သူ အနီကတ် မထိသင့်ကြောင်း ထုတ်ဖော်ပြောဆိုလာတဲ့ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း က သူ ဟာ မနေ့ညက ကစား ခဲ့တဲ့ လီဗာပူး နဲ့ ပွဲမှာ အများ ပြောဆို နေကြသလိုမျိုး အနီကတ် ထိသင့်တယ်လို့ မခံစား ရမိကြောင်း ဖွင့်ဟ ပြောဆို လာခဲ့ ပါတယ် ။

စပါး ဟာ လီဗာပူး ကို လန်ဒန် မှာ ဧည့်ခံ ကစားခဲ့ပြီး သူတပြန် ကိုယ်တပြန် သွင်းဂိုးတွေ နဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။

ဒီပွဲမှာ ကိန်း ရဲ့ ရောဘတ်ဆန် အပေါ် ဖျက်ထုတ်မှု ၊ ရောဘတ်ဆန် အနီကတ် ထိမှု အပါအဝင် ကွင်းလယ်ဒိုင် ရဲ့ ဆုံးဖြတ်ချက် အချို့ဟာ ဒွိဟ ဖြစ်စရာ ၊ ဝေဖန်စရာ ဖြစ်စေခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲဟာ အပြန်အလှန် သွင်းဂိုးတွေ ၊ ခြိမ်းခြောက်မှုတွေ ၊ အခွင့်အရေး ဖန်တီးမှုတွေ နဲ့ အလွန် ကြည့်ကောင်းခဲ့ ပါတယ် ။

စပါး ဟာ ပွဲအစ ၁၄ မိနစ် မှာ ကိန်း ရဲ့ အဖွင့်ဂိုးကို ရရှိခဲ့ပြီး အဲ့ဒိ နောက်ပိုင်းမှာလည်း တန်ပြန် တိုက်စစ် ကနေ ၂-၀ ၊ ၃-၀ လောက်အထိ ဖြစ်နိုင်တဲ့ အခွင့်အရေး များစွာကို ရခဲ့ပေမယ့် အလီ ၊ ဆွန် ၊ ကိန်း တို့ အသုံးမချ နိုင်ခဲ့ ကြပါဘူး ။

လီဗာပူး ကလည်း ဖြတ်တင်ဘောတွေ ၊ ကန်သွင်းချက်တွေ နဲ့ စပါး ဘက်ကို ခြိမ်းခြောက် ခဲ့ပြီး ဒီယေဂို ဂျိုတာ က ပထမပိုင်း မှာတင် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ ပါတယ် ။

စပါး ဂိုးသမားကြီး လိုရိစ် ကတော့ ဒီနေ့ပွဲမှာ လီဗာပူး ဘက်က အခွင့်အရေးတွေ ကို လက်စွမ်းပြ ကာကွယ် ပေးသွားခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာလည်း လီဗာပူး က ဖိကစား ၊ စပါး က တန်ပြန် တိုက်စစ် တွေ နဲ့ သူတပြန် ကိုယ်တပြန် အခွင့်အရေး ကိုယ်စီ နဲ့ စိတ်လှုပ်ရှား စရာကောင်းတဲ့ ပွဲ ဖြစ်ခဲ့ ပါတယ် ။

ဒုတိယပိုင်း မိနစ် ၇၀ မှာတော့ အန်ဒီ ရောဘတ်ဆန် က လီဗာပူး အတွက် ဦးဆောင်ဂိုး ကို ပြန်လည် သွင်းယူ ပေးခဲ့ ပါတယ် ။

ဒါပေမယ့် ၄ မိနစ်သာ ခံခဲ့ပြီး အဲလစ်ဆင် ဘက်ကာ ရဲ့ မှားယွင်းမှုကနေ ဆွန်ဟောင်မင် က စပါး အတွက် ချေပဂိုး ပြန်သွင်းသွားခဲ့ ပါတယ် ။

ပွဲချိန် ၇၇ မိနစ် မှာတော့ လီဗာပူး နောက်ခံလူ အန်ဒီ ရောဘတ်ဆန် ဟာ ဒုတိယ အဝါကတ် ပြသခံရပြီး ထုတ်ပယ် ခံခဲ့ရ ပါတယ် ။ အဆိုပါ ဖြစ်ရပ် မတိုင်ခင် ပထမပိုင်းမှာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း က ရောဘတ်ဆန် ကို ခြေစုံပစ် ဝင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် တီယာနေး ကတော့ အဝါကတ်သာ ပြသခဲ့ တာကြောင့် ပွဲ အပြီးမှာ ဝေဖန် စရာတွေ ဖြစ်စေခဲ့ ပါတယ် ။

ဒါပေမယ့် ကိန်း ကတော့

 

“ကျွန်တော် ဖျက်လိုက်တဲ့ ပုံစံ က နည်းနည်းတော့ ပြင်းသွား ပါတယ် ၊ ဒါပေမယ့် ဘောလုံးကို ကျွန်တော် ထိလိုက်ပါတယ် ၊ ဒါကြောင့် အနီကတ် ဖြစ်သင့်တယ်လို့ ကျွန်တော် မထင်ပါဘူး ။

ထိပ်သီး အသင်းချင်း ကစားတဲ့ ပွဲတွေမှာ ဆိုရင် ပြင်းထန်တဲ့ အားထုတ်မှုတွေကြောင့် ဒီလို ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေက ရှိနေမှာပါ ။

သူတို့ ( ဒိုင် ) ဒါကို သေချာ စစ်ဆေးပြီးမှ ကျွန်တော့ကို အဝါကတ် ပြဖို့ ဆုံးဖြတ်ခဲ့တာပါ ၊ ဒါကြောင့် ကျွန်တော်တို့ ဆက် ကစားခဲ့တာပါပဲ”

 

“ရောဘတ်ဆန် ကိုယ်တိုင်တောင် ကျွန်တော် အနီကတ် မထိသင့်ဘူးလို့ ကျွန်တော့ကို လာပြောခဲ့ တာပါ ။

ဘောလုံးမှာ တခါတလေ ဒီလိုမျိုးက ဖြစ်တတ်ပါတယ် ၊ ဒီအတွက် VAR ကို တပ်ထားတာပါ ။

အခု အရမ်း အလုပ်များတဲ့ ကာလကို ရောက်နေပါပြီ ၊ ဒီအတွက် အချိန်ကုန်ခံ မနေသင့်ပါဘူး” လို့ ကိန်းက ပွဲ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး ပရိသတ်တွေ ကတော့ ကိန်း နဲ့ ရောဘတ်ဆန် ဖြစ်ရပ်တွေ အဖြစ် ဒီယေဂို ဂျိုတာ ကို ဧရိယာ အတွင်း တွန်းလှဲ ခံရမှု မှာ ပင်နယ်တီ သတ်မှတ် မပေးခဲ့မှု ကိုလည်း ဒေါသထွက် ခဲ့ကြပါတယ် ။

လီဗာပူး ဟာ ဒီ သရေ ပွဲကြောင့် မန်စီးတီး ကို ၁ မှတ်အကွာ နဲ့ ဖိအားပေး နေရာကနေ ၃ မှတ်အထိ ကွာဟ သွားခဲ့ရပြီ ဖြစ်ပါတယ် ။

 

SPORTS MYANMAR