုင်ဘက်တွေကို မဖြတ်ကျော်ပဲနဲ့ ပရီးမီးယားလိဂ် ဖလား ကို ဆွတ်ခူးနိုင်မှာ မဟုတ်ပါဘူး။ ဒီပွဲမှာသာ အခွင့်အရေး ပေးခဲ့ရင် အနိုင်ရလာဒ် ရအောင် စွမ်းဆောင်ပေးချင်ပါတယ်။ အသင်းအတွက် 100% အပြည့်နဲ့ ပေးဆပ် ကစားသွားမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR