သူ့ရဲ့ စတား ၂ ယောက်ကို ဘာစီလိုနာ နဲ့ အသံထွက်ပေးလိုက်တဲ့ မီနို ရွိုင်းအိုလာ

မီနို ရွိုင်းအိုလာ ကတော့ ဘာစီလိုနာ အသင်းနဲ့ ရွှေလမ်း ငွေလမ်း ဖောက်ဖို့ စိတ်ကူး ထားပုံ ရပါတယ် ။

လက်ရှိ မှာ ဘာစီလိုနာ ဟာ မက်ဆီ မရှိ ၊ အမှတ်ပေး ချန်ပီယံ ဆု နဲ့ အလှမ်းဝေး နေသလို ချန်ပီယံလိဂ် အုပ်စု အဆင့် ကနေ ၂၁ နှစ် အတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် နောက်တဆင့် မတက်နိုင်ဘဲ ယူရိုပါလိဂ် ကို ဆင်းခဲ့ရ ပါတယ် ။

ဘာစီလိုနာ ကို ကွင်းလယ်လူဟောင်း ဇာဗီ က ပြန်လည် ကိုင်တွယ် နေပေမယ့် စိတ်ကြိုက် ပြုပြင် ပုံသွင်း နိုင်ဖို့ ကတော့ အခက်အခဲ များစွာ ကို ဖြတ်ကျော် ရဦးမှာပါ ။

ဒီအချိန် မှာ ဘာစီလိုနာ ဟာ အကျဘက် ကို ရောက်နေပြီး ကစားသမား ကောင်းတွေကို ဆွဲဆောင် နိုင်ဖို့ အလားအလာ နည်းပါး နေပါတယ် ။

ဒါပေမယ့် စူပါ အေးဂျင့် တယောက် ဖြစ်တဲ့ ရွိုင်းအိုလာ ကတော့ ဘာစီလိုနာ ဟာ အနိမ့် အမြင့် အတက် အကျ သဘော အရ နောက်တကြိမ် ပြန်လည် ဦးမော့ လာဦးမယ်လို့ ယုံကြည် ထားပြီး အဲ့ဒိ အချိန် မှာ ထိပ်တန်း ကစားသမားတွေ ကို ငွေသုံးပြီး ခေါ်နိုင်တဲ့ အသင်း ပြန်ဖြစ်လာမယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ဘာစီလိုနာ က ကမ္ဘာ့ အကောင်းဆုံး အသင်း တသင်း အဖြစ်ကို ပြန်ပြီး ရောက်လာမှာပါ ၊ လက်ရှိ သူတို့ ခက်ခဲ နေပေမယ့် ၁ နှစ် ၂ နှစ် အတွင်းမှာပဲ အရင် အနေအထားကို ပြန်ရောက် သွားနိုင်ပါတယ် ။

ဘာစီလိုနာ မှာ ကြီးမားတဲ့ ဘဏ္ဍာရေး သဘောတူညီမှု ( စပွန်ဆာ ) တွေကို ရယူနိုင်တဲ့ အရှိန်အဝါတွေ ၊ ကောင်းမွန်တဲ့ သမိုင်းကြောင်းတွေ ရှိနေပြီးသားပါ ။

အချိန်သာ ပေးလိုက်ပါ ၊ ၁ နှစ် ၂ နှစ် မှာ သူတို့ ထိပ်ကို ပြန်ရောက် လာပါလိမ့်မယ်” လို့ ရွိုင်းအိုလာ က ဘာစီလိုနာ ရဲ့ အနာဂါတ် ကို သုံးသပ် ထားခဲ့ ပါတယ် ။

ဒီလို သုံးသပ်မှု နဲ့ အတူ ရွိုင်းအိုလာ က သူ တာဝန်ယူပေး ထားတဲ့ စတား ကစားသမားတွေ ထဲက အာလင်း ဟာလန်း နဲ့ ဒီလစ် တို့ ၂ ဦး ကိုလည်း ဘာစီလိုနာ က ခေါ်ယူ ဖို့ အလားအလာ ရှိလာ နိုင်ကြောင်း စကားခင်း သွားခဲ့ ပါတယ် ။

ဟာလန်း ဟာ ဒေါ့မွန် ကနေ ရာသီအကုန်မှာ ထွက်ဖွယ် ရှိနေပြီး ဒီလစ် ကလည်း ယူဗင်တပ် ရဲ့ အနေအထား တွေကြောင့် အခြား အသင်းကြီး တသင်းကို ပြောင်းရွှေ့ဖို့ စိတ်ကူး နေတယ်လို့ သတင်း ထွက်နေသူ ဖြစ်ပါတယ် ။

“ဟာလန်း က ဘာစီလိုနာ ( ကမ်းလှမ်းတာကို ) ကို စောင့်နိုင်မလား ၊ ဘာလို့ မစောင့်နိုင် ရမှာလဲ ။

ဘယ် အသင်းနဲ့မှ သူ သဘောတူထားတာ မရှိပါဘူး ၊ ဒီတော့ ဘယ်အသင်းကို မဆို သူ စောင့်နိုင်ပါတယ် ။

ဖြစ်နိုင်ချေတွေထဲကမှ အကောင်းဆုံးကို ကျွန်တော်တို့ ကြည့်သွားမှာပါ”

“ဒေါ့မွန် မှာ နောက်တနှစ် ထပ်မနေဘူး လို့လည်း မပြောနိုင် ပါဘူး ။ သီအိုရီ အရ ( စာချုပ် သက်တမ်း ကျန်နေ သေးတာကြောင့် ) သူ ဒေါ့မွန် မှာ ဆက်ရှိ နိုင်ပါတယ် ။

ဒီလစ် ကတော့ နောက်တဆင့် ကို လှမ်းတက်ဖို့ အဆင်သင့် ဖြစ်နေ ပါပြီ ။ သူ ကိုယ်တိုင်လည်း ဒါကို တွေးတော့ နေမှာပါ” လို့ ရွိုင်းအိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

 

ဒီလစ် ဟာ ယူဗင်တပ် ဆီ မပြောင်းရွှေ့ မီက ဘာစီလိုနာ နဲ့ သတင်း ထွက်ခဲ့သူ ဖြစ်ပြီး သူနဲ့ အတူ အိုင်ယက်စ် အကယ်ဒမီ ကနေ ထင်ရှား လာတဲ့ နယ်သာလန် ကွင်းလယ်လူ ဒီယွန် ဟာ ဘာစီလိုနာ ကို ပြောင်းရွှေ့ ကစား နေပြီ ဖြစ်ပါတယ် ။

ယူဗင်တပ် ကတော့ ဒီလစ် ကို ခေါ်ယူ ခဲ့တဲ့ ယူရို ၇၅ သန်း ကို ပြန်ရဖို့ မမျှော်လင့် ထားပေမယ့် အလွန် နည်းပါးတဲ့ ဈေးနဲ့ ရောင်းထုတ် ဖို့ ကိုတော့ စိတ်ကူးမှာ မဟုတ်ဘူးလို့ သိရ ပါတယ် ။

ဒါပေမယ့် စာချုပ် သက်တမ်း ကုန်ဖို့ တဖြည်းဖြည်း နီးကပ် လာချိန်မှာ သက်သာတဲ့ ဈေးနှုန်းနဲ့ ပြောင်းရွှေ့လို့ ရအောင် လုပ်ဆောင်ပြီး အကျိုးဆောင်ခ များများ ရယူတတ်တဲ့ ရွိုင်းအိုလာ ရဲ့ ဗျူဟာ အရ ဆိုရင်တော့ ဒီလစ် ရော ဟာလန်း ကိုပါ အသင်း တသင်းတည်းက လက်လှမ်းမီ နိုင်ဖို့ အလားအလာ ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR