သွင်းဂိုး ၈၀၀ ပြည့်မြောက်သွားတဲ့ ရိုနယ်ဒို ကို ချီးကျုးစကား ဆိုခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာ မနေ့ ညက အာဆင်နယ် နဲ့ ပွဲမှာ ပရို ကစားသမား ဘ၀ သွင်းဂိုး ၈၀၀ ပြည့်မြောက် သွားခဲ့တဲ့ အသင်းဖော် ခရစ္စတီယာနို ရိုနယ်ဒို ကို ချီးကျုး စကား ဆိုသွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ အာဆင်နယ် အသင်းကို ၃-၂ နဲ့ အနိုင် ရရှိတဲ့ ပွဲမှာ မန်ယူနိုက်တက် အတွက် ၂ ဂိုး သွင်းယူ ပေးခဲ့ပြီး ဒါဟာ သူ့အတွက် ဂိုး ၈၀၀ နဲ့ ၈၀၁ ဂိုးမြောက် သွင်းဂိုးတွေ ဖြစ်စေခဲ့ ပါတယ် ။

အဆိုပါ ပွဲ အပြီးမှာတော့ ရိုနယ်ဒို ဟာ တရားဝင်မှတ်တမ်း တင်ထားနိုင်သူတွေ အထဲမှာ သွင်းဂိုး ၈၀၀ ပြည့်မြောက်တဲ့ ပထမဆုံး ဘောလုံးသမား ဖြစ်လာခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ပထမပိုင်း အစမှာပဲ အာဆင်နယ် ကွင်းလယ်လူ စမစ်ရို ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ ရပါတယ် ။

ဒီဂိုးကို ကန်သွင်းချိန်မှာ ယူနိုက်တက် ဂိုးသမား ဒီဂီယာ ဒဏ်ရာနဲ့ လဲကျနေတာကြောင့် ယူနိုက်တက် ဘက်က စောဒက တက်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် အက်ကင်ဆန် ကတော့ VAR ဆုံးဖြတ်ချက်ကို နားထောင် အပြီးမှာ ဂိုးအဖြစ် သတ်မှတ် ပေးခဲ့ ပါတယ် ။

အဆိုပါ ဂိုးကို ဘရူနို ဖာနန်ဒက်စ် က ပြန်လည် ချေပ ပေးခဲ့ပြီး ဒုတိယပိုင်း မှာတော့ ရိုနယ်ဒို က ၂ ဂိုး သွင်းယူကာ မန်ချက်စတာ ယူနိုက်တက် ကို အနိုင် ၃ မှတ် ရရှိစေခဲ့ ပါတယ် ။

“ဒါအတွက် ကျွန်တော် ဘာများ ထူးပြီး ပြောနိုင်ဦးမှာလဲ ၊ သူက တကယ့်ကို မယုံကြည်နိုင်လောက်တဲ့ ကစားသမားပါ ။ ဒါကို ကျွန်တော်တို့ အားလုံး သိပါတယ်” လို့ ဘရူနို ဖာနန်ဒက်စ် က ရိုနယ်ဒို နဲ့ ပတ်သက်ပြီး ပွဲအပြီးမှာ Amazon Prime ကို ပြောပြ သွားခဲ့ ပါတယ် ။

“သူက တပွဲပြီး တပွဲ ၊ တနှစ်ပြီး တနှစ် ၊ တရာသီပြီး တရာသီ အကောင်းဆုံး ပုံစံကို ဆက်ပြီး ထိန်းထား နိုင်ခဲ့ သူပါ ။

သူ့လို အကောင်းဆုံး အမြဲ ဖြစ်ချင်တဲ့ သူမျိုးကို အသင်းမှာ ရှိနေတာ တကယ်ကို ကောင်းတဲ့ ကိစ္စ ပါပဲ” လို့ ဖာနန်ဒက်စ် က ပြောဆို ချီးကျုး ခဲ့ ပါတယ် ။

ရိုနယ်ဒို ကတော့ သူ့ရဲ့ ဆိုရှယ် မီဒီယာ ကတဆင့် “ငါတို့ စိတ်ထဲမှာ လာမယ့် ပွဲ အတွက် ပြင်ဆင် ထားပြီး ပါပြီ ။ အခု အောင်ပွဲ ခံဖို့ အချိန် မရှီ ပါဘူး ။ ဒီနေ့ နိုင်ပွဲက အသင်းကို လမ်းကြောင်းပေါ် ပြန်ဆွဲတင်ဖို့ အရေးပါ ခဲ့ ပါတယ် ။

ဒါပေမယ့် ငါတို့ ရည်မှန်းချက် ကို ရောက်ဖို့ အရှည်ကြီး ခရီးနှင်ရ ဦးမှာပါ ။ ဒီညမှာ ပြသခဲ့တဲ့ စိတ်ဓါတ် နဲ့ ခံယူချက်တွေ အတွက် အသင်းဖော် အားလုံးကို ဂုဏ်ပြုလိုပါတယ် ။ ပရိသတ်တွေ ကိုလည်း ထူးရှယ် အားပေးမှု အတွက် ကျေးဇူးတင်ပါတယ် ။ ခင်ဗျားတို့ မရှိဘဲ ဒါကို လုပ်နိုင်မှာ မဟုတ်ပါဘူး” လို့ ရေးသား ပြောဆို ခဲ့ ပါတယ် ။

ရိုနယ်ဒို ရဲ့ သွင်းဂိုး ရာပြည့် မှတ်တမ်းများ –

ဂိုး ၁၀၀ – မန်ချက်စတာ ယူနိုက်တက် ၃-၁ တော့တင်ဟမ် ဟော့စပါး ( ၂၀၀၈ ၊ ဇန်နဝါရီ ၂၇ )

ဂိုး ၂၀၀ – ရီးရဲမက်ဒရစ် ၂ – ၀ ဗလင်စီယာ ( ၂၀၁၀ ၊ ဒီဇင်ဘာ ၄ ရက် )

ဂိုး ၃၀၀ – ဂရန်နာဒါ ၁ – ၂ ရီးရဲမက်ဒရစ် ( ၂၀၁၂ ၊ မေလ ၂ ရက် )

 

ဂိုး ၄၀၀ – ရီးရဲ မက်ဒရစ် ၃ – ၀ ဆယ်လ်တာဗီဂို ( ၂၀၁၄ ၊ ဇန်နဝါရီ ၆ ရက် )

ဂိုး ၅၀၀ – မယ်လ်မို ၀ – ၂ ရီးရဲမက်ဒရစ် ( ၂၀၁၅ ၊ စက်တင်ဘာ ၃၀ ရက် )

ဂိုး ၆၀၀ – ရီးရဲမက်ဒရစ် ၄-၁ ယူဗင်တပ် ( ၂၀၁၇ ၊ ဇွန် ၃ ရက် ) ( UCL Final )

ဂိုး ၇၀၀ – ယူကရိန်း ၂-၁ ပေါ်တူဂီ ( ၂၀၁၉ ၊ အောက်တိုဘာ ၁၄ )

ဂိုး ၈၀၀ – မန်ယူနိုက်တက် ၃-၂ အာဆင်နယ် ( ၂၀၂၁ ၊ ဒီဇင်ဘာ ၂ ရက် )

 

SPORTS MYANMAR