သွင်းဂိုး စံချိန်သစ် ၂ ခုနဲ့အတူ မာဆေးဆိုက်ဒါဘီမှာ ဂိုးပြတ်နိုင်ခဲ့တဲ့..အဲဗာတန် ၁-၄ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

မိုဆာလားနဲ့ ဟန်ဒါဆန် တို့ဟာ ဒါဘီဟီးရိုးတွေ ဖြစ်ခဲ့ကြပြီး လီဗာပူးဟာ မနေ့ညက ဂွတ်ဒီဆင်ပက်မှာ အဲဗာတန်ကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ ပွဲအစ ၉ မိနစ်မှာတင် လီဗာပူး အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ဆာလား ရဲ့ သွင်းဂိုး အတွက်လည်း ဖန်တီးပေးခဲ့ပါတယ်။

လီဗာပူးဟာ ပထမပိုင်းမှာတင် ဂိုးပြတ်နိုင်လောက်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့်လည်း ပစ်ဖို့ဒ်လက်စွမ်းပြမှု နဲ့ အခွင့်အရေး တစ်ချို့ လွဲခဲ့တာကြောင့် တတိယဂိုး မရပဲ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် တန်ပြန်တိုက်စစ်ကနေ တဆင့် ဂရေးက ဂိုးသွင်းခဲ့တာကြောင့် ပွဲဟာ ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပွဲဟာ ကြည့်ကောင်းခဲ့ပေမယ့် ဆာလားက ကိုးမန်းရဲ့ အမှားကနေ ဆွဲပြေးကာ ကန်သွင်းခဲ့တာကြောင့် လီဗာပူးတို့ တတိယဂိုး ရသွားခဲ့ပါတယ်။

အဲဒီနောက် ဂျိုတာဟာ အလန်ကို လှည့်ထွက်ကာ ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူခဲ့တာကြောင့် လီဗာပူးတို့ ၄-၁ နဲ့ နိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့..

၁~ဂိုးထပ်သွင်းခဲ့ပြန်တဲ့ ဆာလား
ဆာလားလို ကစားသမားမျိုးကို နေရာလွတ် အနည်းငယ် ပေးလိုက်မယ်ဆိုရင်တောင် ပြိုင်ဘက်ခံစစ်အတွက် တကယ့်ကို အန္တရာယ်ကြီးလှပါတယ်။

အဲဗာတန်ဟာ ဆာလားကို လိုတာထက်ပိုပြီး နေရာလွတ်တွေ ပေးခဲ့ပါတယ်။

ပထမသွင်းဂိုးမှာ ဆိုရင် ဆာလားဟာ ဟန်ဒါဆန် ခင်းပေးလိုက်တဲ့ ဘောလုံးကို ဆွဲယူပြီး ဂိုးသမားရဲ့ ညာဘက်ထောင့်ကို လှပစွာ ဝေ့ဝိုက်ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးတို့ ထိုက်တန်စွာ ဂိုးရခဲ့တာ ဖြစ်ပါတယ်။

ဒုတိယသွင်းဂိုး ကတော့ ၎င်းအတွက် လက်ဆောင် ဖြစ်ခဲ့ပေမယ့်လည်း ဆာလား အနေနဲ့ အမှားလုပ်ခဲ့တဲ့ ကိုးမန်း ဖိအားပေးနေတဲ့ ကြားထဲကနေ ကွင်းလယ်ကနေ တောက်လျှောက် ဆွဲပြေးပြီး ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဆာလားဟာ ယခုဆိုရင် ဒီရာသီ ၁၉ ပွဲမှာ ၁၉ ဂိုးထိ သွင်းယူထားခဲ့ပြီး ဖြစ်ကာ ၎င်းရဲ့ form ကတော့ တကယ့်ကို ပြောင်မြောက်လှပါတယ်။

၂~ပုံစံကောင်း ရနေတဲ့ ဟန်ဒါဆန် နဲ့ ဂျိုတာ
ဟန်ဒါဆန်ဟာ လီဗာပူးအတွက် အရေးပါလှတဲ့ အဖွင့်ဂိုးကို ဧရိယာထိပ်ကနေ လှပစွာ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဟန်ဒါဆန်ဟာ ဂိုးဖန်တီးမှု ထပ်လုပ်ပေးခဲ့သလို ကွင်းလယ်ကနေ ပွဲကို စိုးမိုးနိုင်အောင် စွမ်းဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဒီပွဲမှာ လီဗာပူးဟာ ဗန်ဒိုက် နဲ့ တီယာဂို တို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ် ဆိုတာ ကောင်းကောင်း သိထားခဲ့ပါတယ်။

ဒီပွဲကို အနိုင်ကစားဖို့ဟာ သူ့တို့အတွက် အကောင်းဆုံး လက်တုန့်ပြန်မှု ဆိုတာကိုလည်း ဟန်ဒါဆန်က ကောင်းကောင်း သဘောပေါက်ခဲ့ပါတယ်။

ဂျိုတာရဲ့ အပိတ်ဂိုးကတော့ တကယ့်ကို မယုံနိုင်စရာဖြစ်ပြီး ၎င်းရဲ့ ဘောလုံးလှည့်ထုတ်မှု အဆုံးသတ်တွေဟာ ပေါ်တူဂီ စတားရဲ့ အရည်အသွေးပဲ ဖြစ်ပါတယ်။

ဂျိုတာဟာ ပြီးခဲ့တဲ့ရာသီကလည်း လီဗာပူးအတွက် ဂိုးတွေ သွင်းယူပေးခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပြသနေပါတယ်။

ဂျိုတာဟာ ဒီရာသီ စုစုပေါင်း ၉ ဂိုး ရရှိထားခဲ့ပြီး ဖြစ်ကာ ပြီးခဲ့တဲ့ရာသီက သွင်းဂိုးနှုန်းကို မှီရန် ၄ ဂိုးသာ လိုပါတော့တယ်။

၃~ဗျူဟာမှားခဲ့တဲ့ အဲဗာတန်
တိုက်စစ်မှုး ၂ ဦး ထားကစားခဲ့တဲ့ ဗျူဟာဟာ ရဲရင့်တာလား ဒါမှမဟုတ် ဘင်နီတက်ဇ်ရဲ့ အမှားလား ဆိုတာ မေးခွန်းထုတ်စရာ ပါပဲ။

ဒါပေမယ့် ဒီပွဲရဲ့ အနေအထားအရ ဘင်နီတက်ဇ်ရဲ့ ဗျူဟာ မှားခဲ့တယ် ဆိုတဲ့ဘက်က ပိုများပါတယ်။

အလန် နဲ့ ဒူကိုရေး တို့ဟာ တီယာဂို ဟန်ဒါဆန် ဖာဘင်ညို တို့ရဲ့ ကွင်းလယ် အတွဲနဲ့ ယှဉ်ခဲ့ရပြီး ကွင်းလယ်ပိုင်းမှာ နေရာလွတ်တွေ များစွာ ဖြစ်နေကာ နောက်တန်းက ပေါက်ထွက်နေခဲ့ပါတယ်။

လီဗာပူး အနေနဲ့ ပထမပိုင်း မိနစ် ၂၀ အတွင်းမှာတင် အနည်းဆုံး ၄ ဂိုး ၅ ဂိုး ရသင့်ခဲ့တာ ဖြစ်ပြီး ဂိုးသမား ပစ်ဖို့ဒ် လက်စွမ်းပြခဲ့ပြီး လီဗာပူးတို့ အသုံးမချနိုင်ခဲ့တာကြောင့်သာ သက်သာရာ ရခဲ့တာပါ။

အဲဗာတန် အနေနဲ့ လီဗာပူးကို အသာရဖို့ အတွက် ဆိုရင် ဘောလုံး ရနေဖို့ လိုအပ်ပြီး ဧည့်သည် အသင်းဟာ အဲဗာတန်ရဲ့ ကွင်းလယ် နေရာလွတ်တွေကို ကောင်းကောင်း အသုံးချကာ အခွင့်အရေး များစွာ ဖန်တီးခဲ့ပါတယ်။

၄~ဂွတ်ဒီဆင်ပက်မှာ စိုက်ထူခဲ့တဲ့ သွင်းဂိုး မှတ်တမ်း
လီဗာပူးဟာ ဂွတ်ဒီဆင်ပက်မှာ ပထမပိုင်းမှာတင် သွင်းဂိုး မှတ်တမ်း ၂ ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။

ယခုဆိုရင် လီဗာပူးဟာ လွန်ခဲ့တဲ့ ၁၉၂၆-၂၇ ရာသီက ဆန်းဒါးလန်းရဲ့ ၁၇ ပွဲဆက် အနည်းငယ် ၂ ဂိုး သွင်းယူခဲ့တဲ့ စံချိန်ကို ၁၈ ပွဲဆက် ဒီလို လုပ်ပြခဲ့ပြီး စံချိန်သစ် တင်ခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးဟာ လွန်ခဲ့တဲ့ ၁၈၈၈-၈၉ ရာသီက ပရက်စတန်ရဲ့ အဝေးကွင်း ၁၃ ပွဲဆက် အနည်းဆုံး ၂ ဂိုး သွင်းနိုင်ခဲ့တဲ့ မှတ်တမ်းကိုလည်း ၁၄ ပွဲဆက် အနည်းဆုံး ၂ ဂိုးသွင်းကာ စံချိန်သစ် ရရှိခဲ့ပါတယ်။ တကယ့်ကို ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ပါပဲ။

၅~ခပ်ကြမ်းကြမ်း ကစားတဲ့ ဗျူဟာနဲ့ လီဗာပူးရစ်သမ်ကို ပျက်စေခဲ့တဲ့ အဲဗာတန်ရဲ့ ဗျူဟာ
ဒါဘီပွဲစဉ် ဖြစ်တာနဲ့ လိုက်လျောညီစွာ ပေါလ်တီယာနေးဟာ ပထမပိုင်းမှာတင် အဝါကတ် ငါးကတ်ထုတ်ခဲ့ရပြီး အဲဗာတန်ဘက်က တောင်ဆန်း ၊ ဂရေး ၊ အလန် ၊ ဂရေး နဲ့ လီဗာပူး ဘက်က တီယာဂို တို့ အဝါကတ်တွေ ထိခဲ့ပါတယ်။

အဲဗာတန်ဟာ ပွဲအစပိုင်းမှာ ဧည့်သည်အသင်းရဲ့ တောက်လျှောက် တိုက်စစ်ဆင်မှုတွေအောက်မှာ ရုန်းကန်ခဲ့ရပေမယ့် ပွဲချိန် ၂၅ မိနစ်ကျော်မှာတော့ ခပ်ကြမ်းကြမ်း ကစားတဲ့ ဗျူဟာကို ခင်းခဲ့ပါတယ်။

ဒါဟာ မှန်ကန်တဲ့ ဗျူဟာ ဖြစ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး လီဗာပူးတို့ ရစ်သမ်ပျက်သွားခဲ့တဲ့ အပြင် နောက်တန်းမှာ ဟာကွက်တွေ ဖြစ်နေတာကို အခွင့်ကောင်းယူကာ ပထမပိုင်း မပြီးခင် ဂရေးဟာ ရစ်ချာလဆင်ရဲ့ ဖန်တီးမှုကနေ တဆင့် ဂိုးသွင်းယူခဲ့ပါတယ်။

ဒါပေမယ့် ကိုးမန်းရဲ့ အမှားကနေ ဆာလားက လီဗာပူး အတွက် တတိယဂိုး သွင်းယူလိုက်ချိန်မှာတော့ အဲဗာတန်တို့ ပြန်လာနိုင်ရန် တအား ခက်ခဲသွားခဲ့ပါတယ်။

SM