” သူရောက်လာတဲ့နောက် အဲ့တာတွေ ပျောက်ဆုံးသွားခဲ့တယ် ” ရော်နယ်ဒိုကို ဝေဖန်ထိုးနှက်လိုက်တဲ့ ဂျူဗင်တပ် ဂန္တဝင် ဘူဖွန်

ဂျူဗင်တပ် အသင်းရဲ့ ပရိသတ် အချစ်တော် ဂန္တဝင် ဂိုးသမားဟောင်း တစ်ဦး ဖြစ်သူ ဂျီယန်လွီဂီ ဘူဖွန် ယာ ယူနိုက်တက် တိုက်စစ်မှူး ဖြစ်သူ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒို ကို ဝေဖန် ထိုးနှက်တဲ့ နောက်ထပ် အီတလီသား ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါပြီ ။

ယခင်တုန်းကတော့ ဘူဖွန်ရဲ့ ကလပ်နဲ့ လက်ရွေးစင် အသင်းဖော်တွေ ဖြစ်ကြတဲ့ ဂျော်ဂျီယို ချီလီနီ နဲ့ လီယိုနာဒို ဘိုနူချီ တို့ဟာ ပေါ်တူဂီသားရဲ့ အနှုတ်လက္ခဏာ ဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ အကြောင်းကို ထုတ်ဖော် ဝေဖန်ခဲ့ကြပါသေးတယ် ။

 

ရော်နယ်ဒိုဟာ ဂျူဗင်တပ် အသင်းမှာ ရှိနေခဲ့စဉ်တုန်းက အသင်းနဲ့ အတူ ပြည်တွင်း ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့သလို သူ့ရဲ့ အဓိက တာဝန် ဖြစ်တဲ့ ဂိုးတွေကိုလည်း များစွာ သွင်းယူနိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ပရိသတ်တွေ မြင်လိုနေကြတဲ့ ချန်ပီယံလိဂ် ဖလားရအောင်တော့ မကူညီပေးနိုင်ခဲ့ပါဘူး ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဂျူဗင်တပ် အသင်းဟာ ဆွတ်ခူးနေကျဖြစ်တဲ့ စီးရီးအေ ဖလားကို အင်တာမီလန် အသင်းဆီပါ လက်လွှတ်ပေးခဲ့လိုက်ရပါတယ် ။ အဲ့ဒီနောက် ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ 12 နှစ် အကြာမှ ပြန်လည် ပြောင်းရွှေ့လာခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ ဂျူဗင်တပ် အသင်းရဲ့ နောက်ခံလူ 2 ဦးဖြစ်ကြတဲ့ ချီလီနီ နဲ့ ဘိုနိုချီ တို့က အီတလီမြေမှာ အသင်း အတွက် 134 ပွဲ ကစားပြီး 101 ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ အသင်းဖော်ဟောင်းကို ဝေဖန်ခဲ့ကြပါသေးတယ် ။ အခုတော့ ဒီစာရင်းမှာ ဘူဖွန်လည်း ပါဝင်လာခဲ့ပါပြီ ။

ဘူဖွန် ကတော့ ဂျူဗင်တပ် အသင်းဟာ ရော်နယ်ဒို စတင် ပြောင်းရွှေ့လာခဲ့တဲ့ ပထမဆုံး ရာသီမှာ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးတွေ ရှိနေခဲ့ကြောင်း ဘာဖြစ်ခဲ့သလဲ ဆိုတာကိုတော့ သူလည်း မသိကြောင်း ပြောဆိုခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” သူ ( ရော်နယ်ဒို ) ရောက်လာခဲ့တဲ့ ပထမဆုံး ဘောလုံး ရာသီမှာ ဂျူဗင်တပ် အသင်းဟာ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ထိ နီးစပ်ခဲ့ပါသေးတယ် ။ အဲ့ဒီတုန်းက ကျွန်တော်ဟာ PSG မှာပေါ့ဗျာ ။ အသင်းမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး ”

” ကျွန်တော် အသင်းဆီကို ပြန်လာခဲ့တဲ့နောက် ရော်နယ်ဒို နဲ့ အတူ 2 နှစ်လောက် အလုပ် လုပ်ဖြစ်ခဲ့ပါသေးတယ် ။ ကျွန်တော်တို့တွေဟာ အလုပ်တွေ ကောင်းကောင်း လုပ်နိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ဂျူဗင်တပ်ဟာ အသင်း အဖွဲ့ တစ်ခုလို အလုပ်လုပ်တဲ့ DNA ပျောက်ဆုံးနေပြီလို့ ကျွန်တော် ခံစားခဲ့ရပါတယ် ”

” ကျွန်တော်တို့ 2017 တုန်းက ချန်ပီယံလိဂ် ဖိုင်နယ် အဆင့်ကို တက်နိုင်ခဲ့ပါသေးတယ် ။ အဲ့ဒီတုန်းက ကျွန်တော်တို့ဟာ အတွေ့အကြုံ ပြည့်ဝ ကောင်းမွန်တဲ့ အသင်းအဖွဲ့မျိုး ဖြစ်နိုင်ခဲ့တယ်လေ ။ ကျွန်တော်တို့ အားလုံးဟာ အဲ့ဒီတုန်းက အသင်းအဖွဲ့ တစ်စု ဖြစ်နိုင်ခဲ့ကြပါတယ် ”

” ကျွန်တော်တို့ အသင်းမှာ နေရာတစ်ခု ရနိုင်ဖို့ အတွက် ပြိုင်ဆိုင်မှုတွေ အမြဲတမ်း ရှိနေခဲ့ပါတယ် ။ ကျွန်တော်တို့ စိတ်ဓါတ်တွေ ပြင်းထန်ခိုင်မာခဲ့ကြပါတယ် ။

ဒါပေမဲ့ ရော်နယ်ဒို ရောက်လာတဲ့နောက် အဲ့တာတွေဟာ ပျောက်ဆုံးခဲ့တာပါပဲ ” လို့ ဘူဖွန်က ဝေဖန် ထိုးနှက်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar