အက်ဖ်အေ ဖလား ဖိုင်နယ်မှာ ဂန်းနားလေဒီတွေကို ဂိုးပြတ် အနိုင်ယူပြီး ၊ တရာသီ အတွင်း ပြည်တွင်းဖလား အားလုံး သိမ်းပိုက်နိုင်ခဲ့တဲ့ ချဲလ်ဆီး အမျိုးသမီး အသင်း

မနေ့ည က ကစားသွားခဲ့တဲ့ အမျိုးသမီး အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ လန်ဒန်မြို့ခံ ပြိုင်ဖက် ၂သင်း ဖြစ်တဲ့ အာဆင်နယ် အမျိုးသမီး အသင်းနဲ့ ချဲလ်ဆီး အမျိုးသမီး အသင်းတို့ ဝင်ဘလေကွင်းမှ ယှဉ်ပြိုင် ကစားခဲ့ရာ ၊ ချဲလ်ဆီး အမျိုးသမီး အသင်း ဟာ ပွဲကို သက်တောင့်သက်သာ ကစားပြီး ၊ ၃ဂိုးပြတ်နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ် ။

ဒီ ၂သင်း ဟာ ၂၀၂၁ – ၂၀၂၂ ရာသီ အင်္ဂလိပ် အမျိုးသမီး စူပါလိဂ် ( WSL ) ရဲ့ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရှေ့ဆင့် နောက်ဆင့် ရမှတ် တမှတ်သာ ကွာခြားပြီး ရပ်တည်နေတာ ဖြစ်လို့ ၊ မနေ့ည က ဗိုလ်လုပွဲ ဟာ သူတင်ကိုယ်တင် အကြိတ်အနယ် ကစားကြဖို့ မျှော်မှန်းခဲ့ကြပေမယ့် ၊ လက်တွေ့မှာ ဒီလို ဖြစ်မလာခဲ့ပါဘူး ။

နောက်ပိုင်းနှစ်တွေမှာ အမျိုးသမီး ပြိုင်ပွဲတွေကို လွှမ်းမိုးလာနိုင်ခဲ့တဲ့ ချဲလ်ဆီး အမျိုးသမီး အသင်း ဟာ အနီးကပ် ပြိုင်ဖက် အသင်း အပေါ် ဘာထိန်းချုပ်မှုမှ မပေးခဲ့ပဲ ၊ ဂိုးပြတ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ် ။ ထို အက်ဖ်အေ ဖလား ဗိုလ်လုပွဲ ဟာ ၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီ အတွက် ဖြစ်ပြီး ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယင်းဖိုင်နယ် ကို မနေ့ကမှ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ် ။

ချဲလ်ဆီး အမျိုးသမီး အသင်း အတွက် အဖွင့်ဂိုးကို ပွဲအစ ၃မိနစ်မှာကတည်းက ကလပ် သမိုင်း တလျှောက် ဂိုးသွင်း အများဆုံး အမျိုးသမီး ကစားသမား ဖြစ်တဲ့ ဖရန် ကာဘီ က အာဆင်နယ် အမျိုးသမီး အသင်းရဲ့ ခံစစ် အမှားကို အခွင့်ကောင်း ယူကာ ၊ အမှားအယွင်း မရှိ အဆုံးသတ်နိုင်ခဲ့ပါတယ် ။

 

ဒုတိယပိုင်းမှာတော့ Ballon D’Or ဆု သတ်မှတ်ချက် အဆင့် ၃ ရခဲ့တဲ့ သြစတြေးလျ လက်ရွေးစင် တိုက်စစ်မှူး ဆမ်ကား က ပွဲချိန် ၅၇ မိနစ်နဲ့ ၇၇ မိနစ်တွေမှာ အသင်း အတွက် ဒုတိယနဲ့ တတိယ ဦးဆောင်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ် ။ ထိုမတိုင်ခင်ကလည်း ချဲလ်ဆီး အမျိုးသမီး အသင်းရဲ့ ခြိမ်းခြောက်မှု ၂ကြိမ် တိုင်နဲ့ဘား ထိခဲ့လို့ ၊ ပွဲရလဒ် က ထိုထက် မပြတ်သားခဲ့တာ ဖြစ်ပါတယ် ။

ဒါဟာ ချဲလ်ဆီး အမျိုးသမီး အသင်းရဲ့ သမိုင်း တလျှောက် တတိယ အကြိမ်မြောက် ရရှိခဲ့တဲ့ အက်ဖ်အေ ဖလား ဖြစ်ပြီး ၊ ၂၀၂၀ – ၂၀၂၁ ဘောလုံး ရာသီ အတွင်း ပြည်တွင်း ဖလား ( အမျိုးသမီး စူပါလိဂ် ချန်ပီယံ ၊ အမျိုးသမီး အက်ဖ်အေ ဖလား ချန်ပီယံ ၊ အမျိုးသမီး ကွန်တီနန်တယ် ဖလား ချန်ပီယံ ၊ အမျိုးသမီး ကွန်မြူနတီဒိုင်း ချန်ပီယံ ) အားလုံး ကို သိမ်းပိုက်နိုင်ခဲ့တဲ့ တတိယမြောက် အမျိုးသမီး ကလပ် အဖြစ် မှတ်တမ်း ဝင်နိုင်ခဲ့ပါတယ် ။

အကယ်၍ ချန်ပီယံလိဂ်မှာသာ ချဲလ်ဆီး အမျိုးသမီး အသင်း ချန်ပီယံ ဖြစ်ခဲ့မယ် ဆိုရင် ၊ တရာသီ အတွင်း ဖလား ၅လုံး ရတဲ့ ပထမဆုံး အမျိုးသမီး အသင်း အဖြစ် မှတ်တမ်း ဝင်နိုင်ခဲ့မှာ ဖြစ်ပေမယ့် ၊ ဗိုလ်လုပွဲမှာ ဘာစီလိုနာ အမျိုးသမီး ကို ၄ – ၀ နဲ့ ရှုံးနိမ့်ခဲ့လို့ ၊ ထိုမှတ်တမ်းကောင်း ရရှိဖို့ လွဲချော်ခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး အမျိုးသမီး အသင်း အတွက် စူပါလိဂ် ၄ကြိမ် ၊ အက်ဖ်အေ ဖလား ၃ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့တဲ့ နည်းပြ အမ်မာဟေးစ် ဟာလည်း ကလပ် သမိုင်း တလျှောက် ( အမျိုးသား + အမျိုးသမီး ) အအောင်မြင်ဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်နိုင်ခဲ့သလို ၊ ပြည်တွင်းဖလား အားလုံး သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံး အင်္ဂလိပ် လူမျိုး အမျိုးသမီး နည်းပြလည်း ဖြစ်လာခဲ့ပါတယ် ။

ဒါဟာ Ballon D’Or ဆုပေးပွဲမှာ Club of the year ဆု ရခဲ့တဲ့ ချဲလ်ဆီး အသင်းနဲ့ ပရိသတ်တွေ အတွက် ဂုဏ်ယူစရာ အခိုက်အတန့် ဖြစ်ပြီး ၊ ၂၀၂၁ ခုနှစ် အတွင်း ၄င်းတို့ ဘယ်လောက်ထိ အောင်မြင်ခဲ့သလဲ ဆိုတာ ထင်ထင်ရှားရှား ပြသနိုင်ခဲ့တဲ့ နောက်ထပ် သက်သေ တခု ဖြစ်ခဲ့ပါတယ် ။

SPORTS MYANMAR