သူ့ရဲ့ ပထမဆုံး ရှုံးပွဲအတွက် ပေါက်ကွဲခဲ့တဲ့ ဘာစီလိုနာ နည်းပြ ဇာဗီ

ဘာစီလိုနာ အသင်းဟာ မနေ့ ညက အိမ်ကွင်းမှာ ရီးရဲ ဘက်တစ် အသင်းကို ဧည့်ခံ ကစားပြီး ၁-၀ နဲ့ ရှုံးနိမ့် ခဲ့ ပါတယ် ။ ဒါဟာ ဘာစီလိုနာ နည်းပြသစ် ဇာဗီ လက်ထက် မှာ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ ခဲ့တာ ဖြစ်ပြီး အဆင့် ၁ နေရာက ရီးရဲ မက်ဒရစ် နဲ့ အမှတ်များစွာ ကွာဟ သွားခဲ့ရပြီ ဖြစ်ပါတယ် ။

ဇာဗီ ဟာ အခြေယိုင် နေတဲ့ ဘာစီလိုနာ အသင်းကို ရော်နယ် ကိုးမန်း လက်ထဲ ကနေ လွှဲပြောင်း ကိုင်တွယ် ခဲ့တာ ဖြစ်ပြီး နောက်ဆုံး ကစားတဲ့ အမှတ်ပေး ၂ ပွဲ ကို အနိုင် ရအောင် စွမ်းဆောင် ထားခဲ့ ပါတယ် ။

ဒါပေမယ့် မနေ့ညက အိမ်ကွင်း ရှုံးပွဲ ကတော့ ဘာစီလိုနာ ဟာ ကိုးမန်း လက်ထက် ကနဲ့ ကွဲပြားမှု မရှိသေးဘူး ဆိုတာကို ပြသ သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ ဒီရလဒ်ထက် ပိုပြီး ထိုက်တန်ပါတယ် ၊ ပွဲပြီးသွားချိန်မှာ ဘာမှ ရအောင် မယူနိုင်ခဲ့တာ တကယ် ရှက်စရာ ပါပဲ ။ ဒီပွဲကို အနိုင်ရမယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ကစားခဲ့တာပါ ။

ပေးလိုက်ရတဲ့ ဂိုးက တော်တော်လေး ဒေါသထွက်စရာ ကောင်းပါတယ် ။ ဘာလို့လည်း ဆိုတော့ ဒီလိုပုံစံမျိုး ကနေ ဂိုးမပေးရအောင် ကျွန်တော်တို့ အချိန်ကုန်ခံပြီး လေ့ကျင့် ထားခဲ့လို့ပါ ။

ဒီပွဲက မရှုံးထိုက် ပါဘူး”

“မိနစ် ၂၀-၂၅ မိနစ်လောက် ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် လိုအပ်ချက်တွေ ကတော့ အများကြီး ပါပဲ ။ ဒုတိယပိုင်း မှာ ဘက်တစ် ရဲ့ တန်ပြန် တိုက်စစ်တွေကို ခုခံဖို့ ပိုပြီး ဘာစီလိုနာ ဆန်ဆန် ကစားဖို့ လိုအပ်ခဲ့ ပါတယ် ။ ဒီလို ဂိုးမျိုးတွေ ထပ်ပြီး ခွင့်ပြု နေလို့ မဖြစ်ပါဘူး” လို့ ဇာဗီ က ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

ရှုံးပွဲ ကြားက သတင်းကောင်း တခုကတော့ မနေ့ညက ပွဲမှာ မူးဝေပြီး လူစားလဲ ခဲ့ရတဲ့ လူငယ် ကစားသမားလေး ဂါဘီ ရဲ့ အခြေအနေဟာ စိုးရိမ်ရမှု မရှိဘဲ လာမယ့် ရက်အတွင်း ပြန်လည် လေ့ကျင့်မှု ပြုလုပ် နိုင်ဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ ဟာ လာမယ့် ကြားရက် မှာတော့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြုးနစ် ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ် ။ အဲ့ဒိပွဲမှာ ဘာစီလိုနာ အနေနဲ့ ဘိုင်ယန် ကို အနိုင် မကစားနိုင်ခဲ့ဘူး ဆိုရင် တဘက်ပွဲစဉ် က ရလဒ်ကို စောင့်ကြည့် ရတော့မှာပါ ။

အကယ်၍ ဘင်ဖီကာ သာ တဘက်ပွဲစဉ်မှာ နိုင်သွားခဲ့မယ် ဆိုရင်တော့ ဘာစီလိုနာ တို့ ယူရိုပါလိဂ် ကို ဆင်းသက် ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR